
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဆန္ဒပြပွဲများသည် မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်တွင်လည်း အရှိန်အဟုန်နှင့် ပေါ်ပေါက်နေသည်။
မြို့တော် မြစ်ကြီးနားအပါအဝင် မိုးညှင်း၊ ဖားကန့်၊ ဗန်းမော်၊ ဟိုပင်၊ တနိုင်း၊ ပူတာအိုစသည့် ကချင်ပြည်နယ် မြို့နယ်အတော်များများတွင် ဒေသခံတို့က အာဏာသိမ်းမှုကို လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်နေကြသလို အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) ကိုလည်း တက်ကြွစွာပူးပေါင်းလာကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများရှိသည့်ဆိုသည့် အကြောင်းပြချက်ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းတွင် အာဏာသိမ်းယူလိုက်သည်။
အဆိုပါနေ့တွင်ပင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
အာဏာသိမ်းပြီးရက်အနည်းငယ်အကြာ ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်များတွင် မန္တလေးနှင့် ရန်ကုန်တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ကြသည်။
မြစ်ကြီးနား၏ လူထုအုံကြွမှုမှာ ဖေဖော်ဝါရီ ၇ တွင် အစပြုခဲ့သည်။
တစ်ဆက်တည်းဆိုသလိုပင် ဝိုင်းမော်၊ တနိုင်း၊ ဗန်းမော်၊ ပူတာအိုနှင့် ဟိုပင်မြို့များတွင်လည်း ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပြီး နယ်စပ်မြို့လေးများသို့ပါ ကူးစက်သွားခဲ့သည်။
အရှိန်ကောင်းလာသည့် မြစ်ကြီးနားမြို့ဆန္ဒပြပွဲများအတွင်း ဖေဖော်ဝါရီ ၁၆ တွင် မန်ခိန်ရပ်ကွက်အတွင်းရှိ ‘ဒဘတ်’လျှပ်စစ်ဓာတ်အားခွဲရုံး ဝင်ရောက်စီးနင်းသည့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူများက ပြန်လည်ပိတ်ဆို့ကာ ဆန္ဒပြကြသည်။
အဆိုပါဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့က မျက်ရယ်ယိုဗုံးများအသုံးပြုခဲ့ပြီး ဆန္ဒပြသူများကို ရာဘာကျည်များနှင့် ပစ်ဖောက်ကာ လူစုခွဲခဲ့သည်။ ထို့အပြင် သတင်းရယူနေသည့် သတင်းထောက် ၅ ဦးကို ထိန်းသိမ်းခဲ့ပြီး နောက်တစ်နေ့ မနက်တွင် ခံဝန်ကတိထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့သည်။
ဖေဖော်ဝါရီ ၁၈ ရက်တွင်လည်း သိန်းချီသည့် ဆန္ဒပြသူများက မနောဥယာဉ်စုကွင်းတွင် စုဝေးပြီး စစ်ကြောင်းအသီးသီးဖြင့် မြို့တွင်းလှည့်လည်ခဲ့ကြသလို တပ်ကလည်း သံချပ်ကာယာဉ်များဖြင့် မြို့အတွင်း အင်အားပြလှည့်လည်နေဆဲဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံ သတင်းရင်းမြစ်များက ပြောသည်။
‘စစ်အာဏာသိမ်းခြင်းအလိုမရှိ’၊ ‘ဖမ်းဆီးထားသည့်ခေါင်းဆောင်များပြန်လွှတ်ပေး’၊ ‘CDM တွင်ပါဝင်ကြ’ စသည့် ကြွေးကြော်သံများမှာ အကျယ်လောင်ဆုံးဖြစ်သည်။
၁၈ ရက်နေ့မနက်တွင် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းကို ရဲတပ်ဖွဲ့နှင့် စစ်တပ်က ပိတ်ဆို့ထားသည့်အပြင် လေးခွနှင့် ပစ်ခတ်ခဲ့သည့်အတွက် ဆန္ဒပြသူတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။
အခြား တိုင်းနှင့်ပြည်နယ်မြို့တော်များကဲ့သို့ပင် မြစ်ကြီးနားမြို့၏ CDM လှုပ်ရှားမှုတွင် ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများက ဦးဆောင်နေကြသည်။
အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အားဆန့်ကျင်သူများ၊ ဆန္ဒပြသူများကို ဖိနှိပ်ရန် ရည်ရွယ်ထားပုံရသည့် ဥပဒေအချို့ကိုလည်း ပြဋ္ဌာန်းခဲ့ပြီး မကြာမီ ကချင်ပြည်နယ်အတွင်း ဧည့်စာရင်းစစ်ဆေးခြင်းများ ပြန်လည်လုပ်ဆောင်သွားမည်ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဉာဏ်မြင့်ကျော်က ပြောသည်။
