
မန္တလေးတွင် စစ်တပ်နှင့် ရဲတို့ အင်အားသုံး ဖြိုခွင်းရာတွင် သေဆုံးခဲ့သူနှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ ပြန်လည်ထုတ်ယူခွင့်ရခဲ့ပြီး ဦးခေါင်းထိမှန်ကာ သေဆုံးခဲ့သော လူငယ်၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ၊ ညနေပိုင်းက မန္တလေး ၄၂ လမ်းနှင့် ကမ်းနားလမ်းရှိ ရတနာပုံသင်္ဘောကျင်းပစ်ခတ်မှုတွင် သေဆုံးသူတို့မှာ မန္တလေး စိန်ပန်းရပ်ကွက်မှ ၃၆ နှစ်အရွယ် ကိုသက်နိုင်ဝင်း (ခ) ကိုမင်းမင်း၊ ၁၆ နှစ်သား မောင်ဝေယံထွန်းတို့ ဖြစ်ကြောင်း ဆန္ဒပြလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဗြဟ္မစိုရ်နှင့် ချမ်းမြသုခလူမှုကူညီရေးအသင်းတို့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
မောင်ဝေယံထွန်းသည် သင်္ဘောကျင်းအနီးရှိ ကုန်စိမ်းလက်ကားဈေး၌ တွန်းလှည်းဆွဲသူဖြစ်ပြီး စျေးရှေ့တွင်ပင် ဦးခေါင်းပွင့်ထွက်ကာ သေဆုံးခဲ့သည်။
“သူ (မောင်ဝေယံထွန်း) ဆုံးသွားတာ ညနေ ၅ နာရီခွဲလောက်ကျ သိရတယ်။ ဒါပေမဲ့ ကလေးအလောင်းကိုတောင် မမြင်လိုက်ရပါဘူး” ဟု မောင်ဝေယံထွန်း၏ မွေးစားအမေ ဒေါ်ကြူက Myanmar Now ကို ပြောသည်။
မောင်ဝေယံထွန်းအား စောင့်ရှောက်ထားသူ ဦးထူးက ” သူက အားတိုင်း ဆန္ဒပြအလှည့်လိုက် လိုက်နေတယ်။ သားတို့ နိုင်ငံအတွက် ဒီလိုဆန္ဒပြရမယ်ဆိုပြီး သွားတယ်။ မနေ့ကကျတော့ အလုပ်သွားတာ၊ သား အထမ်းသွားဦးမယ်ဆိုပြီး ထွက်သွားပြီး စစ်ကားတွေ အများကြီးရောက်လာတယ်ဆိုပြီး စျေးထဲက ထွက်သွားတာပဲ၊ အဲဒီနောက် မမြင်ရတော့ဘူး”ဟု ပြောသည်။
မောင်ဝေယံထွန်းအလောင်းကို မန္တလေးဆေးရုံကြီးရေခဲတိုက်မှ ယနေ့ ညနေ ၄ နာရီခန့်တွင် ထုတ်ယူခဲ့ပြီး ၎င်းနေအိမ်ရှိရာ မြစ်ငယ်မြို့၊ မြို့ပြင်ကြီးရွာသို့ ပို့ဆောင်ကာ ညနေ ၅ နာရီကျော်ခန့်တွင် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုသက်ကြီးက Myanmar Now ကို ပြောသည်။
တွင်ခုံဆရာတစ်ဦးဖြစ်သော ကိုသက်နိုင်ဝင်း၏ နံကြားကို ဖောက်ဝင်သည့် ကျည်ဆန်သည် အသည်းကို ထိသွားသည်ဟု မှုခင်းဆရာဝန်က မှတ်ချက်ပြုသည်ဟု သိရကြောင်း ဇနီးဖြစ်သူ မသီတာနှင်းက ပြောသည်။
ကိုသက်နိုင်ဝင်း၏ ရုပ်အလောင်းအား ယနေ့ ညနေ ၄ နာရီခွဲခန့်မှသာ ထုတ်ယူခဲ့ရပြီး လာမည့် ဖေဖော်ဝါရီ ၂၃ တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း၊ အသက် ၉ နှစ်အရွယ် သားငယ်ကို ပြုစုပျိုးထောင်ပြီး အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပိုမို ပါဝင်သွားမည်ဖြစ်ကြောင်း မသီတာနှင်းက ပြောသည်သည်။

ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ဦးအနက် ၅ ဦးမှာ ပြင်းထန်သဖြင့် ၎င်းတို့ကို မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနနှင့် ခွဲစိတ်ခန်းတို့တွင် အရေးပေါ်ခွဲစိတ်ကုသခဲ့သည်ဟု ယမန်နေ့က ဖြစ်ရပ်၌ လူမှုကူညီရေးအသင်းများနှင့် ပူးပေါင်း၍ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသမှုပေးခဲ့သော မြို့ခံ ခွဲစိတ်ဆရာဝန်များ၊ အရိုးဆရာဝန်များက Myanmar Now ကို ပြောသည်။
