သတင်း

ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို အင်းစိန်ထောင်ပြောင်းရွှေ့

စစ်ကောင်စီက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ယခုနှစ် မေလအတွင်း စစ်တွေထောင်မှ ရန်ကုန်မြို့၊ အင်းစိန်ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပင် ဦးညီပုအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများကို ဖမ်းဆီးလိုက်ပြီး နောက်တစ်နေ့တွင် နေအိမ်အကျယ်ချုပ်ထားခဲ့ကာ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်တွေထောင်သို့ ပို့လိုက်သည်။ 

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သော အသက် ၆၈ နှစ်အရွယ် ဦးညီပုကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)၊ အဂတိလိုက်စားမှုဥပဒေ ပုဒ်မ(၅၅)၊ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်မှု ပုဒ်မ ၁၃ဝ(က) တို့ဖြင့် ထောင်ဒဏ် ၁၁ နှစ်၊ ၄ လ ချမှတ်ထားသည်။

ထောင်များတွင် ကိုဗစ်အကြောင်းပြပြီး ဧည့်တွေ့ခွင့် ပိတ်ပင်ထားခြင်းကြောင့် ဆေးရုံသို့ ရောက်ချိန်မှ မိသားစုက နှစ်ကြိမ် တွေ့ခွင့်ရခြင်းဖြစ်သည်ဟု သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

“(အင်းစိန်ကို) ဘယ်နေ့က ရောက်တာတော့ တိတိကျကျ မသိဘူးပေါ့။ ၅ လပိုင်းလောက်ကပေါ့။ မိသားစုနဲ့ အဲဒီလိုတော့ တွေ့ခွင့်မရဘူး။ ထောင်ဝင်စာကတော့ ပါဆယ်ပဲ ပို့လို့ရတယ်။ လူချင်းတော့ မတွေ့ရဘူး” ဟု မကြည်ကြည်ဦးက ပြောသည်။

“မျက်စိကတော့ ခွဲပြီးသွားပြီ။ ဆေးရုံမှာတော့ ခဏလောက်တော့ တွေ့လိုက်ရတာပေါ့။ မေ ၂၆ ရက်နေ့က တစ်ကြိမ်၊ ဇွန် ၁၆ ရက်နေ့မှာ တစ်ကြိမ်ခွဲတယ်။ တာမွေမြို့နယ်က မျက်စိအထူးကုဆေးရုံမှာပါ” ဟု မကြည်ကြည်ဦးက ဆိုသည်။

ဦးညီပု အမြင်အာရုံ လျော့ပါးလာပြီး မျက်စိတိမ် စွဲကပ်နေသောကြောင့် ဆေးကုသခွင့်ရရန် မိသားစုဝင်များက တောင်းဆိုထားကြသည်မှာ ကြာပြီ ဖြစ်သည်။

“ဘယ်ဘက်မျက်လုံးကတော့ ကြာသွားလို့ ထင်တယ်၊ နည်းနည်းဝါးတယ်တဲ့။ ညာဘက်မျက်လုံးကတော့ ခွဲပြီးတာနဲ့ ကြည်လင်တယ်ပေါ့။ နှစ်ဖက်စလုံးကို ခွဲရတာပါ။ ထောင်ထဲမှာ ကျန်းမာရေးအခြေအနေက လောလောဆယ် ဘာမှတော့ မကြားပါဘူး။ မျက်စိခွဲတာမှာတော့ နှစ်ကြိမ်စလုံး တွေ့ခွင့်ရပါတယ်” ဟု မကြည်ကြည်ဦးက ဆိုသည်။

ထောင်ပြောင်းမည့်အစီအစဉ်ကို ထောင်အရာရှိတို့က မိသားစုကို ကြိုတင် အသိမပေးခဲ့ဟု ဆိုသည်။

“ထောင်ပြောင်းဖို့ကိစ္စတော့ အသိပေးခဲ့တာ မရှိပါဘူး။ သူကပဲ အထဲကနေ လူကြုံနဲ့ပဲ လှမ်းပြီးတော့ မှာတာပေါ့။ ဒီမှာ ရောက်နေတယ်ဆိုတာကို သတင်းလှမ်းပို့တာပေါ့” ဟု မကြည်ကြည်ဦးက ဆိုသည်။

ဦးညီပု၏ သမီးနောက်တစ်ဦးဖြစ်သော NLD ပါတီ လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်သည်လည်း ရန်ကုန်တွင် ၂၀၂၁ မေ ၉ တွင် အဖမ်းခံရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် အမှုဖွင့်ခံရပြီး ထောင် ၆ နှစ် ချခံရကာ ယခုနှစ် ဇွန်လအတွင်း အင်းစိန်ထောင်မှ ပဲခူးတိုင်းရှိ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရသည်။

မမိုးဆန်းစုကြည်နှင့် ယခုနှစ် ဇွန်အတွင်း တရားရုံးက စီရင်ချက်ချချိန်၌ တစ်ကြိမ် တွေ့ခွင့်ရကြောင်း အစ်မဖြစ်သူက ဆိုသည်။

“ညီမလေးနဲ့တော့ အမိန့်ချခါနီးမှာ တွေ့လိုက်ရတာပေါ့။ တစ်ကြိမ်ပေါ့။ ၁၇ (၁) နဲ့ ဇွန်လ ၂ ရက်နေ့မှာ အမိန့်ချတယ်။ ထောင်ကတော့ သုံးနှစ်ချတယ်။ အရင်အမှုကတော့ ၅၀၅- က နဲ့ သုံးနှစ်ပါ။ ကျန်းမာရေးအခြေအနေကတော့ လည်ပင်းကြီးဖြစ်ချင်တယ်ပေါ့၊ ဆေးသောက်နေရတယ်၊ တခြားတော့ ထွေထွေထူးထူးမရှိပါ။ လူချင်းလည်း မတွေ့ရတော့ အကုန်လုံးကို သေချာလည်း မသိရပါဘူး။ စာလောက်ပဲ အဆက်အသွယ်ရပါတယ်” ဟု မကြည်ကြည်ဦးက ပြောသည်။

ဇနီး ဒေါ်ဝင်းကြည်နှင့် သမီးဖြစ်သူ မကြည်ကြည်ဦးတို့က ထောင်ချခံထားရသူ နှစ်ဦးအတွက် လိုက်ပါ ဆောင်ရွက်နေရကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၄ တွင် တစ်နိုင်ငံလုံးတွင် ရှိသော အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၇၀၀၀ ကျော်ကို လွှတ်ပေးခဲ့ရာ ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင် ၄ ခုမှ ၃၀၈ ဦး လွတ်မြောက်ခဲ့သော်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ မပါဝင်ခဲ့ပေ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button