အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ် ရောက်ရှိနေချိန် ၎င်း၏ လက်အောက်ခံ ငြိမ်းချမ်းရေးညှိနှိုင်းမှုအဖွဲ့က တရုတ်နယ်စပ်အခြေစိုက် “ဝ” တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့ တို့အား သွားရောက်တွေ့ဆုံခဲ့ကြသည်။
ဇွန်လ ၁၈ ရက်နေ့တွင် UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်းမြို့၌ “ဝ” တပ်ဖွဲ့ခေါင်းဆောင်များနှင့် စစ်တပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း “ဝ” ဘက် က ထုတ်ပြန်ချက်အရ သိရသည်။
“ယုံကြည်မှုတည်ဆောက်ရေးနဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းသွားဖို့ကို အဓိက ဆွေးနွေးတာ ဖြစ်ပါတယ်” ဟု “ဝ” တပ် ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်ရာပြည့်နှင့်အဖွဲ့အား “ဝ” တပ်ဖွဲ့၏ အရေးပါသည့် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ကော်အမ်းက ဦးဆောင်၍ လက်ခံ တွေ့ဆုံခဲ့သည်ကို တွေ့ရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် “ဝ” တပ်ဖွဲ့နှင့် စစ်တပ်ကိုယ်စားလှယ်များ နေပြည်တော်တွင် မကြာခဏ တွေ့ဆုံလေ့ရှိသော်လည်း “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဆက်ဆံရေး အေးစက်သွားခဲ့သည်။
စစ်တပ်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ် အရှေ့မြောက်ဘက် တရုတ်နယ်စပ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ခြောက်ခုကို “ဝ” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားသည်။
ထိုခြောက်မြို့နယ်အနက် ဟိုပန်နှင့် မက်မန်းမြို့နယ် နှစ်ခုကိုသာ နေပြည်တော် ဗဟိုအစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ထားရှိပြီး ကျန်မြို့နယ်များ ဖြစ်သည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်း (ပန်ခမ်း) တို့ကို UWSA “ဝ” တပ်ဖွဲ့ က အုပ်ချုပ်လျက်ရှိသည်။ “၁၀၂၇ စစ်ဆင်ရေး” အတွင်း ဟိုပန်နှင့် ပန်လုံမြို့ နှစ်မြို့ကို ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်ပြီး “ဝ” တပ်ဖွဲ့ထံ လွှဲလိုက်ရာ မက်မန်းမြို့နယ် တစ်ခုတည်းသာ စစ်တပ်အုပ်ချုပ်မှု အောက်တွင် ကျန်ရှိတော့သည်။
လက်ရှိတွင် ဟိုပန်နှင့် ပန်လုံကို “ဝ” ဒေသ နမ့်တစ်မြို့နှင့် ပေါင်းစည်းကာ ဟိုပန်ခရိုင် အဖြစ် သတ်မှတ်၍ “ဝ” တပ်ဖွဲ့က အုပ်ချုပ်လျက်ရှိသည်။ UWSA အနေဖြင့် ရှမ်းမြောက်ဒေသအပြင် ရှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် အထိ ၎င်း၏ စစ်အင်အားကို ဖြန့်ကြက်ထားသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ဟွေအော်နှင့် ပုံပါကျင်ဒေသရှိ မြို့နယ်များကို “ဝ” တောင်ပိုင်း (၁၇၁) စစ်ဒေသအဖြစ် UWSA က သတ်မှတ်ထားသည်။
မိုင်းလားကိုလည်း သွားတွေ့ဆုံ
UWSA နှင့် မတွေ့မီ စစ်တပ်၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၇ ရက်တွင် အထူးဒေသ (၄) မိုင်းလားကို အရင်သွားရောက်ခဲ့သည်။
ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဆောင်ရွက်သွားမည်ဟု စစ်တပ်ဘက်က ဆွေးနွေးခဲ့ပြီး မိုင်းလားဘက်ကမူ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။
မိုင်းလားနှင့် “ဝ”တပ်ဖွဲ့တို့သည် တရုတ်နယ်စပ်အခြေစိုက် အင်အားကြီး လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး စစ်တပ်နှင့် ကာလရှည်ကြာ ငြိမ်းချမ်းရေးတည်ဆောက်ထားနိုင်သည့်အဖွဲ့များလည်း ဖြစ်သည်။
သို့ရာတွင် အာဏာသိမ်းစစ်တပ် တက်လာချိန်တွင် မိုင်းလားဒေသကို အရေးပေါ်အခြေအနေ သတ်မှတ် ထားသည့် မြို့များစာရင်းတွင် ထည့်သွင်းခဲ့သဖြင့် ယင်းစာရင်းမှ ပယ်ဖျက်ပေးရန် မိုင်းလားအဖွဲ့ တာဝန်ရှိ သူများက တောင်းဆိုထားသည်။
