သတင်း

ရုံးမတက်ဘဲ ရုန်းထွက်သူ နိုင်ငံ့ဝန်ထမ်း ၃၀၀ ကျော်ကို အရပ်ဘက်အဖွဲ့များ ကူညီထား

အာဏာဖီဆန်ရေးလှုပ်ရှားမှုအဖြစ် ရုံးမတက်သော နိုင်ငံ့ဝန်ထမ်းများအနက်မှ အကူအညီလိုသူ ၃၀၀ ကျော်ကို အဖွဲ့တချို့က ထောက်ပံ့နေပြီး ထိုအဖွဲ့များကို နေ့စဉ်ဆက်သွယ်သူ ရာနှင့်ချီ ရှိနေသည်ဟု သိရသည်။  

စစ်ကောင်စီအုပ်ချုပ်မှုလက်အောက်တွင် အလုပ်မလုပ်လိုဘဲ ရုန်းထွက်လာသည့် နိုင်ငံ့ဝန်ထမ်းများကို အကူအညီပေးရန် စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း အကူအညီပေးရေးအဖွဲ့များ ပေါ်ပေါက်လာသည်။

Myanmar Now က မေးမြန်းထားသော အကူအညီပေးနေသည့် အဖွဲ့အချို့မှာ၂/၂၁ ခိုင်မြဲသောလက်များ၊ We Support Heros, Get Well Soon နှင့် Civil Disobedience Campaign – Myanmar Engineers တို့ ဖြစ်သည်။ 

“အာဏာဖီဆန်ဖို့၊ ရုံးမတက်ဖို့ ပြောကြတိုင်း ငါတို့ကို တင်ကျွေးထားမှာလားဆိုတဲ့စကားပေါ့။ အဲဒီအဖြေကို ကျွန်တော်တို့ စည်းလုံးခြင်းနဲ့ ဖြေကြမယ်ဆိုပြီး ဒီအဖွဲ့ကို ထောင်ဖြစ်တာပါ” ဟု Get Well Soon အဖွဲ့တွင် ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေသူတစ်ဦးက ပြောသည်။ 

ထိုအဖွဲ့များက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူတို့ နေထိုင်စရာအခက်အခဲ၊ အစားအသောက်အခက်များကို မြန်ဆန်စွာ ဖြေရှင်းပေးနေပြီး လစာထုတ်ယူရန် ခဲယဉ်းသည့် ဝန်ထမ်းများကို ငွေကြေးအထောက်အပံ့ပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ 

သို့သော်လည်း ငွေကြေးကူညီသည့်အဖွဲ့များအနေဖြင့် ခေါင်းခံငွေကိုင်ပေးမည့်သူ၊ ငွေကြေးထိန်းသိမ်းရေး၊ အလှူခံရေးနှင့် ၎င်းတို့ကိုယ်တိုင် လုံခြုံရေးဆိုင်ရာကိစ္စများအတွက် ခက်ခဲနေသည်။ 

အဖွဲ့များထံမှ သိရှိရသည့် တူညီသောအချက်မှာ အကူအညီတောင်းခံသည့် ဝန်ထမ်းဦးရေ နေ့စဉ် ရာဂဏန်းခန့် ရှိပြီး အကူအညီပေးလိုကြောင်း ဆက်သွယ်လာသည့်သူများလည်း များပြားနေခြင်း ဖြစ်သည်။ 

နေထိုင်ရေးနှင့် အစားအသောက်အတွက် ကူညီပေးနေသော We Support Herosသည် နေရေးစားရေးကူညီပေးနေသည့်အဖွဲ့ဖြစ်ပြီး ဝန်ထမ်းပေါင်း ၁၀၀ နီးပါးကို ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။ 

ရဲဝန်ထမ်းအိမ်ထောင်စု ၆ ခု၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ အခွန်ရုံးဝန်ထမ်းများ စသည့် အမျိုးစုံလင်သည့် နိုင်ငံ့ဝန်ထမ်းများက အကူအညီတောင်းခံခြင်းဖြစ်ပြီး ထိုအထဲတွင် သူနာပြုများမှာ အများဆုံးပါဝင်သည်ဟု ၎င်းက ဆိုသည်။ 

