သတင်း

မြဝတီနယ်စပ်ဂိတ်များ စပိတ်၊ ထိုင်းနှင့်မြန်မာ နိုင်ငံသားများသာ ဝင်ထွက်ခွင့်ပြု

ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် မြန်မာထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ်ဂိတ်များကို ယနေ့ (မတ် ၁၉) မှစ၍ ပိတ်လိုက်ပြီဖြစ်ပြီး ထိုင်းနှင့်မြန်မာနိုင်ငံသားများကိုသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ခရိုင်မှူး ဦးအောင်ခိုင်ဆွေက Myanmar Now ကိုပြောသည်။

ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားတွေသာ ဝင်ထွက်ခွင့်ပေးပြီးတော့ ဒီ့ပြင်နိုင်ငံသားတွေ အားလုံးကို ရန်ကုန်လေဆိပ်ကနေဝင်ဖို့ပဲ ကျွန်တော်တို့ ညွှန်ကြားပါတယ်ဟု ၎င်းကဆိုသည်။

မြဝတီရှိ ချစ်ကြည်ရေးတံတား အမှတ် () နှင့် () တရားဝင်နယ်စပ်ဂိတ် နှစ်ခုစလုံးကို အဆိုပါကန့်သတ်မှုများ ပြုလုပ်ထားကြောင်း၊ သောင်ရင်းမြစ်ကမ်းတစ်လျှောက်ရှိ လှေဖြင့်ဖြတ်သန်းနေသော တရားမဝင်ဂိတ်များကိုမူ ထိန်းချုပ်ရခက်ခဲကြောင်း ၎င်းကဆက်ပြောသည်။

မြဝတီဒေသခံတစ်ဦးဖြစ်သူ ဦးအောင်မိုးဆန်းက ယင်းသတင်းကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသဖြင့် သိရှိသော်လည်း ကရင်ပြည်နယ်အစိုးရက တရားဝင်ကြေညာခြင်းမရှိကြောင်း၊ ပြည်နယ်အစိုးရအနေနှင့် တရားဝင်ထုတ်ပြန် ကြေညာသင့်ကြောင်း ဆိုသည်။

တံတားမှာ မြန်မာပြည်က ပြန်ဝင်လာတဲ့သူ တော်တော်များနေတယ်။ တရုတ်တော့ မတွေ့ရသေးဘူးဟု ၎င်းကဆိုသည်။

တရားဝင်နယ်စပ်ဂိတ်များ ပိတ်လိုက်သော်လည်း သောင်ရင်းမြစ်ကမ်းတစ်လျှောက်ရှိ တရားမဝင်ဂိတ်များမှ ဝင်ရောက်မှုများ ရှိနေသည်ကို တွေ့ရကြောင်း၊ ယနေ့နံနက်တွင်လည်း အမှတ်() ချစ်ကြည်ရေးတံတားအနီး River View ဟိုတယ် အနောက်ဘက်ရှိ ဘောဂိတ်၌ ခရီးသည်တင်လှေတစ်စီး ဆိုက်ကပ်သည်ကို တွေ့ရကြောင်း ၎င်းထံမှသိရသည်။

ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန စာရင်းများအရ မြဝတီမြို့တွင် ဗီဇာအမျိုးမျိုးဖြင့်နေထိုင်သည့် နိုင်ငံခြားသား ၁၅၀၀ ခန့်ရှိသည်။

မြန်မာထိုင်းနယ်စပ်တစ်ခုဖြစ်သော ကော့သောင်းရနောင်းနယ်စပ်တွင်လည်း ခြွင်းချက်အနေဖြင့် နှစ်နိုင်ငံအရေးကြီးကိစ္စမှလွဲ၍ ထိုင်းနိုင်ငံဘက်သို့ မည်သည့်နိုင်ငံသားမျှ ဝင်ခွင့်မပြုကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ မတ်လ ၁၆ ရက်နေ့က တရားဝင်ထုတ်ပြန်လိုက်သည်ဟု ကော့သောင်းရှိ ရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်နေသူ ကိုမိုးဝေက Myanmar Now ကို ပြောသည်။

ယနေ့မှစ၍ ထိုင်းဘက်မှ ဝင်ခွင့်ပိတ်လိုက်ပြီး ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် သွားလာသူများသာရှိတော့သည်ဟု ၎င်းကဆိုသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယမန်နေ့ည ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ရောဂါပိုးအတည်ပြု လူနာမတွေ့ရှိရသေးဘဲ လက်ရှိတွင် စောင့်ကြည့်လူနာ ၁၃ ဦးသာရှိနေသည်။

ကမ္ဘာတွင် နိုင်ငံပေါင်း ၁၅၉ ခုမှ COVID-19 ရောဂါကူးစက်ခံရသူ ၁၉၁,၁၂၇ ဦးရှိပြီး သေဆုံးသူ ၇,၈၀၇ ဦးရှိခဲ့ပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင် ရောဂါပိုးအတည်ပြုလူနာ ၂၀၇ ဦးတွင် တစ်ဦးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button