ဒဏ်ရာပြင်းထန်သူ ၅ ဦးအနက် ၄ ဦးမှာ အရိုးကျိုးခဲ့ပြီး တစ်ဦးမှာ ကျည်ဆန်သည် ညာဘက်ဝမ်းဗိုက်နေရာမှ ထုတ်ချင်းပေါက် ဖောက်ထွက်သွားသဖြင့် ညတွင်းချင်း အရေးပေါ်ခွဲစိတ်ကာ ထိခိုက်သွားသည့် အူနေရာများအား ဖြတ်တောက်၍ ဆက်ပေးခဲ့သည်ဟု သိရသည်။
၎င်းတို့အနက် အူဖြတ်တောက်၍ ခွဲစိတ်ကုသမှုခံယူထားသော လူနာမှအပ အခြားလူနာများအား ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီးဖြစ်သည်ဟု သိရသည်။
အရေးပေါ်လူနာမှာ ကိုမျိုးမင်းထွန်းဖြစ်ပြီး ပစ်ခတ်မှုအခြေအနေကို နေအိမ်ရှေ့၌ ထွက်ကြည့်စဉ် ဝမ်းဗိုက်ကို ကျည်ဆန်ထိမှန်ခဲ့သည်ဟု မိခင် ဒေါ်အမာကြည်က ပြောသည်။
“မနေ့က စစ်ဖြစ်နေသလိုပါပဲ။ သေနတ်တွေနဲ့ တရစပ် ပစ်နေကြတာ။ ကြောက်လွန်းလို့ အိမ်ထဲကလည်း မထွက်ရဲဘူး။ တစ်ယောက်မှန်သွားပြီလို့ အသံကြားလို့ ကြည့်လိုက်တဲ့အချိန် ကိုယ့်ရဲ့သားဖြစ်နေတယ်” ဟု ဒေါ်အမာကြည်က ပြောသည်။
ကိုမျိုးမင်းထွန်း၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း၊ ဆေးရုံ၌ လူနာစောင့်တစ်ဦးမှအပ မည်သူမှ ကြည့်ရှုခွင့်မရကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။
ရတနာပုံသင်္ဘောကျင်းရှိ ဆန္ဒပြလူထုကို နှိမ်နင်းရာတွင် ကျည်အစစ်အသုံးပြုခဲ့သည်ဟု ဒဏ်ရာရရှိသူများကို ကုသခဲ့သည့် ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။
“ရာဘာကျည်ဆိုရင် အခုလို အသားထဲကို ဖောက်ထွက်သွားစရာ အကြောင်းမှမရှိတာ” ဟု ၎င်းက ဆိုသည်။
ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက သင်္ဘောများကို ထွက်ခွာရန် အမိန့်ပေးစဉ် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သော သင်္ဘောကျင်းဝန်ထမ်းများက လက်မခံခဲ့ကြပေ။ ဒေသခံများ သင်္ဘောကျင်းသို့ စုရုံးရောက်ရှိစဉ် စစ်တပ်နှင့် ရဲက မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။
” သူတို့(စစ်တပ်နဲ့ ရဲ)က အဓိကရုဏ်းဖြိုခွင်းတဲ့ ရဲစည်းကမ်းဥပဒေနဲ့အညီ လုပ်တာလည်းမဟုတ်ဘူး။ ဥပမာ စည်းသုံးစည်းသားတာ၊ တားမြစ်သတိပေးတာ၊ ဘာမှမရှိခဲ့ဘူး။ ရေကားဖြန်းတာလည်း အယောင်ပဲပြသွားတာ။ ဘယ်သူမှ ရေမစိုလိုက်ဘူး။ သက်သက်မဲ့ လက်နက်မဲ့ပြည်သူကို အနိုင်ကျင့်တာလို့ပဲ ပြောချင်ပါတယ်” ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ ယမန်နေ့က ပစ်ခတ်မှုအပြီး ညနေပိုင်း၌ စစ်တပ်နှင့် ရဲကား အစီး ၅၀ ခန့် ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် သင်္ဘောကျင်းအနီးရှိ ရဲကင်း၌ ရဲကား ၄ စီးနှင့် အနည်းဆုံး ရဲအင်အား ၂၀ နီးပါး လုံခြုံရေးချထားသည်ကို ယနေ့ နေ့လယ်ပိုင်းက တွေ့ရှိရသည်။
လမ်းပေါ်ထွက် ကန့်ကွက်ဆန့်ကျင်သူတို့၏ ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မကြာသေးမီက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ထားသည်။ ဆန္ဒပြမှုများတွင် ရဲတပ်ဖွဲ့က စတင်ပစ်ခတ်ခြင်းမရှိဟု အာမခံကြောင်း သူက ဆက်ပြောသည်။