ဆောင်းပါး

မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်သော်လည်း ဧည့်စာရင်းတိုင်ရသည်

ရန်ကုန် – အိမ်တွင် ညအိပ်ဧည့်သည်ရှိလျှင်  အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်သတင်းပို့ပြီး တည်းခိုခွင့် တောင်းခံရခြင်းကို မည်သည့်နိုင်ငံတွင် တွေ့ရသနည်း။ မြန်မာနိုင်ငံတွင် တွေ့ရမည်ဟု ဖြေလျှင် မှန်ပါသည်။ အာဏာရှင် မြောက်ကိုရီးယားနိုင်ငံတွင်ပင် ဤဓလေ့ ရှိချင်မှ ရှိမည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေသည်ဟူသော မြန်မာနိုင်ငံ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများရှေ့တွင် ဧည့်စာရင်းတိုင်ကြရန် နှိုးဆော်ထားသည့် ကြော်ငြာကြီးများကို တွေ့ရမည်။

ဧည့်စာရင်း တိုင်ကြစေရန် စတင်ပြီး ဥပဒေပြုခဲ့သည့်ကာလမှာ အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၀၇ ခုနှစ်ကတည်းက ဖြစ်သည်။ ထိုစဉ်က ပြဋ္ဌာန်းခဲ့သည့်   ကျေးရွာဥပဒေ၊ မြို့များဥပဒေတို့တွင်  ဧည့်သည်လာလျှင် ဧည့်စာရင်းတိုင်ကြားရမည် ဟု ဆိုထားသည်။ ထိုဥပဒေကို မြန်မာအစိုးရအဆက်ဆက်က အမွေဆက်ခံကာ အပြောင်းအလဲတချို့ ပြုလုပ်ပြီး ဆက်လက် ပြဋ္ဌာန်း ကြသည်။ ဧည့်စာရင်း တိုင်ကြားခြင်းမပြုပါက အိမ်ရှင်အား ထောင်ဒဏ် ၇ ရက် အထိ အပြစ်ပေးနိုင်ကြောင်း လက်ရှိဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ကိုလိုနီခေတ်တွင် တော်လှန်ပုန်ကန်မှုများရှိ၍ အင်္ဂလိပ်တို့က ၎င်းတို့ အကျိုးစီးပွား၊ အုပ်ချုပ်မှု တည်မြဲရေးအတွက် ပြဋ္ဌာန်းခဲ့သော ဥပဒေများပင် ဖြစ်သည်။

“ဟိုတုန်းကတော့ ဧည့်စာရင်း စစ်တယ်၊ အခုခေတ်မှာ မစစ်သလောက်ပါပဲ” ဟု ဆိုကာ ဧည့်စာရင်းတိုင်ကြားခြင်း မပြုဘဲ မနေဝံ့သူ အများအပြားရှိသည်။ ဧည့်စာရင်းတိုင်ရမည်ဟူသော အချက်ကို ဥပဒေတွင် မပယ်ဖျက်သေးသောကြောင့် ထိုသို့ တိုင်ကြားနေကြခြင်း ဖြစ်သည်။
 
ထိုအိမ်ရှိ အိမ်ထောင်စုစာရင်းတွင် ပါဝင်သူများမှာ  ဧည့်စာရင်းတိုင်စရာ မလိုပါ။ ဤအချက်ကလည်း အရေးကြီးသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ထောင်စုစာရင်းမှာ သူ၏ မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ အိမ်တစ်အိမ်တွင် ရှိသည်။ သူပိုင်ဆိုင်ရာ ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် မရှိတော့ပါ။ သူ ငှားရမ်းနေထိုင်ရာ နေပြည်တော်ရှိနေအိမ်တွင်လည်း မရှိပါ။

ဥပဒေအရ ဆိုလျှင် သူက ရန်ကုန်အိမ်မှာပဲ ညအိပ်အိပ်၊ နေပြည်တော်အိမ်မှာပဲ အိပ်အိပ် ဧည့်စာရင်းတိုင်ရမည် ဖြစ်သည်။ သူ့အိမ်မှာ သူအိပ်တာ ဧည့်စာရင်းတိုင်စရာ လိုသေးသလားဟု မေးလျှင် ဥပဒေကို လက်ညှိုးထိုးပြရတော့မည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဧည့်စာရင်းတိုင်သလား ဆိုသည်ကလည်း မေးသင့်သည့်အချက်ပင်။

