ဆောင်းပါး

အမေ့ခံ အမျိုးသမီး

ရန်ကုန် – ကျွန်မရဲ့ အိမ်နီးနားချင်းလည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်၊ ကျွန်မကို ရက်ကန်းသင်ပေးတဲ့ ဆရာမတစ်ဦးလည်း ဖြစ်တဲ့ နော်မယ် ဆုံးပါးသွားကြောင်း မေမေ ဖုန်းဆက်ပြောတဲ့ နေ့ကို ကောင်းကောင်း မှတ်မိနေပါတယ်။ အဲဒီနေ့က ၂ဝ၁၅၊ မတ်လ ၁၁ ရက်နေ့။ ညနေခင်း လေပြည်လေးကလည်း တိုက်ခတ်နေခဲ့ပြီး မဲဆောက်မြို့မှာ တက်နေတဲ့ ကျွန်မတို့ ကျောင်းကပြန်လာခါစအချိန်ဖြစ်ပါတယ်။

ဒီလိုနေ့ရက်မျိုးကို တစ်ချိန်ချိန်မှာ ရောက်လာလိမ့်မယ် ဆိုတာ သိပြီးသားပေမဲ့ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ကြုံတွေ့ရလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ ကျွန်မ ဝမ်းနည်း တုန်လှုပ်စွာနဲ့ ငိုကြွေးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကပဲ သူ့ဆီကို ကျွန်မသွားလည်ခဲ့တယ်။ ထိုင်း-မြန်မာ နယ်စပ် မယ်လဒုက္ခသည်စခန်းမှာရှိတဲ့ ဓနိမိုး၊ ထရံကာအိမ်လေးရဲ့ မှောင်မှောင်မည်းမည်းအခန်းငယ်လေးထဲ အိမ်ရာပေါ်မှာ ဖျော့တော့ပိန်လှီပြီး လဲလျောင်းနေတဲ့ သူ့ကို တွေ့ရတဲ့အချိန်မှာ ကျွန်မ အင်မတန် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

ကွယ်လွန်ချိန်မှာတော့ သူ့အသက် ၄၁ နှစ်ရှိပါပြီ။ ၈ နှစ်နဲ့ ၁ဝ နှစ်အရွယ် သားနှစ်ယောက်၊ ခင်ပွန်းသည်တို့ ကျန်ရစ်ပါတယ်။ သူက အမြဲတမ်း မျက်မှောင်ကြုတ်ထားသလို ဖြစ်နေပြီး မျက်နှာထားကလည်း ခပ်တည်တည်ဖြစ်နေတဲ့အတွက် သူ့အိမ်နီးချင်းတွေရဲ့ လှောင်ပြောင်စရာ ဖြစ်နေပါတယ်။

သူအရင်က ကျွန်မကို ပြောခဲ့တာတစ်ခု ရှိပါတယ်၊ “ငါ့ကလေးတွေကို လူပီပီသသ ကြီးပြင်းနိုင်ဖို့ အခွင့်အရေးရစေချင်တယ်။ ပညာတတ်တွေဖြစ်စေချင်တယ်။ ငါနဲ့ ငါတို့ အဘိုးအဘွားတွေလို ဒုက္ခ မကြုံစေချင်ဘူး။ ငါ့အတွက်ကတော့ ဘာမှ မပူတော့ပါဘူး။ ဘဝတစ်ခုလုံး ဘုရားသခင်ကိုပဲ ပေးအပ်ထားတယ်။ ငါနေရဖို့လည်း သိပ်မကြာတော့ပါဘူး” လို့ သူက ဝမ်းနည်းစွာနဲ့ အိမ်ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ရင်း ကျွန်မကို ပြောပြဖူးပါတယ်။ သူ့ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေမှာ သူ့ကို ကျွန်မ ဘာမှ မကူညီနိုင်ခဲ့ပါဘူး။

