သတင်း

ဟိုတယ်တစ်ခုတွင် ပိတ်မိနေသည့် စစ်တပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်ရှိ ဟိုတယ်တစ်လုံးကို စီးနင်းထားသည့် စစ်ကောင်စီစစ်ကြောင်း တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ၄ ရက်ကြာ ပိတ်ဆို့တိုက်ခိုက်နေသည်။

ကချင်ပြည်နယ် ဖားကန့်မြို့အနီးရှိ ဟိုတယ်တစ်လုံးကို စီးနင်းပြီး ဒေသခံများကို ဓားစာခံအဖြစ်ဖမ်းထားသည့် စစ်ကောင်စီစစ်ကြောင်း တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

စက်တင်ဘာ ၇ ရက်က   ဆိုင်းတောင်ရွာရှိ Lucky Men ဟိုတယ်ကို အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့သည်။

 ထိုနေ့တွင်ပင် ဟိုတယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA နှင့် ပူးပေါင်းတပ်များက ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေရာ ယနေ့ (စက်တင်ဘာ ၁၀ ရက်အထိ) တိုက်ပွဲများ ၄ ရက်ကြာ  ဆက်လက်ပြင်းထန်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဒီနေ့လည်း အဲဒီ ဝိုင်းထားတဲ့ ဟိုတယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့၊ ဒါပေမယ့် မြေပြင်သတင်းကတော့ ဘာမှမကြားရသေးဘူး၊ တိုက်ပွဲဖြစ်တယ်ဆိုတာလောက်ပဲ ကြားရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်နက်ကြီးဖြင့် နှစ်ဘက်အပြန်အလှန် ပစ်ခတ်နေသည့်၊ ပြင်းထန်သည့် တိုက်ပွဲကြောင့် ဆိုင်းတောင်ရွာ ဒေသခံများ ပုန်းအောင်းနေကြသည်၊  ဖားကန့်မြို့ အဝင်အထွက်လမ်းများလည်း ပိတ်ထားသည်ဟု  KIAနှင့် နီးစပ်သူ ဆိုင်းတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“အခုက အဝင်အထွက်အကုန်ပိတ်ထားတာပေါ့၊ ဆိုင်းတောင်က လူတွေလည်း ထွက်လို့မရဘူး၊ မနေ့ညကလည်း ချကြတယ်၊ ဒီမနက်ထိလည်း ချကြတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

“လောလောဆယ် အဲဒီ Lucky Men ဟိုတယ်မှာ စစ်ကောင်စီတပ်ကို ဝိုင်းပြီးပိတ်ဆို့ထားတာ၊ ဖားကန့်ကနေ ဆိုင်းတောင်ဘက်သွားတဲ့လမ်း အကုန်ပိတ်ထားတယ်၊ ရွာဟောင်းဘက်လည်း ပိတ်ထားတယ်”

တိုက်ပွဲဖြစ်ပွားရာ Lucky Men ဟိုတယ် တည်ရှိရာပြမြေပုံ။

ကျောက်စိမ်းတူးဖော်ရေးဒေသရှိ အဆိုပါ ဟိုတယ်အတွင်း အဖမ်းခံနေရသူများထဲတွင်  အရေအတွက် မသိရသေးသော ဝန်ထမ်းများ၊ ဧည့်သည်များပါဝင်သည်။

“Lucky Men ဟိုတယ်က ဝန်ထမ်းတွေလည်း အပြင်ကို ထွက်လို့မရဘူး။ သူတို့ကိုလည်း မိဘတွေက စိတ်ပူနေကြတာပေါ့။ ဟိုတယ်မှာလုပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးတွေလည်း ဓားစားခံဖမ်းထားတော့ ထွက်လို့မရဘူး” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်သည် ဟိုတယ်အတွင်းမှ လက်နက်ကြီးများဖြင့် ခုခံပစ်ခတ်နေပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးသလို အရေအတွက် မသိရသေးသော ဒေသခံအချို့လည်း သေဆုံးနိုင်သည်ဟု သိရသည်။  

စက်တင်ဘာ ၇ ရက်နေ့က ဆိုင်းတောင်ရွာတွင် သွားလာနေသည့် ဒေသခံအမျိုးသား ၃ ဦးကို စစ်တပ်က ပစ်သတ်ခဲ့သည်ဟုအထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

ဟိုတယ်ကို စီးနင်းပြီး ဓားစာခံများ ဖမ်းဆီးထားမှု၊ ပစ်ခတ်မှုအခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏အင်တာနက်စာမျက်နှာတွင်လည်း ကချင်ပြည်နယ်အကြောင်းကို ပြီးခဲ့သည့် ရက် ၃၀ အတွင်း ဖော်ပြထားခြင်း မရှိပေ။

ဟိုတယ်အတွင်းဖမ်းဆီးခံနေရသူများ လွှတ်မလာသေးခြင်း၊  ပိတ်မိနေသည့် စစ်ကောင်စီ တပ်သားများကို KIA က လမ်းမဖွင့်ပေးခြင်းတို့ကြောင့် တိုက်ပွဲ ရပ်ဆိုင်းမည့် အခြေအနေမရှိသေးကြောင်း ဒေသခံတို့က ခန့်မှန်းသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့တွင်   KIA နှင့် ပူးပေါင်းတပ်များက ဖားကန့်မြို့ အနောက်ဘက်ရှိ   လမောင်ကုန်းနှင့် အနောက်မြောက်ဘက်ရှိ တောမှော်စခန်းကုန်းတို့ကို  သိမ်းပိုက်ခဲ့သည်။

ဖားကန့်တွင် ၎င်းတို့ ဆက်လက် ထိုးစစ်ဆင်မည် ဆိုပါက  ယခုတိုက်ပွဲဖြစ်ပွားနေသည့် ဆိုင်းတောင်ရွာမှ စခန်းကုန်းအပြင် ကံစီးဗျူဟာကုန်း၊ လုံးခင်းကျေးရွာအနီးရှိ ယမ်းချက်စခန်းနှင့် မြို့ပေါ်ရှိ ဗျူဟာကုန်း စသည့် စစ်ကောင်စီစခန်းများတွင် တိုက်ပွဲများ မြင်တွေ့ရမည် ဖြစ်သည်။

ဖားကန့်မြို့အရှေ့ဘက် ၃၅ မိုင်ခန့်အကွာတွင်ရှိပြီး ဖားကန့်မြို့ဝင်ပေါက်တစ်ခုဟု ပြော၍ရနိုင်သည့် ကာမိုင်းမြို့မှ ကာမိုင်းဗျူဟာကုန်းလည်း သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်ဟု KIA သတင်းရင်းမြစ်များက ပြောသည်။

မတ်လဆန်းမှ စတင်သည့် ကချင်ထိုးစစ်အတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ ရာနှင့်ချီသည့် တပ်စခန်းပေါင်းများစွာနှင့် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘိုမြို့၊ မိုးမောက်မြို့နယ်၊  နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button