သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ် 

ဖမ်းဆီးခံနေရသည့် နိုင်ငံ့ခေါင်းဆောင်များနေရာတွင် ခေတ္တပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ မတ် ၂ တွင် ထုတ်ပြန်လိုက်သည်။ 

“ တရားဝင်အစိုးရဖြစ်သော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းဖြင့် ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများသည် တာဝန်များကို ထမ်းဆောင်နိုင်ရန် အခြေအနေမရှိသောကြောင့်” ဟု ဖော်ပြပြီး ဝန်ကြီးဌာနများကိုယ်စားပြုကာ ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်ဇင်မာအောင်အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးလွင်ကိုလတ်အားလည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်ထွန်းနိုင်အားလည်းကောင်း၊ ဒေါက်တာဇော်ဝေစိုးအား (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန) များတွင်လည်းကောင်း အဆိုပါ ပုဂ္ဂိုလ် ၄ ဦးကို ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့သည်။ 

ထို့ပြင် အစိုးရ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန်အတွက် သင့်လျော်သည့် ပုဂ္ဂိုလ်များအား လိုအပ်သလို ဆက်လက်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း CRPH က ထုတ်ပြန်ထားသည်။

ဝန်ကြီးဌာန ၃ ခု၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဒေါက်တာဇော်ဝေစိုးသည် စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသော ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်လည်း ဖြစ်သည်။ 

ဦးတင်ထွန်းနိုင်သည် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဒေါ်ဇင်မာအောင်သည် ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(နိုင်/ကျဉ်းဟောင်း) ဖြစ်ကာ ဦးလွင်ကိုလတ်သည် သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (နိုင်/ကျဉ်းဟောင်း) ဖြစ်သည်။ 

စစ်တပ်က ဖေဖော်ဝါရီ ၁ တွင် နိုင်ငံတော်အာဏာ သိမ်းယူလိုက်ပြီး တတိယအကြိမ်လွှတ်တော်များကို ဖျက်သိမ်းလိုက်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို ဖွဲ့စည်းခဲ့သည်။

လွှတ်တော်ဖျက်သိမ်းခံလိုက်ရပြီးနောက် ပြည်ထောင်စုလွှတ်တော်အမတ် ၁၇ ဦးက ဦးဆောင်ကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖေဖော်ဝါရီ ၅ တွင် ဖွဲ့စည်းခဲ့သည်။ 

ယင်းကော်မတီသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၇၈ ဦး၏ တာဝန်လွှဲအပ်မှုဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ဥပဒေပြုရေးအပါအဝင် လွှတ်တော်တာဝန်များထမ်းဆောင်မည်ဟု ကြေညာထားသည်။ 

ထိုကော်မတီဝင် ပြည်ထောင်စုအမတ် ၁၇ ဦး ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖေဖော်ဝါရီ ၁၅ တွင် အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားသည်။

စစ်ကောင်စီကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် CRPH မှ ယမန်နေ့က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button