ထောင် ၁၁ နှစ် ချခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ရွေးကောက်ပွဲနှင့် ပတ်သက်၍ စွဲဆိုထားသည့် အမှုနှင့် ပတ်သက်ပြီး ယနေ့ (ဖေဖော်ဝါရီ ၁၄) စစ်တွေထောင်တွင်းအထူးတရားရုံး၌ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း ထိုအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှ သိရသည်။
ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ဖြင့် ယမန်နှစ် ဒီဇင်ဘာအတွင်း ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
သဇင်ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့မှ ရှေ့နေအဖွဲ့က ထိုအမှုကို လိုက်ပါဆောင်ရွက်နေခြင်း ဖြစ်ပြီး ဦးသူရိန်ထွဋ်ကို ဖေဖော်ဝါရီ ၇ က စစ်ဆေးခဲ့ကြောင်း ရှေ့နေတစ်ဦးက ပြောသည်။
“ဒီနေ့ကတော့ တရားလိုပြသက်သေတစ်ယောက်ကို စစ်ဆေးခဲ့တယ်။ နောက်ထပ် ၂၃ ရက်နေ့ကို ရုံးချိန်းပါတယ်။ အဲဒီနေ့မှာ ကျန်တဲ့ တရားလိုပြသက်သေတစ်ယောက်ကို စစ်ဆေးပါမယ်” ဟု ၎င်းက ဆိုသည်။
ယနေ့ ထောင်တွင်းတရားရုံး၌ ကြားနာစစ်ဆေးစဉ် ဦးညီပုနှင့် ဦးမင်းအောင်တို့နှစ်ယောက်လုံးမှာ ကျန်းမာရေးကောင်းမွန်သည်ဟု ရှေ့နေက ပြောသည်။
“ကျန်းမာရေးတွေကောင်းပါတယ် နှစ်ယောက်စလုံးက။ မှတ်ချက်ပေးတာတွေ ဘာတွေတော့ မရှိဘူး။ ဒီနေ့ ပြောသွားတဲ့အထဲမှာတော့ (ဦးညီပုက) သက်သေထွက်ဆိုထားတာနဲ့ စွဲဆိုထားတာနဲ့ တခြားစီဆိုပြီး တစ်ခွန်းထောက်သွားတာပေါ့ ကျွန်တော်တို့ကို။ သူတို့တွေက ကျန်းကျန်းမာမာ လန်းလန်းဆန်းဆန်းပါပဲ” ဟု ၎င်းက ဆိုသည်။
ထိုအမှုနှင့် ပတ်သက်၍ တရားလိုတစ်ဦးနှင့် လိုပြသက်သေနှစ်ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ လာမည့် ဖေဖော်ဝါရီ ၂၃ ရုံးချိန်းတွင် တရားလိုပြသက်သေ နောက်တစ်ဦးကို စစ်ဆေးပြီးစီးပါက စွဲချက် တင်သင့် မတင်သင့် အမိန့်ချမည်ဟု ၎င်းက ဆက်ပြောသည်။
ဦးမင်းအောင်သည်လည်း ပုဒ်မ ၁၃၀-က အပြင် မဲမသမာမှုပြုလုပ်ခြင်းကို အားပေးကူညီသည်ဟု စွပ်စွဲခံရကာ ပုဒ်မ ၁၀၉ ဖြင့် ထပ်တိုးတရားစွဲဆိုခံထားရသည်။
လက်ရှိတွင် ဦးညီပုသည် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် စွဲဆိုထားသည့် ၃ မှုအတွက် အလုပ်နှင့် ထောင်ဒဏ် ၉ နှစ်တို့ကို စစ်တွေထောင်၌ ကျခံနေရသည်။
အလားတူ ဦးမင်းအောင်သည်လည်း ခွင့်ပြုချက်မဲ့ဆန္ဒပြသည်ဟုဆိုကာ စွဲဆိုထားသည့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် အလုပ်ကြမ်းနှင့် ထောင် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ ၂၅ ဖြင့် အလုပ်ကြမ်းနှင့် ထောင် နှစ်လ၊ အဂတိအမှု ပုဒ်မ ၅၅ တစ်မှုဖြင့် ထောင် ၇ နှစ် စုစုပေါင်း ထောင်ဒဏ် ၉ နှစ်နှင့် ၂ လ ကျခံနေရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က အရ ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၁၀၉ သည်လည်း တွဲကပ်ထားသည့်ပုဒ်မ၏ ပြစ်ဒဏ်အတိုင်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲစာရင်းမှားယွင်းသည်ဟုဆိုကာ အာဏာသိမ်းခဲ့သည့် စစ်တပ်သည် သမ္မတ၊ အတိုင်ပင်ခံ အပါအဝင် ဝန်ကြီးချုပ်များ၊ ရွေးကာက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ထိပ်တန်းခေါင်းဆောင်အများအပြားကို ပုဒ်မမျိုးစုံနှင့် အမှုဖွင့်ထားသည်။
အာဏာမသိမ်းမီက ဦးမင်းအောင်ကို စည်ပင်ဝန်ကြီးရာထူးမှ ဖယ်ရှားရန် ပြည်နယ်လွှတ်တော်က ဖိအားပေးအပြီးတွင် သမ္မတရုံးက ဦးမင်းအောင်ကို တာဝန်မှ ရပ်စဲကြောင်း ကြေညာခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)