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်း ကိုးခုမှာရှိတဲ့ ဒုက္ခသည်တွေလိုပါပဲ၊ နော်မယ်ဟာ ဆင်းရဲမွဲတေမှု၊ စစ်ပွဲ၊ ခွဲခြား ဆက်ဆံခံရမှုတွေကြောင့် အချိန်မတန်မီ ဆုံးပါးသွားခဲ့ရတာပါ။ ကရင်ပြည်နယ်က သူ့ဇာတိအရပ်မှာ နေခွင့်မရခဲ့ဘဲ ဒုက္ခသည်စခန်းက နိမ့်ကျတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကိုပဲ ရခဲ့ပါတယ်။

သူ့အဖြစ်အပျက်ဟာ ထူးထူးခြားခြား မဟုတ်ပေမဲ့ ကျွန်မရင်ထဲမှာ အမြဲ ရှိနေမှာပါ။ သူ့အဖြစ်အပျက်ကြောင့်ပဲ ရွှေ့ပြောင်း ကရင်တိုင်းရင်းသားအမျိုးသမီးတွေရဲ့ အခက်အခဲကို မှတ်မှတ်ထင်ထင် ဖြစ်နေပါတယ်။ ကျွန်မကလည်း ဒီအမျိုးသမီးတွေထဲက တစ်ဦးပါပဲ။

၂ဝဝ၆ ခုနှစ်မှာ ဒီဒုက္ခသည်စခန်းကို ကျွန်မစရောက်လာစဉ်မှာပဲ နော်မယ်ကို စတွေ့ခဲ့တာပါ။ အဲဒီတုန်းက ကျွန်မ အသက်က ၁ဝ နှစ်။ အမေ့ဆွေမျိုးတွေက ဒီဒုက္ခသည်စခန်းဟာ လုံခြုံတယ်၊ တည်ငြိမ်မှုရှိတယ်၊ ကလေးတွေပညာသင်နိုင်တယ်၊ အလုပ်အကိုင်အခွင့်အရေးတွေလည်း ရှိတယ်ပြောလို့ အမေနဲ့အတူ ကျွန်မရောက်သွားတာပါ။

နော်မယ်ရဲ့ မျက်ခုံးတွေကြောင့် မာရေကျောရေလို့ လူတွေက ထင်ပေမဲ့ သူဟာ ရိုးသားကြင်နာတတ်သူပါ။ သူနဲ့ စတွေ့ချိန်မှာ သူ့အသက်က ၃ဝ ကျော်လောက်ဖြစ်လို့ အသက်အရွယ်ချင်း ကွာပေမဲ့ သူဟာ ကျွန်မရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်လာသလို ဆရာမလည်း ဖြစ်လာပါတယ်။ သူငယ်ငယ်က ကရင်ပြည်နယ်မြောက်ဘက် တောင်တန်းဒေသဘက်တွေမှာ နေခဲ့တုန်းက သူ့အမေဆီကနေ ရိုးရာရက်ကန်းခတ်နည်း သင်ခဲ့ရလို့ နော်မယ်လည်း ရက်ကန်း ကျွမ်းကျင်ပါတယ်။

သူဟာ အစွန်အဖျားရွာတစ်ရွာမှာ ကြီးပြင်းခဲ့ပြီး မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တို့ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြားမှာ ရှင်သန်အောင် နေထိုင်ခဲ့ရပုံတွေအကြောင်း ကျွန်မကို ပြန်ပြောပြပါတယ်။

နော်မယ်က ကျောင်းစာ မသင်ခဲ့ရသလို ပြင်ပဗဟုသုတလည်း နည်းရှာပါတယ်။ သူဟာ စစ်ပွဲတွေဖြစ်၊ ဆင်းရဲနုံချာတဲ့ နေရာမှာ ဘဝရပ်တည်ရေးအတွက် လယ်သမား၊ ရက်ကန်းသည် အဖြစ် ရုန်းကန်ခဲ့ရတဲ့ ကရင်အမျိုးသမီးတစ်ဦးပါပဲ။