ရေတပ်မှ ရဲဘော်တစ်ဦးက ဆက်သွယ်အကူအညီတောင်းသော်လည်း ၎င်းအား လုံခြုံသည့်နေရာတွင် ထားပေးရန် ခက်ခဲသဖြင့် မကူညီလိုက်ရဟု ဆိုသည်။ 

၎င်းတို့အဖွဲ့အနေဖြင့် နေအိမ်လှူဒါန်းသည့် အလှူရှင်များနှင့် ဝန်ထမ်းများကို ချိတ်ဆက်ပေးသည့်နည်းဖြင့်  နေထိုင်စရာ၊ စားစရာကိုသာ ကူညီပေးနိုင်ပြီး ရန်ပုံငွေကောက်ခံခြင်းမရှိ၍ ငွေကြေးမကူညီနိုင်သေးပေ။

“အိမ်ခန်းလှူတဲ့သူတွေ ရှိတယ်။ တိုက်တစ်လုံးလုံး လှူတဲ့သူတွေ ရှိတယ်။ မန်းလေးမှာဆို ဟိုတယ်တစ်ခုလုံး ပေးလှူထားတာ ရှိတယ်၊ အမျိုးမျိုးပေးလှူထားတာ ရှိတယ်။ ဒီလူတွေလာနေရင် တစ်ခါတည်း ထမင်းပါကျွေးမယ်ဆိုတဲ့ အစားအသောက်ပါ ဝန်ဆောင်မှုပေးတဲ့သူတွေ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 

CDM ပြည်သူ့ဝန်ထမ်းအမျိုးအစားများ။ (ဓာတ်ပုံ – Civil Disobedience Campaign – Myanmar Engineers)

ငွေကြေးကူညီနေသည့် အင်ဂျင်နီယာအဖွဲ့ 

အင်ဂျင်နီယာများစုစည်း၍ ဖွဲ့စည်းထားသော Civil Disobedience Campaign – Myanmar Engineers သည် လစာမရနိုင်တော့မည့် ဝန်ထမ်း  ၂၀ ခန့်ကို ကူညီပေးထားပြီး အကူအညီတောင်းခံထားသည့် ဝန်ထမ်း ၆၀၀ ကျော် ရှိကြောင်း ဆိုသည်။ 

အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ စသည်ဖြင့် ကချင်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးတို့မှ အများဆုံး အကူအညီတောင်းခံကြကြောင်း ၎င်းအဖွဲ့ထံမှ သိရသည်။ 

CDM လှုပ်ရှားမှုတွင် ပါဝင်သည့်ဝန်ထမ်းများအနေဖြင့် လခမရခြင်း၊ ဝန်ထမ်းအိမ်ရာမှ ဖယ်ပေးရခြင်းတို့ ကြုံတွေ့နိုင်ရပြီး အလုပ်ဖြုတ်ခံရပါက အလုပ်အကိုင်သစ် ဖန်တီးပေးရန် လိုအပ်ကြောင်း ၎င်းတို့က ဆိုသည်။ 

အင်ဂျင်နီယာများကိုယ်တိုင် ဦးစီးထားသောအဖွဲ့ဖြစ်၍ စီမံခန့်ခွဲမှု ကျွမ်းကျင်သည့်တိုင်အောင် လက်ရှိအနေအထားအရ တရားဝင်ကူ၍မရသေးကြောင်း ထိုအဖွဲ့က ဆိုသည်။

“ ကျွန်တော်တို့လို ကူနေတဲ့အဖွဲ့အစည်းတွေကို ရှေ့နေတွေ၊ Human Rights (လူ့အခွင့်အရေး) ကျွမ်းကျင်သူတွေ၊ နိုင်ငံရေးပညာရှင်တွေက ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ တရားဝင် CDM – Supporting (အာဏာဖီဆန်ရေးလှုပ်ရှားမှုအထောက်အပံ့ပေးခြင်း) အတွက် ပေါ်ပေါ်ထင်ထင် ဆောင်ရွက်နိုင်မှာပါ” ဟု ၎င်းက ဆိုသည်။ 

