ဆောင်းပါး

ဒုက္ခသည်များအတွက် “စံပြကျေးရွာ”

မြစ်ကြီးနား – ကချင်ပြည်နယ် တောင်ပြာတန်းတွေကြားထဲက ငွေပျော်စံပြကျေးရွာကို ဆက်သွယ်နိုင်တဲ့ တစ်ခုတည်းသောလမ်းကတော့ မိုးတွင်းမှာ ဗွက်ထူတဲ့ မြေနီလမ်းလေးဖြစ်ပြီး မြစ်ကြီးနားမြို့ကနေ တစ်နာရီခွဲကြာအောင် ကားနဲ့သွားရပါတယ်။

အစိုးရက ၂ဝ၁၄ မေလမှာ ထူထောင်ပေးတဲ့ ဒီစံပြကျေးရွာမှာ အရိပ်ရအပင်ကြီးများ မရှိပါဘူး။ ပုံစံတူအိမ် ၃ဝဝ နီးပါးကို တွေ့ရပါတယ်။ စံပြရွာရဲ့မြေသားက ဂဝံမြေဖြစ်တဲ့အတွက် စိုက်ပျိုးလုပ်ကိုင်စားသောက်ရေး မအောင်မြင်ရုံသာမက နေ့စားအလုပ်အကိုင်ကလည်း ရှားပါးတဲ့အတွက် အပိုငွေရှာဖို့ မလွယ်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

“တစ်လလုံးနေမှ သုံးလေးကြိမ်လောက်ပဲ နေ့စားလုပ်လို့ရပါတယ်။ နေ့စားလုပ်လို့ ရတဲ့ငွေကိုလည်း ချက်ချင်း မရှင်းပေးပါဘူး။ အလုပ်လုပ်ပြီး သုံးလေးရက်ကြာမှ ရှင်းပေးပါတယ်” လို့ အသက် ၂၇ နှစ်အရွယ် မလဲ့ဝေခိုင်က ပြောပြပါတယ်။

စံပြရွာရောက်နေသူတွေထဲက တချို့လည်း ပယင်းကျောက် လက်ဝတ်ရတနာပစ္စည်း ထုတ်လုပ်တဲ့ အိမ်တွင်းမှုလုပ်ငန်း၊ အနီးအနား ရာဘာခြံများမှာ နေ့စား၊ သုံးဘီးနဲ့ ဆိုင်ကယ်တက္ကစီ မောင်းခြင်း စသဖြင့် လုပ်ကိုင်ပြီး ငွေရှာကြတယ်လို့ သူက ရှင်းပြပါတယ်။

မိသားစုဝင်တွေ အလုပ်အကိုင်ရှာဖွေရင်းနဲ့ တကွဲတပြားဖြစ်သွားကြရာမှာ စံပြရွာ လူလတ်ပိုင်းအများစုက မြစ်ကြီးနားနဲ့ တခြားမြို့ကြီးတွေအထိ သွားကြပါတယ်။

အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်ချိုကြည်ကတော့ ရွာထဲမှာ အဝတ်လျှော်၊ တောထဲထင်းသွားခွေတဲ့နည်းနဲ့ အပိုငွေနည်းနည်း ရှာနိုင်သူပါ။ သူ့မိသားစုဝင်တွေလည်း ဟိုရောက်ဒီရောက်ပါပဲ။

“ကျွန်မ သမီးက ပယင်းအတိုအစလေးတွေယူပြီး ရန်ကုန်မှာသွားရောင်းပါတယ်။ မြေးမလေးနဲ့ ကျွန်မ နှစ်ယောက်တည်း ကျန်ခဲ့တာပါ” လို့ သူက ပြောပါတယ်။

သူက ပယင်းကျောက်သွေးတဲ့အလုပ်နဲ့ အနီးအနားခြံများမှာ နေ့စားသွားလုပ်လိုပေမဲ့ သူ့အသက်အရွယ်ကြောင့် သူ့ကိုအလုပ်ပေးမယ့်သူ မရှိဘူးလို့ ဆိုပါတယ်။

ဝိုင်းမော်ဒုက္ခသည်စခန်းကနေ စံပြရွာ ရောက်လာသူ ဒေါ်လဲ့ဝေခိုင်က ရွာကနေ ခွာဖို့ ခက်ခဲနေပါတယ်။ ကားမတော်တဆမှုတစ်ခုမှာ ထိခိုက်ဒဏ်ရာ ရရှိထားတဲ့ သူ့ညီမကို ထားခဲ့ပြီး မြို့မှာ အလုပ်သွားလုပ်ဖို့က သူ့အတွက် မဖြစ်နိုင်ပါဘူး။

ထရံကာသွပ်မိုးအိမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီရွာအတွက် သောက်သုံးရေကန်က သုံးကန် ရှိပါတယ်၊ တစ်ရွာလုံးအတွက် တစ်ခုတည်းသော ဆေးခန်းကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် လွန်ခဲ့တဲ့လအနည်းခန့်အထိ တာဝန်ယူခဲ့သူ ဦအောင်ဆွေရဲ့အိမ်မှာပါ။

“နေရေးအတွက်တော့ ပူစရာမလိုပေမဲ့ စားရေးအတွက်တော့ပူနေရတယ်” လို့ ဦးအောင်ဆွေက ပြောပါတယ်။

