သတင်း

ဝင်ခွင့်ပိတ်ထားသော်လည်း ထိုင်းနယ်စပ်ဂိတ်အချို့မှ မြန်မာနိုင်ငံသားများဆက်ဝင်နေ

ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို ဧပြီလလယ်နောက်ပိုင်းမှ ပြန်လည်ဝင်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၃၀ တွင် ပန်ကြားထားသော်လည်း မြန်မာ-ထိုင်းနယ်စပ်ဂိတ်အချို့မှနေ၍ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်မှုများရှိနေကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောသည်။

မြန်မာနိုင်ငံတွင် ကိုးယောက်မြောက် ကိုဗစ်နိုင်တင်း (COVID-19) ရောဂါပိုးတွေ့ရှိသူသည် မတ် ၂၃ တွင် မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်ခဲ့သည့်အတွက် အစုလိုက်အပြုံလိုက် ပြန်ဝင်လာသူအချင်းချင်းနှင့် ပြည်သူများကြားတွင် ကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီးဖြစ်ပွားရန် အလားအလာများသောကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသို့ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းသို့ကြေညာထားသော်လည်း မတ် ၃၁ မှ ယနေ့ညနေအထိ ၃ ရက်အတွင်း မြဝတီချစ်ကြည်ရေး တံတားအမှတ် (၂) မှ ၂,၈၀၀ ကျော် ဝင်ရောက်လာခဲ့ပြီး ကော့သောင်း-ရနောင်းနယ်စပ်နှင့် ဘုရားသုံးဆူနယ်စပ်တို့မှ ဝင်ရောက်မှုများလည်းရှိနေသည်။

“အားလုံးပိတ်ထားပြီးပြီ သို့သော်လည်းပဲ အချို့တောရွာထဲကလူတွေက မသိနိုင်လို့ နည်းနည်း ကြိုကြိုကြားကြားတော့ ရှိနိုင်ပါတယ်။ မနက်ဖြန်တော့ အဖြေတစ်ခုထွက်မှာပါ” ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောသည်။

မတ်လ ၃၁ ရက်နေ့မှစ၍ ဝင်ရောက်လာသူအားလုံးသည် တိုင်းနှင့်ပြည်နယ်အစိုးရက သတ်မှတ်ထားသည့် နေရာအသီးသီးတွင် မဖြစ်မနေ သီးသန့်ခွဲခြားနေထိုင်ရမည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“နှစ်ပတ်ခြားလိုက်ရင် လက်ရှိ (သီးသန့်ခွဲထားတဲ့) လူတွေက ပြီးသွားမယ်လေ။ လက်ရှိထားထားတဲ့ နေရာလည်းလွတ်သွားမယ် နောက်ထပ်စီမံတဲ့ဟာ(နေရာအသစ်တွေ)လည်း တိုးလာမယ် အဲဒါဆို ကျွန်တော်တို့ သီးခြားထပ်ခွဲထားတာ လုပ်လို့ရမယ်” ဟု ဦးတေဇာအောင်ကပြောသည်။

ထိုင်းအစိုးရမှ မတ်လ ၂၃ ရက်နေ့မှစ၍ တရားဝင်နယ်စပ်ဂိတ်များကို ပိတ်ထားသော်လည်း နှစ်နိုင်ငံညှိနှိုင်းမှုဖြင့် မြန်မာနိုင်ငံသားများကို ဆက်ဝင်ခွင့်ပြုခဲ့ပြီး ယနေ့အထိ မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတားမှ ၃၁,၁၄၃ ဦး၊ တာချီလိတ်မှ ၂,၀၄၈ ဦး၊ ကော့သောင်းမြို့မတံတားမှ ၃၇၄ ဦး၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ၃,၇၃၉ ဦး စုစုပေါင်း ၃၇,၃၀၄ ဦးရှိကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဂိတ်တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါဂိတ်များအနက် တာချီလိတ်နယ်စပ်တွင် မတ်လ ၃၀ ရက်နေ့မှစ၍ ဝင်ရောက်မှု မရှိသော်လည်း ကော့သောင်း၊ ဘုရားသုံးဆူနှင့် မြဝတီနယ်စပ်များတွင် ဝင်ရောက်နေဆဲဖြစ်ပြီး ဘုရားသုံးဆူဂိတ်မှာ တရားဝင်ဖွင့်လှစ်ထားသောဂိတ်မဟုတ်ဟု ဆိုသည်။

မြဝတီချစ်ကြည်ရေးတံတား အမှတ်(၂)ကို ယနေ့တွေ့မြင်ရစဉ် (ဓာတ်ပုံ – Tay Zar Aung)

“တရားဝင်မဟုတ်တဲ့အတွက် အပေါက်တွေက မျိုးစုံရှိတာပေါ့။ ဒါပေမဲ့ကျွန်တော်တို့က နယ်မြေခံတပ်တွေနဲ့ ထိန်းချုပ်ပြီးတော့ တစ်နေရာတည်းမှာ စစ်ဆေးတော့ သူတို့လာပြီးအစစ်ခံပါတယ်” ဟုဘုရားသုံးဆူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးကပြောသည်။

ထို့အပြင် မြဝတီရှိ နယ်ခြားစောင့်တပ်အောက်ရှိ ဂိတ်များကို တပ်ရင်းများကိုယ်တိုင် ထိန်းချုပ်ပြီး ကျန်ဝင်ပေါက်များကို ရပ်မိရပ်ဖများဖြင့်စောင့်ကြည့်ထားသည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောသည်။

ယနေ့အထိ တရားမဝင်ဝင်ပေါက်များမှ ဝင်ရောက်လာသူ ၁၀ ယောက်ကျော်ကို ဖမ်းမိခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ ကိုဗစ်နိုင်တင်း ရောဂါပိုးတွေ့ရှိသူ ၂၀ အထိရှိနေပြီး သေဆုံးသူ တစ်ဦး ရှိနေပြီ ဖြစ်သည်။ ပိုးတွေ့ရှိသူများမှာ နိုင်ငံခြားမှ ဝင်ရောက်လာသူ ၁၂ ဦးနှင့် ပြည်တွင်းနေထိုင်သူ ၈ ဦးဖြစ်သည်။

မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံတွင် ယနေ့အထိ ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်ခံရသူ ၁,၈၇၅ ဦး ရှိနေပြီး သေဆုံးသူ ၁၅ ဦးရှိသည်။

Show More

Related Articles

Back to top button