သူ့ရဲ့ပထမခင်ပွန်းဟာ တိုက်ပွဲမှာ ဆုံးသွားပြီး သားလေးယောက်စလုံးဟာလည်း ငှက်ဖျားရောဂါကြောင့် သေဆုံးသွားခဲ့ပါတယ်။ ၂ဝဝ၄ မှာ ဒုက္ခသည်စခန်းကို ရောက်လာခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ မှတ်ပုံတင်နိုင်ခဲ့လို့ အခြေခံအစားအစာ အသုံးအဆောင်လေးတွေကိုတော့ ရခဲ့ပါတယ်။ အဲဒီနောက်မှာ သူရဲ့ နေထိုင်ရေးတိုးတက်လာပြီး ဘဝလုံခြုံမှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရပါတယ်။

ဒုက္ခသည်စခန်းမှာ ကရင်အမျိုးသားတစ်ယောက်နဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူထပ်ယူလိုက်တဲ့သူက မူးယစ်ဆေးစွဲလာပြီး ရှိတဲ့ငွေနည်းနည်းကိုလည်း ဘိန်းနဲ့ အရက်အတွက် ဖြုန်းတီးပစ်ခဲ့ပါတယ်။

အဲဒီလို ဖြစ်နေတာနဲ့ ပတ်သက်ပြီး နော်မယ် အပြစ်တင်စကားဆိုတာ ကျွန်မ တစ်ခါမှ မကြားခဲ့ဖူးပါဘူး။ ခင်ပွန်းအပေါ် မမှီခိုဘဲနဲ့ ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့သူပါ။ သားနှစ်ယောက်က ငယ်သေးပေမဲ့ အိမ်မှုကိစ္စတွေ လုပ်ရင်း အပြင်အလုပ်တွေကိုပါ လုပ်ခဲ့ပါတယ်။ သွေးနုသားနုချိန်မှာတောင် ရေခပ်၊ အဝတ်လျှော်တာတို့တွေ လုပ်ပါတယ်။

ကျွန်မက သူ့အိမ်ကို နေ့တိုင်းနီးပါးရောက်ပြီး ရက်ကန်းရက်သင်ပါတယ်။ သူစိုးရိမ် ထိတ်လန့်နေရတာတွေအကြောင်း ကျွန်မကို တိုးတိုး တိတ်တိတ်ပြောပြပါတယ်။ သူအပြင်းအထန် ဖျားနေချိန်မှာတော့ သူ့ဘေးနား ကျွန်မ မရှိနိုင်ဘဲ ပညာသင်ဖို့ အဝေးကို ရောက်နေပါတယ်။

ကျန်းမာရေးမကောင်းတဲ့ တခြားဒုက္ခသည်တွေလိုပဲ နော်မယ်ဟာ ရောဂါသက်သာဖို့ နီးစပ်ရာဆေးခန်းတစ်ခုကနေ အခြေခံဆေးဝါးလေးတွေရပြီး နေ့စဉ်အလုပ်တွေကို ဆက်လုပ်ပါတယ်။
သူ့သားအိမ်က ဇောက်ထိုးဖြစ်နေတယ်လို့ ဆရာဝန်က ပြောပြီး အလေးအပင်တွေကို မသယ်ဖို့ သတိပေးခဲ့ပေမဲ့ ဒုက္ခသည်စခန်းမှာ လုပ်ရတဲ့ အလုပ်တွေက ဒါကို ရှောင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ သူ့ယောက်ျားက သူ့ကို ဂရုမစိုက်တဲ့အပြင် ရောဂါကို ပုံကြီးချဲ့နေတယ်လို့တောင် ထင်ပါတယ်။ ၂ဝ၁၄ နှစ်လယ်ပိုင်း ရောဂါပြင်းထန်လာချိန်အထိ အလုပ်တွေ ဆက်လုပ်နေရသေးတယ်။ နောက်ဆုံး အဲဒီနှစ် ဒီဇင်ဘာလမှာတော့ ဒုက္ခသည်စခန်းက ဆေးရုံကြီးကို တင်လိုက်ရပါတော့တယ်။ နော်မယ်ရဲ့ သားအိမ်ကင်ဆာဟာ နောက်ဆုံးအခြေအနေကို ရောက်နေလို့ ဆရာဝန်တွေက လက်လျှော့လိုက်ပြီဆိုတဲ့အကြောင်း အမေက အဝေးမှာ ကျောင်းတက်နေတဲ့ ကျွန်မကို လှမ်းပြောပါတယ်။ ဒေါ်လာ သောင်းနဲ့ချီပြီး အကုန်အကျခံနိုင်မယ်ဆိုရင်တော့ ရောဂါကို ကုလို့ရမယ့်အကြောင်း ဆရာဝန်တွေက ရှင်းပြပါတယ် တဲ့။ သူ့အနေနဲ့ အထည်လေးတွေ ရက်ပြီးတော့ ဝင်ငွေရနေတာဖြစ်ပြီး နှစ်ရက်ကြာမှ တစ်ထည်လောက်ပြီးတာပါ။ သူ့မှာ ငွေပိုမရှိသလို ဘယ်သူကမှလည်း သူ့ကို မထောက်ပံ့တာကြောင့် သူနေတဲ့ တဲလေးဆီကိုပဲ ပြန်လာပြီး နောက်ဆုံးခေါင်းချရမယ့် နေ့ကိုပဲစောင့်နေခဲ့ရပါတယ်။

