အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြဝတီမြို့နယ် ဖလူးတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက်ကျ 

ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးဒေသ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ အာဏာသိမ်းစစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ကရင်ဒေသခံများက ပြောသည်။

ခွဲထွက် DKBA အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်တပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ကို ယမန်နေ့ကတည်းက တိုက်ခိုက်နေခြင်းဖြစ်ကာ ဒေသခံ ၆၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ယနေ့တိုက်ပွဲအတွင်း ထိုင်းနိုင်ငံဘက်ခြမ်းရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် နွားမွေးမြူရေးခြံအနီး လက်နက်ကြီးကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးက မကွဲဘူး။ ကွဲရင် တော်တော်သေမယ်။ နွားတင်းကုပ်နားမှာ ကျတယ်လေ။ ဒီမနက်ပိုင်း ၁၂ နာရီ မထိုးခင်လောက်ကဖြစ်တာ” ဟု အဆိုပါ ကရင်ဒေသခံက ပြောသည်။ 

ပြည်တွင်းမှ ကရင်တိုင်းရင်းသားတစ်ဦးကလည်း “ကျတာတော့မှန်တယ်။ မကွဲတာလားမသိဘူး။ ဒဏ်ရာရတာလည်းမရှိဘူးတဲ့။ တိုက်ပွဲဖြစ်တာက မနေ့ကတည်းက ဖလူးဘက်မှာဖြစ်တာ၊ ဒီနေ့ဆက်ဖြစ်တော့ သူတို့ နေ့လယ်ဘက်က ကျည်က ဟိုဘက်ရောက်သွားတာ” ဟု ပြောပြသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရောက်မှုနှင့် ပတ်သက်၍ စစ်ဘေးရှောင်နှစ်ဦးနှင့် ထိုင်းစစ်သားတစ်ဦး ဒဏ်ရာရသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ မဲဆောက်မြို့၌ နေထိုင်သူတစ်ဦးကမူ “ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့သတင်း အဲဒီသတင်းက လုံးဝမဟုတ်ဘူးနော်။ အကိုတို့ ကိုယ်တိုင်သွားပြီး ကြည့်ပြီးပြီ” ဟု ပြောပြသည်။

ယမန်နေ့က ဖြစ်ပွားသည့် ဖလူးဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံးခဲ့ကြောင်း ခွဲထွက် DKBA ခေါင်းဆောင် ဗိုလ်မှူးစောကျော်သက်က ပြောကြားထားသည်။ စစ်အာဏာသိမ်းမှုကို လက်မခံ၍ ခွဲထွက် DKBA အပါအဝင် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့် မြဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ယ​နေ့တိုက်ပွဲတွင် နှစ်ဖက် ကျဆုံးဒဏ်ရာရရှိမှုအ​ခြေအ​နေကိုမူ မသိရှိရ​သေး​ပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button