ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်စည်ပင်သာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က နှင့် တရားထပ်စွဲထားသည်ဟု စစ်ကောင်စီက ယမန်နေ့ (ဒီဇင်ဘာ ၂၂) တွင် အသိပေးခဲ့ကြောင်း ဝန်ကြီးချုပ်၏ ရှေ့နေ ဦးအေးကျော်သန်းထံမှ သိရသည်။
တရားစွဲသူမှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွန်းဖြစ်ကြောင်း၊ Video Conferencing ခေါ် အွန်လိုင်းရုပ်သံစနစ်နှင့် အွန်လိုင်းမှ စတင်စစ်ဆေးမည့်ရက်ကို ယမန်နေ့က ရုံးချိန်းပေးခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ထိုရှေ့နေက ဆိုသည်။
“ကျွန်တော်တို့တော့ အမှုတွဲကို မကြည့်ရသေးဘူး။ မနေ့က Video Conferencing နဲ့ ရုံးချိန်းပေးတယ်လို့ ပြောတယ်။ စစ်ဆေးတဲ့အဆင့် မဟုတ်သေးဘူး။ သူတို့ကို ဒီလိုစွဲထားတဲ့အကြောင်းကို အသိပေးပြီး ရုံးချိန်းချိန်းတာ”ဟု တရားလွှတ်တော်ရှေ့နေ ဦးအေးကျော်သန်းက ဆိုသည်။
ယင်းအမှုကို လာမည့် ဇန်နဝါရီ ၅ တွင် စတင်စစ်ဆေးရန် ရုံးချိန်းပေးထားကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သော ဦးညီပုက ထိုသို့ အမှုတိုးမည်၊ “တစ်မျိုး မဟုတ်ရင် တစ်မျိုး” ထပ်စွဲနေဦးမည်ဟု မှတ်ချက်ပြုကြောင်း ရှေ့နေက ပြောသည်။
ဦးညီပု ဖမ်းဆီးခံထားရစဉ် ထွက်ပေါ်လာသော NLD ပါတီ၏ စစ်အာဏာသိမ်းမှုကို သဘောမတူကြောင်း ထုတ်ပြန်သည့် ကြေညာချက်ကြောင့်ဟုဆိုကာ စစ်တွေမြို့နယ်တရားရုံးက အောက်တိုဘာ ၈ တွင် နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ထားသည်။
ထိုအမှုကို အယူခံတက်ရာတွင် စစ်တွေခရိုင်တရားရုံးက နေ့ချင်း ပယ်ချခဲ့ကြောင်း၊ ပြည်နယ်တရားလွှတ်တော်၌ ဆက်လက်အယူခံတင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၁၂ က စစ်တွေမြို့မရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နှင့် အမှုဖွင့်ခံခဲ့ရသည့် ဦးညီပုသည် ဝန်ကြီးများဖြစ်ကြသည့် ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်၊ ဝန်ကြီးဟောင်း ဦးမင်းအောင်တို့နှင့်အတူ အမှု ပူးတွဲရင်ဆိုင်နေရသည်။ ထိုအမှုတွင် တရားလိုပြသက်သေများကို စစ်ဆေးနေဆဲ ဖြစ်သည်။
ဦးညီပုကို အဂတိအမှု သုံးမှုဖြင့် စွဲထားပြီး စက်တင်ဘာလမှစ၍ စတင်စစ်ဆေးနေသည်။
ဝန်ကြီးဟောင်း တောင်ကုတ်မြို့နယ်အမတ် ဦးမင်းအောင်သည်လည်း ခွင့်ပြုချက်မဲ့ဆန္ဒပြသည်ဟုဆိုကာ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ ၂၅ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ လ ချမှတ်ခံထားရသည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁ တွင် မဲစာရင်းအကြောင်းပြ အာဏာသိမ်းလိုက်ပြီး NLD ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များကို ဖမ်းဆီးထိန်းသိမ်းကာ နှစ်ရှည်ထောင်ချနိုင်မည့် ပုဒ်မများဖြင့် တရားစွဲအမှုဖွင့်နေသည်။
မဲစာရင်းမှားယွင်းသည်ဟုဆိုကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက နိုဝင်ဘာဒုတိယအပတ်တွင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် စုစုပေါင်း ၁၆ ဦးကို ၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများ ကျူးလွန်သဖြင့် တရားစွဲဆိုထားကြောင်း ၎င်းတို့၏ ဝါဒဖြန့်သတင်းစာတွင် ထုတ်ပြန်သည်။
ထို့နောက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီး ဦးမင်းသူ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များဖြစ်သော ဦးမြင့်နိုင်၊ ဦးသန်းဌေးတို့လည်း ပါဝင်သည်။
အမရပူရမြို့နယ်တရားရုံးတွင် ပုဒ်မ ၁၇၁(စ) ၊ အောင်မြေသာစံမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) တို့နှင့် အမှုထပ်ဖွင့်ထားကြောင်း ဒေါက်တာဇော်မြင့်မောင်ကို နိုဝင်ဘာ ၂၂ တွင် အသိပေးခဲ့သည်။
ပြစ်မှုထင်ရှားပါက ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) တွင် ပြဋ္ဌာန်းထားသည်။
ယမန်နေ့ ဒီဇင်ဘာ ၂၂ မှာပင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ယခုလအတွင်းက စွဲဆိုထားသည့် ပုဒ်မ ၁၃၀(က) ဖြင့်ပင် ထောင်သုံးနှစ်ချမှတ်လိုက်သည်။ အသက် ၆၇ နှစ်အရွယ် နန်းခင်ထွေးမြင့်ကို အာဏာသိမ်းဗိုလ်ချုပ်ကြီးများက ချမှတ်ခဲ့သော ထောင်ဒဏ်စုစုပေါင်းမှာ နှစ် ၈၀ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)