သူ့အဖြစ်ကို ကြည့်ပြီး စစ်ပွဲတွေ၊ ဆင်းရဲမှုတွေသာရှိပြီး ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေမရနိုင်တဲ့ နေရာက တခြားအမျိုးသမီး ဘယ်လောက်များများ နော်မယ်လို ဒုက္ခတွေကြုံတွေ့နေရမလဲလို့ တွေးမိပါတယ်။ အမျိုးသမီးတွေဟာ ထိခိုက်ခံရပိုလွယ်သူတွေပါ။ ရှေးရိုးစွဲနေတဲ့ ယဉ်ကျေးမှုတွေကပဲ သူတို့ကို ကြုံလာသမျှကံကြမ္မာကို ဆိတ်ဆိတ်နေပြီး လက်ခံဖို့ သင်ကြားပေးနေတာပါ။

ပစ်ပယ်ခံရတဲ့သူတွေ၊ သူတို့ရဲ့ အခွင့်အရေးတွေကို မသိရှာတဲ့သူများရဲ့ဘဝဟာ ကြမ်းတမ်းလွန်းပါတယ်။ အပြင်လောကကို ကြည့်ခွင့်မရဘဲ နာကျင်မှုတွေ ကြိတ်မှတ်ခံစားနေရတဲ့ ဒီအမျိုးသမီးတွေအကြောင်း စဉ်းစားမိတိုင်း ကျွန်မရင်ထဲမှာ နာကျင်မိပါတယ်။ သူတို့အတွက် လွတ်မြောက်ရာလမ်း ရှာတွေ့လာနိုင်မလား။ ကျွန်မ မသိပါဘူး။ မျှော်လင့်ရုံပဲ မျှော်လင့်နိုင်တာပါ။

ဒုက္ခသည်စခန်းမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မမှာ နော်မယ်ရဲ့ ဘဝကို လှစ်ဟပြဖို့ တာဝန်ရှိတယ်ဆိုတာ နားလည်ထားပါတယ်။ စာနယ်ဇင်းလောကကို စတင်ဝင်ရောက်လာသူ ကျွန်မအဖို့ ဒီလိုအဖြစ်အပျက်မျိုးကို မျှဝေရေးသားခြင်းဟာ ကျွန်မတို့ အသိုင်းအဝိုင်းထဲက အကာအကွယ်မဲ့ ဒုက္ခရောက်နေသူတွေ အကြောင်း ဆွေးနွေးမှုဖြစ်လာနိုင်မယ်လို့ မျှော်လင့်နေတာပါ။ ဒါဆိုရင် သူတို့ဘဝတွေအကြောင်း ပြင်ပကမ္ဘာကလည်း တဖြည်းဖြည်း သိရှိလာပါလိမ့်မယ်။ သူတို့ရသင့်တဲ့ အကူအညီတွေကိုလည်း လူတွေက ပေးလာနိုင်မှာဖြစ်ပါတယ်။

(Myanmar Now သတင်းဌာန အလုပ်သင်သတင်းထောက် အန်ဆန်ဝါ၏ ဆောင်းပါးကို အောင်ခင် ဘာသာပြန်သည်)

Show More

Related Articles

Back to top button