
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဒေသခံကျေးရွာသားတစ်ဦး မိုင်းနင်းမိမှုကြောင့် ခြေထောက်တစ်ဖက် ပြတ်တောက်ဒဏ်ရာ ပြင်းထန်စွာရရှိသွားပြီး လက်ရှိတွင် မြေပုံမြို့နယ် ကန်းထောင်းကြီးတိုက်နယ်ဆေးရုံတွင် ကုသမှုခံယူနေရသည်။
သရက်ပင်ချောင်းကျေးရွာမှ ကျေးရွာသားသုံးဦးသည် ယနေ့ နံနက် ၁၀ နာရီခန့်က ၎င်းတို့ကျေးရွာနှင့် အုန်းတည်ချောင်းကျေးရွာကြား တံတားအနီး မက္ကလာတောင်ကုန်းပေါ်တွင် သလူဖက် ခုတ်နေစဉ်အသက် (၄၂)အရွယ် ဦးသိန်းဌေး မိုင်းနင်းမိခြင်းဖြစ်သည်။
“ညာဘက်လက်ညှိုးတစ်ချောင်း နည်းနည်းလေးဒဏ်ရာကြီးတယ်။ နောက် ညာဘက်ခြေထောက် ခြေမျက်စိအပေါ်က ပိုင်းသွားတယ်။ အခု ကန်းထောင်းကြီးဆေးရုံမှာပါ “ဟု ဒဏ်ရာရရှိသွားသူ ဦးသိန်းဌေး၏ ဇနီးဖြစ်သူ ဒေါ်လွယ်လေးက Myanmar Now သို့ပြောသည်။
ဦးသိန်းဌေးမှာ လယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ခမောက်ရက်လုပ်ရာတွင်အသုံးပြုသည့် သလူပင်ခုတ်ရောင်းစားနေသူတစ်ဦးလည်း ဖြစ်သည်ဟု ဇနီးဖြစ်သူ ဒေါ်လွယ်လေးက ပြောသည်။
ခင်ပွန်းဖြစ်သူ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ခြေထောက်ပြတ်တောက် မသန်စွမ်းဖြစ်သွားသည့်အတွက် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် စိတ်မကောင်းဖြစ်မိကြောင်း သူမက ဆက်ပြောသသည်။
“စိတ်မကောင်းဘူးလေ။ ဘယ်လိုမှဖြေလို့မရဘူး။ ဒီလိုမျိုးအခြေအနေဖြစ်သွားတော့ မိသားစုစားဝတ်နေရေးအခြေအနေကတော့ တစ်မျိုးတစ်ဖုံတော့ ပြောင်းလဲသွားနိုင်တာပေါ့” ဟု ဒေါ်လွယ်လေးက ပြောသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အနီးဝန်းကျင်တွင် ပြီးခဲ့သည့်နှစ်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားမှုကြောင့် ကျေးရွာသားအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်းခဲ့ ကြရသည်။
ထွက်ပြေးပုန်းရှောင်ခဲ့သည့် ကျေးရွာသားအများစုမှာ မိမိနေရပ်သို့ ပြန်လည်ရောက်လာခြင်း မရှိသေးဘဲ လက်ရှိတွင် အိမ်ခြေသုံးဆယ်ခန့်သာ နေထိုင်လျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် သရက်ပင်ချောင်းကျေးရွာမှ ကျေးရွာသားထက်ဝက်ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြသလို ၎င်းကျေးရွာမနီးမှ အုန်းတည်ချောင်းကျေးရွာနှင့် ဖရုံချောင်းကျေးရွာသားများမှာ ရွာလုံးကျွတ်နီးပါး မြေပုံမြို့နယ် ကမ်းထောင်းကြီးဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။
အမ်းမြို့နယ်မှ လူမှုရေးလုပ်ငန်းများလုပ်ဆောင်နေသူ ကိုမျိုးလွင်က” အရင်က သရက်ပင်ချောင်းနဲ့ အုန်းတည်ချောင်းကျေးရွာသားတွေက ရွာလုံးကျွတ်ထွက်ပြေးသွားကြတယ်လေ။ အခုမှ နည်းနည်းလေး ရောက်လာတာ။ အဲဒီဘက်မှာ ရွာလုံးကျွတ်ထွက်ပြေးလို့ တစ်ယောက်မှမရှိဖြစ်ခဲ့တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်ကျန်လက်နက်များနှင့် မြေမြှုပ်မိုင်းကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရရှိမှု များပြားခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်တွင် တပ်မတော်က မိုင်းရှင်းလင်းနေသည်ကို တွေ့ရသည်။
မိုင်းရှင်းလင်းရေးများလုပ်ဆောင်နေသည့်ကာလအတွင်း အမ်းမြို့နယ်တွင် ပထမအကြိမ်အဖြစ် ဒေသခံတစ်ဦး မိုင်းနင်းမိ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
အမ်း- စစ်တွေ ပြည်ထောင်စုလမ်းမကြီးနှင့် ရသေ့တောင်မြို့နယ် မေယုကမ်း၊ အငူမော်ဆိပ်ကမ်းမှ မောင်တောမြောက်ပိုင်း ခမောင်းဆိပ်သို့ ဆက်သွယ်ထားသော ကားလမ်းမကြီး လမ်းဘေးဝဲယာများကို ပထမဦးဆုံးရှင်းလင်းမှုပြုလုပ်နေခြင်းဟု တာဝန်ရှိသူများက ပြောဆိုထားသည်။
ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ လူငယ်သုံးဦးသည် ၎င်းတို့ကျေးရွာအနီး နွားကျောင်းနေစဉ် စစ်ကျန်ဗုံးသီးတစ်လုံး ကောက်ရပြီး ထုခွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦး နေရာတွင်ပွဲချင်းပြီးသေဆုံးပြီး ကျန်နှစ်ဦး ဒဏ်ရာရရှိသွားသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်ထိ စစ်ကျန်လက်နက်များနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၄၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသွားသူ ၈၀ ဦး အနည်းဆုံး ရှိလာနေပြီဟု စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ၏ မှတ်တမ်းအရ သိရသည်။