သို့ပေမဲ့ အမိုးအကာ ဆွေးမြည့်လာကြတဲ့ ရွာထဲကအိမ်တွေကို ဒီမိုးတွင်းအလွန်မှာ ပြန်လည်ပြုပြင်သင့်ပြီလို့ သူက ဆိုပါတယ်။

၂ဝ၁၁ နောက်ပိုင်း မြန်မာပြည်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ အရပ်သားတွေကို နေရာပေးဖို့ ဆိုပြီး အစိုးရက ငွေပျော်စံပြရွာကို စစ်ရှောင်စခန်းတွေနဲ့ မတူတဲ့ ခိုလှုံစရာနေရာတစ်ခုအဖြစ် ထူထောင်ခဲ့တာပါ။

စစ်ပွဲ ၄ နှစ်ကြာမှာတော့ ကချင်နဲ့ရှမ်းပြည်မြောက်ပိုင်းဘက်မှာ နေရပ်စွန့်ခွာထွက်ပြေးရသူ အရပ်သားအရေအတွက် တစ်သိန်းကျော် ရှိလာပါပြီ။ အဲဒီထဲက ထက်ဝက်ခန့်ဟာ အစိုးရထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတယ်၊ ကျန်တဲ့ထက်ဝက်က ကချင်လွတ်လပ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေထဲက စခန်းတွေမှာ ခိုလှုံနေကြတယ်လို့ ရန်ကုန်မြို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA)ရဲ့ စာရင်းတွေအရ သိရပါတယ်။

အစိုးရထိန်းချုပ်နယ်မြေထဲမှာတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက ထောက်ပံ့နေပါတယ်။ သူပုန်ထိန်းချုပ်နယ်မြေတွေကိုတော့ အစိုးရရဲ့ ကန့်သတ်ချက်တွေ ရှိတာကြောင့် လက်လှမ်းမမီနိုင်ပါဘူး။

ငွေပျော်မှာတော့ ဒုက္ခသည်တစ်ဦးကို ကျပ် ၁၂,၅ဝဝ လစဉ် ထောက်ပံ့တယ်လို့ ရန်ကုန် UNOCHA က ဆိုပါတယ်။ ဝိုင်းမော်၊ သာကရ၊ မြစ်ကြီးနား၊ မိုင်းနား စတဲ့ မြို့တွေကနေ စစ်ရှောင်လာကြတဲ့ ကချင်၊ ရှမ်း၊ ဗမာ စတဲ့ တိုင်းရင်းသားတချို့ ငွေပျော်မှာ ရှိနေတာပါ။

ဝိုင်းမော်မြို့နယ်၊ နမ့်ဆာရမ်ကျေးရွာကနေ တိမ်းရှောင်လာရတဲ့ဒေါ်ခင်ချိုကြည်က လွန်ခဲ့တဲ့ လေးနှစ် ဇွန်လရဲ့ မနက်ခင်းတစ်ခုမှာ “ဝုန်း” “ဒိုင်း” ဆိုတဲ့ သေနတ်သံ၊ ဗုံးသံတွေကြောင့် သူတို့မိသားစုပိုင်တဲ့ လက်ဖက်ရည်ဆိုင်ကို ပစ်ထားပြီး တခြားသော ဒေသခံတွေလိုပဲ မြို့ပေါ်က ဒုက္ခသည်စခန်းကို ဦးတည် ထွက်ခွာခဲ့သူပါ။

“ရွာက ထွက်ပြေးတုန်းက မသေအောင်မနည်း အသက်လုပြီး ပြေးခဲ့ရတာ၊ ဘာပစ္စည်းမှ ယူချိန် မရလိုက်ဘူး” လို့ ဒေါ်ခင်ချိုကြည်က ပြန်ပြောပြပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်း ကချင်ပြည်နယ်ရောက်လာတဲ့ ရန်ကုန်သူ ဒေါ်ခင်ချိုကြည်က ဒုက္ခသည်စခန်းမှာ ၃ နှစ်ဝန်းကျင် ခိုလှုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒေသခံအာဏာပိုင်တို့ ထူထောင်ပေးတဲ့ “စံပြကျေးရွာ” ကို ပြောင်းရွှေ့နေထိုင်သူတွေထဲမှာ ဒေါ်ခင်ချိုကြည်တို့ မိသားစုလည်း ပါဝင်သွားပါတယ်။

ငွေပျော် အပါအဝင် ကချင်ပြည်နယ် ဒေသအသီးသီးရှိ စစ်ဘေးရှောင်သူများနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရကို မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးပမ်းပေမဲ့လည်း အဆက်အသွယ် လုပ်လို့ မရသေးပါဘူး။

စံပြကျေးရွာထက် ပိုမို ကောင်းမွန်တဲ့ အစီအစဉ်တွေကို အကောင်အထည် ဖော်သင့်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှာ လုပ်ကိုင်နေတဲ့ ဒေါ်ခွန်ဂျာက မှတ်ချက်ပြုပါတယ်။

“ငွေပျော်စံပြကျေးရွာ တည်ထောင်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်ရပ်မှ သူတို့ ပြန်နိုင်မှာပါ” လို့ သူက Myanmar Now ကို ပြောပါတယ်။

Related Articles

Back to top button