ယခုတစ်ကြိမ် မိုင်းလားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် အဖွဲ့တို့တွေ့ဆုံရာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခဲ့သည်ကို မတွေ့ရပေ။
“ဝ”တပ်ဖွဲ့ ဦးဆောင်သည့် FPNCC (ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ)တွင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ ပါဝင်သည်။
ထို့ပြင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့လည်း ပါဝင်သည်။

SSPP/SSA ကို နေပြည်တော်သို့ ခေါ်ယူ
စစ်တပ်ကိုယ်စားလှယ်အဖွဲ့သည် “ဝ”နှင့် မိုင်းလားအဖွဲ့ခေါင်းဆောင်များအား သွားရောက်တွေ့ဆုံခဲ့သော်လည်း FPNCC အဖွဲ့ဝင် SSPP ကိုမူ ယခုလ ၁၂ ရက်တွင် နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံခဲ့ရာတွင် နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းလမ်းဖြင့် မဖြေရှင်းရန်၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုတရပ် ပေါ်ထွန်းလာရေး၊ ယုံကြည်မှု ထိခိုက်စေသည့် ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေး၊ တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ပြဿနာများကိုဖြေရှင်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် SSPP ထိန်းချုပ်ဒေသအတွင်း စက်သုံးဆီရရှိရေးတို့ကို တောင်းဆိုခဲ့ကြောင်း SSPP က ထုတ်ပြန်သည်။
SSPP အနေဖြင့် ရရှိထားသည့် ငြိမ်းချမ်းရေးရလဒ်များကို ထိန်းသိမ်းထားရန်နှင့် နယ်မြေတည်ငြိမ်ရေးကို ထိခိုက်စေသည့် မည်သည့်လက်နက်ကိုင် အဖွဲ့များနှင့်မျှ ပူးပေါင်းပတ်သက်မှုမရှိရန် စစ်တပ်ဘက်က တောင်းဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ပေးရန်လည်း စစ်တပ်ဘက်က တောင်းဆိုခဲ့သည်ဟု SSPP က ဆိုသည်။ ဝမ်ဟိုင်းအခြေစိုက် SSPP သည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့များတွင် အဓိက လှုပ်ရှားလျက်ရှိသည်။
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ယခုနှစ်အစပိုင်းတွင် ရှမ်းမြောက်ဒေသရှိ SSPP လှုပ်ရှားရာ ကျောက်မဲ၊ မိုင်းရယ်နှင့် သီပေါမြို့တို့၌ အွန်လိုင်းငွေလိမ်ဂိုဏ်း စခန်းများနှင့် ဘိန်းချက်စခန်းများကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ SSPP နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်များနှင့် ဆက်စပ်၍ SSPP နှင့် စစ်တပ်အကြား တင်းမာမှုများ ရှိခဲ့ပြီး SSPP တပ်ဖွဲ့ဝင်များပါ ဖမ်းဆီးခံရမှုများ ရှိခဲ့သည်။
စစ်တပ်အနေဖြင့် FPNCC မှ အင်အားကြီး လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံထားသလို TNLA နှင့် MNDAA တို့ကို တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ညှိနှိုင်းနေသည်။ စစ်တပ်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့်လည်း တွေ့ဆုံရန်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း KIA ဘက်က ယင်းကိစ္စကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။
စစ်တပ်အနေဖြင့် ရှမ်းမြောက်ဒေသကို အဓိကအခြေစိုက်သည့် FPNCC အဖွဲ့များနှင့် ညှိနှိုင်းကာ အပစ်အခတ် ရပ်စဲမှုများ ဆောင်ရွက်ထားပြီး အာရက္ခတပ်တော် (AA)၊ ချင်းပြည်အခြေစိုက်တပ်ဖွဲ့များ၊ ကရင်နီအခြေစိုက် တပ်ဖွဲ့များနှင့် NUG လက်အောက်ခံတပ်ဖွဲ့များကို ထိုးစစ်များ ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။
“ AA ကို ညှိနှိုင်းလို့ မရရင်တော့ စစ်ရေးအရ တုံ့ပြန်မယ့်အနေအထားမျိုး တွေ့ရတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ယခုလ ၉ ရက် နှင့် ၁၀ ရက်တို့တွင် စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီ (NSPNC) က အပစ်ရပ် လက်မှတ် ထိုးထားသော 7 EAO Alliance (NCA-S EAO) ခုနစ်ဖွဲ့နှင့် အလွတ်သဘောအစည်းအဝေး ပြုလုပ်ခဲ့သေးသည်။