ငွေထောက်ပံ့မည့် လူအင်အားရှိသော်လည်း တရားဝင်ငွေလက်ခံ၍ မရသည့်အပြင် ငွေအများအပြားလက်ခံပါက အဖမ်းခံရနိုင်သည့် အန္တရာယ်လည်းရှိ၍ သိုသိုဝှက်ဝှက်လက်ခံရကြောင်း ၎င်းတို့က ဆိုသည်။ 

အထူးသဖြင့် ပြည်ပမှလွှဲသော ကူငွေများကို လက်ခံရန် ခက်ခဲနေပြီး အာဆီယံနိုင်ငံများထက် ဂျပန်၊ အမေရိကန်နိုင်ငံတို့ဘက်မှ ငွေလွှဲရခက်ခဲနေသည်ဟု ဆိုသည်။ 

ကိုဗစ်နိုင်တင်း (Covid -19) ရောဂါ ဖြစ်ပွားမှု အရှိန်တက်နေစဉ်ကကဲ့သို့ ဦးဆောင်ပေးမည့် တစ်နိုင်ငံလုံးဝိုင်းလှူ၍ရမည့် ယုံကြည်ခိုင်မာသည့် ငွေကြေးအဖွဲ့ အရေးတကြီးလိုအပ်နေကြောင်း ပြောသည်။ 

၎င်းတို့အဖွဲ့အနေဖြင့်  လတ်တလောတွင် လူဦးရေ ၂၀၀ ခန့်ကိုသာ အကူအညီပေးနိုင်မည်ဟု ဆိုသည်။ 

“CDM ကသာ ပြည်သူတွေရဲ့ တစ်ခုတည်းသော အသံတိတ်လက်နက်ပါ။ ဒါကို ကူညီဖို့က လေအားထက် ငွေအားလိုအပ်လာမှာ သေချာပါတယ်… ပြည်သူတွေက CDM ဝန်ထမ်းတွေကို လုံခြုံမှုပေးနိုင်မှ ဒီအရေးတော်ပုံအောင်မြင်မှာပါ” ဟု ၎င်းတို့က ဆိုသည်။ 

စစ်အစိုးရက အသစ်ပြဋ္ဌာန်းမည့် ဆိုက်ဘာလုံခြုံရေးဥပဒေအရလည်းကောင်း၊ သတင်းမှားများနှင့် အင်တာနက်ပြတ်တောက်မှုများက CDM ကို ကူညီထောက်ပံ့မည့်အဖွဲ့အတွက် သတင်းအချက်အလက်စီးဆင်းမှု နှေးစေပြီး ပြည်တွင်းကအဖွဲ့ကိုလည်း ရိုက်ခတ်လာနိုင်ကြောင်း ၎င်းတို့၏ အခက်အခဲကို ပြောပြသည်။ 

ရန်ပုံငွေထူထောင်နေသည့် ၂/၂၁ ခိုင်မြဲသောလက်များ 

ရန်ပုံငွေကောက်ခံလျက်ရှိသော “၂/၂၁ ခိုင်မြဲသောလက်များ” သည်  အနုပညာရှင်များ၊ ပရဟိတအဖွဲ့များ ပူးပေါင်းထားသည့် အဖွဲ့ဖြစ်ပြီး ဦးဆောင်သူများတွင် ဆရာတော် ဦးသုမင်္ဂလ၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ မနီလာသိန်းနှင့် အဆိုတော်လင်းလင်းတို့ ပါဝင်ကြောင်း ဆိုသည်။ 

ထိုအဖွဲ့က လစာမရတော့မည့် ဝန်ထမ်းများကို ထောက်ပံ့နိုင်ရန် ရန်ပုံငွေထူထောင်နေပြီး မကြာမီရက်ပိုင်းတွင် ငွေကြေးထောက်ပံ့မည့်အစီအစဉ် စတင်တော့မည်ဟု ဆိုသည်။ 

ထို့ကြောင့် ၎င်းတို့က ရန်ပုံငွေကောက်ခံနေပြီး စေတနာရှင်များအနေဖြင့် ရုပ်ရှင်သရုပ်ဆောင်ဦးကျော်သူနှင့် ဇနီးသည် ဒေါ်ရွှေဇီးကွက်တို့ ဦးဆောင်သည့် ရန်ကုန်နာရေးကူညီမှုအသင်းတွင် လှူဒါန်းနိုင်ကြောင်း Myanmar Now ကို ပြောသည်။  

