
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နှင့် အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကို စစ်တွေမြို့နယ်တရားရုံးက Video conferencing ( အွန်လိုင်းဗီဒီယိုစနစ်)ဖြင့် စစ်ဆေးခဲ့ပြီး ဆက်လက်ချုပ်နှောင်ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သော ကြေညာချက်များနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်၍ အမှုဖွင့်ထားခြင်းဖြစ်သည်။
ယနေ့ ရုံးချိန်းတွင် ရှေ့ နေ ကိုယ်စားလှယ်လွှဲစာ တင်ခဲ့ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းက ပြောသည်။
“Video Conferencing လုပ်တဲ့အခါ ဦးညီပုနဲ့စကားပြောဖြစ်တယ်။ (ရှေ့နေ) လိုက်ပါဆောင်ရွက်တာကို သဘော တူတယ်လို့ ပြောတယ်။ တရားရုံးက ဥပဒေနဲ့အညီ လုပ်မယ်လို့ မျှော်လင့်တယ်လို့လည်း သူပြောတယ်”ဟု ဦးငြိမ်းချမ်းက ပြောသည်။
ဦးညီပု စစ်တွေမြို့တွင် ရှိနေသည်ဟုသာ သိရပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထား သည်ကို မသိရသေးကြောင်း ဦးငြိမ်းချမ်းက ဆက်ပြောသည်။
“ဒီအမှုကို ရုံးကို အကူအညီတောင်းလာတဲ့အတွက် ဥပဒေအရ ခုခံချေပခွင့်ရသင့်တယ်လို့ မြင်လို့ လိုက်တာ။ တခြားတော့မရှိဘူး။ ဥပဒေအတိုင်း ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုအချိန်မှာတော့ ဘာမှ တော့ မပြောလိုသေးဘူး ”ဟု ဦးငြိမ်းချမ်းက ဆိုသည်။
ဖေဖော်ဝါရီလ ၁ တွင် တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက် ယင်းနေ့ကတည်းက ဦးညီပုလည်း နေအိမ်အချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ တွင် ဦးညီပုက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသော ပြည်သူများဂုဏ်ပြုကြောင်း၊ ဆက်လက်တိုက်ပွဲ ဝင်ကြရန် ” တိုက်တွန်းသည့် ဗီဒီယိုဖိုင်တစ်ခု တင်ခဲ့ပြီး နောက်တစ်ရက်အကြာတွင် နေရာ ပြောင်းရွှေ့ချုပ်နှောင်ကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော့်ကို လူကို ချုပ်ထားလို့ရပေမယ့် စိတ်ဓာတ်ကိုတော့ ချုပ်ထားလို့မရဘူး။ ယုံကြည်ချက်ကို ချုပ်ထားလို့ မရဘူး။ ဒါကြောင့်မို့ ပြည်သူနဲ့အတူ အမြဲ ထာဝရရှိနေမယ်။ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရမယ်၊ ပေါ်ပေါက်ရမယ်။ အာဏာရှင်စနစ် ကျ ဆုံးရမယ်ဆိုတာ ယုံကြည်ပြီးသား”ဟု ဦးညီပုက အဆိုပါဗီဒီယိုဖိုင်တွင် ပြောထားသည်။
ဦးညီပုကဲ့သို့ပင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်လည်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုများအား အားပေးကြောင်း လူမှုကွန်ရက်တွင် ရုပ်သံဗီဒီယိုများ တင်ခဲ့အပြီး နေအိမ်အကျယ်ချုပ်မှ အခြားနေရာသို့ ပြောင်းရွှေ့ ချုပ်နှောင်ခံထားရသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အရ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည် သူတို့၏ သီးခြားလူတစ်စုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်စေခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဦးညီပု၏ ရုံးချိန်းကို လာမည့် မတ် ၅ ရက်သို့ စစ်တွေမြို့နယ် တရားရုံးက ပြန်ချိန်းဆိုလိုက်သည်။
အာဏာသိမ်းပြီးနောက် ရန်ခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်းဆန္ဒပြသည့် တောင်ကုတ်မြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်အပါအဝင် ၇ ဦး ၊ အမ်းမြို့နယ်မှ ၇ ဦးနှင့် သံတွဲမြို့နယ်မှ ၄ ဦးတို့ ဖမ်းဆီးခံထားရသည်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည်လည်း NLD ကြေညာချက်များကြောင့် ထွေအုပ်မှ ပုဒ်မ ၅၀၅ (ခ) နှင့် အမှုဖွင့်ကာ လက်ရှိတွင် မန္တလေးထောင်၌ ချုပ်နှောင်ထားသည်။
ထိုပုဒ်မနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင် ပြည်ထောင်စုအမတ် ၁၇ ဦး၊ မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင်တို့ အမှုဖွင့်ခံထားရသည်။