မြန်မာနိုင်ငံတွင် ကိုယ့်အိမ်မှာ ကိုယ်အိပ်ပြီး ဧည့်စာရင်းတိုင်နေရသူ အများအပြားရှိသည်ဟူသော အချက်ကို ထောက်ပြလိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာပေးရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဧည့်စာရင်းတိုင်ရခြင်းနှင့် အိမ်ထောင်စုစစ်ဆေးခြင်း အဆုံးသတ်ရေး အစီရင်ခံစာတစ်စောင် မတ်လအတွင်း ပြုစုပြီးစီးခဲ့သော အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့  Fortify Rights က မြန်မာ့နိုင်ငံရေး အကူးအပြောင်းမှ ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာသော်လည်း အခြေခံလွတ်လပ်ခွင့်များမှာမူ ချိုးဖောက် ခံနေရသေးကြောင်း ဝေဖန်ခဲ့သည်။

“ဘယ်အစိုးရကမှ ကိုယ့်ရဲ့ နိုင်ငံသားကို မင်းမနေ့ညက ဘယ်မှာ အိပ်သလဲ၊ ဒီနေ့ည ဘယ်မှာ အိပ်မလဲ၊ ဘယ်လောက်ကြာကြာအိပ်မလဲဆိုတာမျိုး မေးခွင့် မရှိဘူး” ဟု Fortify Right ၏ အစီရင်ခံစာတွင် ရေးထားသည်။

ဧည့်စာရင်းတိုင်ရန် ဥပဒေပြဋ္ဌာန်းထားခြင်းမှာ ကြိုးနီစနစ် ဆက်လက် တည်ရှိစေပြီး အများပြည်သူကို စာရွက်စာတမ်းကိစ္စနှင့် နှိပ်စက်ထားသလို ဖြစ်နေသည်။

ရပ်ကွက်ရုံးနှင့် ရဲစခန်းထောက်ခံစာကဲ့သို့ စာရွက်စာတမ်းကိစ္စများအတွက် ဧည့်စာရင်း တိုင်ထားကြောင်း အထောက်အထား စာရွက်များက အသုံးဝင်သည်။

“လုံးဝ မတိုင်ဘဲ သုံးလေးလ ထားလိုက်ပြီး ပင်စင်အတွက် လိုလို့ ရပ်ကွက် ထောက်ခံစာ သွားလုပ်တဲ့ အခါမျိုးကျရင် လုပ်မပေးတော့ဘူး၊ ငွေလည်းပေး၊ တောင်းတောင်းပန်ပန်နဲ့ လုပ်ခိုင်းမှ ရတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အငြိမ်းစား ကျောင်းဆရာမ ဒေါ်စန်းစန်းက ပြောသည်။

အိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးရန် အခွင့်အာဏာရှိသော တရားသူကြီးထံမှ ဝရမ်းမပါလျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၀၂၊ ၁၀၃ တို့အရ ဝင်ခွင့်မရှိပေ။ သို့သော် ၂၀၁၂ ခုနှစ် ရပ်/ကျေးအုပ် ဥပဒေမှာမူ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါတို့အား နေအိမ်များအတွင်း အချိန်မရွေး၊ အကန့်အသတ်မရှိ ဝင်ရောက်စစ်ဆေးခွင့် ပေးထားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၅ နှင့် ဆန့်ကျင်နေခြင်းတို့က ဥပဒေပိုင်းအရ အငြင်းပွားဖွယ် ဖြစ်နေသည်ဟု ရှေ့နေဦးကိုနီက ဆိုသည်။

ဧည့်စာရင်း တိုင်ရန်အတွက် အုပ်ချုပ်ရေးမှူးရုံး အများစုတွင် စာရွက်စာတမ်းကြေး ပေးသွင်းရမည် ဖြစ်သည်။ ငွေလက်ခံရရှိကြောင်းတော့ ဖြတ်ပိုင်း ပြန်ပေးမည် မဟုတ်ပါ။

ဧည့်စာရင်း တိုင်ကြားသော်လည်း အုပ်ချုပ်ရေးမှူးရုံးက တည်းခိုရန် ခွင့်ပြုချက် မပေးသည့် ဖြစ်ရပ်မျိုးလည်း မကြာသေးခင် နှစ်များအတွင်း ဖြစ်ပေါ်ခဲ့ဖူးသည်။ ထို့နောက် ထိုအိမ်သို့ သွားရောက်စစ်ဆေးပြီး လူတချို့ကို ဧည့်စာရင်းမတိုင်မှုဖြင့် ထောင်ထဲ ထည့်ခဲ့ဖူးသည်။

ထို့ကြောင့် ဧည့်စာရင်း တိုင်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းသည်  မိမိ မနှစ်သက်သူကို ဒုက္ခပေးရာတွင် အသုံးပြုရန် ဒေသခံ အာဏာပိုင်တို့ကို အခွင့်အရေး ပေးထားသကဲ့သို့  ဖြစ်နေသည်။

Related Articles

Back to top button