အထွေထွေကူညီသော Get Well Soon  

“Get Well Soon” အဖွဲ့က လတ်တလောတွင် နိုင်ငံ့ဝန်ထမ်း ၂၀၀ ဦးကို ငွေကြေးနှင့် နေထိုင်စရာများ ကူညီထားပြီး နောက်ထပ် ဝန်ထမ်းပေါင်း ၈၀၀ အထိကို တာဝန်ယူနိုင်မည်ဟု ဆိုသည်။

၎င်းတို့ထံ ဆက်သွယ်သော ဝန်ထမ်းအများစုမှာ CDM ပူးပေါင်း၍ ဝန်ထမ်းအိမ်ရာ နေအိမ်ဖယ်ပေးရခြင်းကို အဓိကရင်ဆိုင်နေရသည်ဟု ၎င်းက ပြောသည်။ 

“ပြည်သူအများစု လက်နက်ဆိုတာ ပြင်းပြတဲ့ စိတ်ဓာတ်ပဲ ရှိပါတယ်။ CDM မှာ ပါဝင်ပေးခြင်းအားဖြင့် ဘာလက်နက်မှ သုံးစရာမလိုဘူး။ ဘာဆို ဘာမှ လုပ်စရာမလိုပါဘူး။ CDM မှာ ပူးပေါင်းပါဝင်ပေးကြခြင်းအားဖြင့် ကျွန်တော်တို့ လိုချင်တဲ့ အပြောင်းအလဲတစ်ခုကို ပေးနိုင်မယ်ယုံကြည်သလို တကယ်လည်း ဖြစ်ရပ်မှန်ပါပဲ။ ပူးပေါင်းပါဝင်ပေးကြဖို့ အကူအညီတောင်းပါတယ်” ဟု ထိုအဖွဲ့မှ တာဝန်ရှိသူတဦးက ဆိုသည်။ 

၎င်းအဖွဲ့သည် နေရပ်ပြန်လိုသော ဝန်ထမ်းများ၊ ကျန်းမာရေးအကူအညီလိုအပ်နေပြီး စစ်ဆေးရုံက လက်မခံသည့် လူနာအချို့ကိုလည်း ကူညီပေးလျက်ရှိသည်။ 

CDM အရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများ 

တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အာဏာရှင်အမြစ်ဖြုတ်တော်လှန်ရေးလှုပ်ရှားမှုများ လူမှုကွန်ရက်တွင် တစ်စတစ်စ ပြင်းထန်လာသည်။ 

ညစဉ် ၈ နာရီတိုင်း သံပုံးတီးကြရန်လှုံ့ဆော်မှု တစ်နိုင်ငံလုံးတွင် အောင်မြင်လျက်ရှိသည်။ ထို့နောက်တွင်တော့ အာဏာသိမ်းအစိုးရသည် ဖေ့ဘွတ်လူမှုကွန်ရက်အသုံးပြုမှုကို ပိတ်ပင်လိုက်သည်။ 

ခဏတာပိတ်ပင်ခြင်းဖြစ်ပြီး လူမှုကွန်ရက်အသုံးပြုခွင့် ပြန်ဖွင့်ပေးမည်ဟုဆိုသော်လည်း လူသုံးများလာသည့် နောက်ထပ်လူမှုကွန်ရက်တစ်ခုဖြစ်သည့် တွစ်တာကိုပါ ပိတ်လိုက်ပြီး ယနေ့တိုင် အသုံးပြုခွင့် မရရှိသေးပါ။ 

ဖေ့ဘွတ်အပြင် အင်တာနက်ကိုလည်း အကြောင်းတစ်စုံတစ်ရာမထုတ်ပြန်ဘဲ မကြာခဏ ဖြတ်တောက်ပစ်လေ့ရှိသည်။ အင်တာနက်ဖြတ်တောက်လိုက်သဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီကဲ့သို့ သတင်းအမှားများ ပေါ်ထွက်လာပြီး လမ်းမပေါ်ထွက်၍ အောင်ပွဲခံသည့် လူစုလူဝေးများလည်း ဖြစ်ပေါ်ခဲ့သည်။ 