တရားမဝင်တက်လာသည့် အာဏာရှင်က ပြဋ္ဌာန်းသည့် ဥပဒေမှန်သမျှကို လိုက်နာသွားမည်မဟုတ်ဘဲ အာဏာရှင်ပြုတ်ကျရေးကို ပိုမိုလုပ်ဆောင်သွားမည်ဟု မြစ်ကြီးနားဆန္ဒပြပွဲများတွင် တက်တက်ကြွကြွ ပါဝင်နေသူတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက ပြောသည်။
“အာဏာရှင်အစိုးရကို ပြုတ်ကျဖို့လိုလားတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ ချိတ်ဆက်ပြီးတော့မှ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ကာကွယ်သွားဖို့ ဦးဆောင်နိုင်ဖို့ ဘယ်လိုမျိုးလုပ်ဆောင်မယ်ဆိုတာကို ညှိနှိုင်းပြီးတော့ အကောင်းဆုံးလုပ်ဆောင်သွားဖို့ ရှိပါတယ်ခဗျ” ဟု ဦးတင်ထွန်းသိန်းက ပြောသည်။
ကချင်ပြည်နယ်တွင် ဆန္ဒပြမှု အစောဆုံးဖြစ်သည်ဟု ယူဆနေကြသည့် ကမ္ဘာကျော် ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မြို့နယ်သည် ဖေဖော်ဝါရီ ၆ မှ ယနေ့အထိ လူထုအုံကြွမှု ဆက်လက်အားကောင်းနေဆဲဖြစ်သည်။
ဖေဖော်ဝါရီ ၁၇ တွင် ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့်၊ ဆိုင်းတောင်နှင့် လုံးခင်းကျေးရွာအုပ်စုမှ စစ်ကြောင်းသုံးကြောင်း၊ မြို့ပေါ်ရပ်ကွက်များမှ သပိတ်စစ်ကြောင်းအသီးသီးနှင့် လူဦးရေ တစ်သိန်းကျော်က ဖားကန့်မြို့ပေါ်တွင် လှည့်လည် ဆန္ဒပြကြသည်။

လမ်းပေါ်ထွက် ချီတက်သူ လတ်တလောအင်အား ငါးသောင်းမှ တစ်သိန်းကြား ရှိနေပြီး ဖေဖော်ဝါရီ ၉ နှင့် ၁၃ တို့တွင် အင်အားသိန်းကျော်သည်အထိပင် အားကောင်းခဲ့သည်။
အစောပိုင်းဆန္ဒပြပွဲအများကို လုံခြုံရေးအဖွဲ့ဝင်တို့က တားမြစ်ခဲ့သော်လည်း နောက်ပိုင်းရက်များတွင် ဟန့်တားပိတ်ဆို့ခြင်း မရှိကြောင်း ဖားကန့်အခြေအစိုက် အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက်က ပြောသည်။
CDM ဟု ခေါ်ကြသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဖားကန့်တွင်လည်း တွေ့နိုင်ပြီး အခြားမြို့များကဲ့သို့ပင် ဤလှုပ်ရှားမှုကို ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်နေသည်။
“CDM အခြေအနေကတော့ ဖားကန့်က အောင်မြင်တယ်လို့ ပြောရတယ်၊ ဆေးရုံက တစ်ရုံလုံးဖြစ်သွားပြီပေါ့နော်၊ ထွေအုပ်ကလည်းပါလာတယ်၊ ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းက ၇၀ ရာခိုင်နှုန်းလောက် ပါလာတယ်။ ကျန်းမာရေးက အားအကောင်းဆုံးပဲ” ဟု ကိုဇော်မိုးထက်က ပြောသည်။
ပုဂ္ဂလိက ဘဏ်များအားလုံးပိတ်ထားပြီး မြန်မာ့စီးပွားရေးဘဏ်တစ်ခုကိုသာ ရဲတပ်ဖွဲ့နှင့် စစ်တပ်က လုံခြုံရေးယူပြီး ဖွင့်လှစ်ထားသည်ဟု ကိုဇော်မိုးထက်က ပြောသည်။
မြန်မာပြည်၏ မြောက်ဘက်အစွန်းဆုံးပိုင်းတွင်ရှိသည့် ပူတာအိုတွင်လည်း ဖေဖော်ဝါရီ ၇ ရက်မှစ၍ ထောင်နှင့်ချီသည့် လူများက ဆန္ဒပြနေသလို အစိုးရဝန်ထမ်းများ၏ CDM လှုပ်ရှားမှုလည်း အားကောင်းလျက်ရှိသည်။
တစ်ခုတည်းသော ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် CB ဘဏ်ကလည်း ပိတ်ထားသည်။ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်ကိုလည်း ရှေ့တံခါးပိတ်ထားပြီး ဘဏ်ဝန်ထမ်းများ အရပ်ဝတ်နှင့် အလုပ်လုပ်နေကြသည်ကို တွေ့ရသည်ဟု ပူတာအိုမြို့ခံတစ်ဦးဖြစ်သူ မဇမီရမ်က ပြောသည်။
ပူတာအို CDM သို့ ပူးပေါင်းလာကြသူများတွင် သစ်တော၊ ကျန်းမာရေးနှင့် ပညာရေးဌာနဝန်ထမ်းများက အများဆုံးဖြစ်သည်။
မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်နှင့် သူနာပြုတချို့ နေရပ်ပြန်သွားပြီဖြစ်သလို ထပ်ပြီး ပြန်မည့်သူများရှိနေသည်ဟု သတင်းကြားရသည်ဟု မဇမီရမ်က ပြောသည်။
ဖေဖော်ဝါရီ ၁၁ နောက်ပိုင်းတွင် CDMတွင်ပါဝင်သူများ၊ ဆန္ဒပြပွဲဦးဆောင်သူများကို ဖမ်းဆီးမည်ဆိုသည့် သတင်းများကြောင့် တိမ်းရှောင်သူတချို့လည်း ရှိလာသည်ဟု မဇမီရမ်က ပြောသည်။
သို့သော်လည်း စစ်အာဏာရှင်ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေမည်ဟု မဇမီရမ်က ယူဆသည်။
“ကျွန်မတို့ တရားဝင်တင်မြှောက်ထားတဲ့ အစိုးရဆီက မတရားအာဏာကို လုယူတယ်၊ အဲဒီအတွက် ကျွန်မတို့ရွေးကောက်ထားတဲ့ အစိုးရအဖွဲ့ကိုပဲ ပြန်လိုချင်တယ်။ အာဏာရှင်ကို လုံးဝကို အလိုမရှိဘူး၊ အာဏာရှင်စနစ်ကို အမြန်ဆုံးပျောက်ဆုံးသွားစေချင်တယ်” မဇမီရမ်က ပြောသည်။
ကချင်တိုင်းရင်းသားကိုယ်စားပြု ကချင်လွတ်လပ်ရေးတပ်မတော် KIA ကတော့ ကချင်ပြည်နယ်အတွင်းရှိ ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမှုများရှိလာပါက ကာကွယ်ပေးရမည့် တာဝန်ရှိသည်ဟု ပြီးခဲ့သည့်ရက်အနည်းငယ်က ထုတ်ဖော်ပြောကြားထားသည်။
“တပ်မတော်အနေနဲ့ ပြည်သူလူထုကို ထိခိုက်မှုဖြစ်စေပြီဆိုရင်တော့ ကျွန်တော်တို့လည်း ပြည်သူလူထုကို ကာကွယ်ပေးဖို့တာဝန်ကတော့ ကျွန်တော်တို့ဆီမှာလည်း ရှိတာပေါ့နော်။ ပြည်သူလူထုကိုတော့ ကျွန်တော်တို့ ကာကွယ်ရမှာဖြစ်ပါတယ်” KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကာကွယ်မည့် အစီအစဉ်အတိအကျမရှိသေးဘဲ အခြေအနေကို စောင့်ကြည့်ပြီး ဆုံးဖြတ်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က ရန်ကုန်ရှိ သတင်းထောက်များကို ပြောကြားရာတွင် မြန်မာနိုင်ငံ မတည်ငြိမ်မှုနှင့် ရှုပ်ထွေးမှုများပေါ်ထွက်လာမည်ကို မမျှော်လင့်ကြောင်းနှင့် ပုံမှန်နိုင်ငံရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးရောက်ရန် မျှော်လင့်ကြောင်း ပြောဆိုထားသည်။
အာဏာသိမ်းမှုအပေါ် တရုတ်သံအမတ်၏ သဘောထားထွက်ပေါ်လာပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၁၇ ရက်တွင် KIA အဖွဲ့ကလည်း အလားတူထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ဆန္ဒဖော်ထုတ်သူ ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်းမလုပ်သင့်ကြောင်း၊ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပြည်သူတို့၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ကြိုဆိုကြောင်း ဖော်ပြထားသည်။
နိုင်ငံတော်အာဏာကို လတ်တလော သိမ်းယူထားသည့် စစ်ဗိုလ်ချုပ်များနှင့် အရပ်သားအချို့ ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ(နစက)က ပုဒ်မတချို့ကို အဆောတလျင်ပြင်ဆင်လျက်ရှိရာ ထိုအထဲတွင် ၎င်းတို့ကို အကာအကွယ်ပေးမည့်၊ လူထုအုံကြွမှုကို ထိခိုက်အားနည်းစေမည့် ပြင်ဆင်ချက်များ ပါဝင်သည်။
CDM တွင်ပါဝင်သည့် ဝန်ထမ်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်နေသလို အာဏာဖီဆန်မှုတွင် ပါဝင်နေသည့် အနုပညာရှင်များထဲမှ တချို့ကို ဖမ်းဝရမ်းထုတ်ထားသည်။
လူဦးရေ ၁၀ သိန်းကျော်သာရှိသည့် ကချင်ပြည်နယ်တွင် လူထုအုံကြွမှုတွင် ပါဝင်သည့် ဒေသခံအရေအတွက်မှာလည်း သိန်းနှင့်ချီ၍ ရှိနေသည်။
တစ်နိုင်ငံလုံး ဆန္ဒပြမှုများ အားကောင်းလျက်ရှိသလို ကချင်ပြည်နယ်၏ လူထုအုံကြွမှုမှာလည်း ဆက်လက်အားကောင်းလျက်ရှိနေဆဲဖြစ်သည်။