ထို့နောက် အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဆိုရှယ်လူမှုကွန်ရက်များဖြစ်သည့် ဖေ့ဘွတ်နှင့် တွစ်တာကို ဆက်ပိတ်ပင်ထားဆဲ ဖြစ်သည်။ 

ထို့ကြောင့် မြန်မာပြည်သူလူထုက VPN ဆိုသည့် တည်နေရာရွှေ့ပြောင်းသည့် အက်ပလီကေးရှင်းတစ်ခု ကြားခံ၍ အင်တာနက်လူမှုကွန်ရက်ကို အသုံးပြုနေရသည်။ 

ယခုအခါ လမ်းပေါ်ထွက် ဆန္ဒပြသူများမှာ “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုသည့် ကြွေးကြော်သံကို ပိုမိုအရှိန်မြင့် ကြွေးကြော်သကဲ့သို့ လူမှုကွန်ရက်အသုံးပြုသူများကလည်း “ရုံးတက်နေတုန်းပဲလား” ဟု စာများရေးသား၍ အရှိန်မြင့် လှုံ့ဆော်လျက်ရှိသည်။ 

ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းနေသည့် ဓာတ်ပုံများ၊ ကျည်ဆန် ဦးခေါင်းကို ထိမှန်ခံရသော အသက် ၁၉ နှစ် အရွယ် “မြတ်သွဲ့သွဲ့ခိုင်” ၏ ဓာတ်ပုံကို တင်၍ ရုံးမတက်ရေး လှုံ့ဆော်နေကြသည်။ 

နာမည်ကြီးအနုပညာရှင်များဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေး၊ မအေးသောင်းဟု လူသိများသည့် အေးဝတ်ရည်သောင်း၊ ခင်ဝင့်ဝါ ချစ်သုဝေ၊ ဒါရိုက်တာဏကြီး၊ ဇဏ်ခီ စသူတို့ကလည်း ရုံးမတက်ရေးလှုပ်ရှားမှု (CMD) ကို အရှိန်မြင့် လှုံ့ဆော်လျက် ရှိသည်။ ကြက်တောင်ချန်ပီယံ သက်ထားသူဇာ၊ အိမ်နီးချင်းနိုင်ငံတချို့အထိ ပရိသတ်ရှိသည့် ပိုင်တံခွန်တို့လည်း ဤလှုပ်ရှားမှုတွင် တက်တက်ကြွကြွ ပါဝင်နေသည်။

ဆန္ဒပြသူများက “ပြည်သူ့ရဲ ပြည်သူရဲ” ဟု အော်ဟစ်ဆန္ဒပြခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်အချို့ပင်လျှင် CDM တွင် ပူးပေါင်းလာကြသည်ကို တွေ့ရှိရသည်။ 

ယခုအခါ နိုင်ငံခြားရေး၊ သစ်တော၊ လျှပ်စစ်ဝန်ထမ်း၊ အခွန်ထမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများ၊ မီးရထားဝန်ထမ်း၊ ဘဏ်ဝန်ထမ်းများ အစရှိသည့် နိုင်ငံ့ဝန်ထမ်းများစွာက ရုံးမတက်ဘဲ လမ်းပေါ်ထွက် ဆန္ဒပြမှုများ တစ်ရက်ထက်တစ်ရက် ပိုမိုအားကောင်းလျက်ရှိသည်။ 

ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကလည်း စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားသူများကို အရေးမယူဘဲ မူလတာဝန်ပြန်ရရှိရေး ဥပဒေပြဋ္ဌာန်းပေးမည်ဟု ကတိကဝတ်ပေးသည့် ကြေညာချက်ကို ယမန်နေ့ ထုတ်ပြန်ထားသည်။ 

စစ်အစိုးရက ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ အုပ်ချုပ်ရေးယန္တရားသည် တရားမဝင်သဖြင့် ဝန်ထမ်းများ အာဏာဖီဆန်ရေး ပူးပေါင်းပါဝင်ကြရန်လည်း အဆိုပါကြေညာချက်တွင် ရေးသားထားသည်။ 

Show More

Related Articles

Back to top button