၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲတွေကို ငြိမ်းချမ်းချောမွေ့စွာ ကျင်းပပြီးခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်ဟာ ဒီဇင်ဘာလ (၂၃) ရက်နေ့က စပြီး မဲစာရင်းတွေကို သူ့နည်းသူဟန်နဲ့ စိစစ်ထုတ်ပြန်ခဲ့ရာ ဇန်နဝါရီလ (၂၅) ရက်နေ့အထိ (၂၉) ကြိမ် ရှိပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ (၁၇) ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ (၂၁) ကြိမ်မြောက် ထုတ်ပြန်ချက်အရ မဲမသမာမှုဖြစ်နိုင်တဲ့ ထပ်နေတဲ့ မဲစာရင်း၊ မဲမသမာမှုပြုနိုင်တဲ့ အခြားမဲစာရင်း ခေါင်းစဉ်တွေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး (၁၄) ခုမှာ စုစုပေါင်း မဲအရေအတွက် (၇,၆၂၃,၇၂၅) ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီနောက်ပိုင်း ထုတ်ပြန်ချက်တွေမှာ “မြို့နယ်တစ်ခုနဲ့ တစ်ခု အပြန်အလှန်စစ်ဆေးချက် (Cross checking) အရ ထပ်နေတဲ့ မဲစာရင်း” ဆိုပြီး ထပ်တိုးဖော်ပြတဲ့ ကိန်းဂဏန်းတွေနဲ့ပါ ပေါင်းရင် (၈.၆) သန်းကျော် ရှိတယ်လို့ ဇန်နဝါရီလ (၂၆) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အလွန်များပြားတဲ့ အရေအတွက်ဖြစ်ပါတယ်။
တပ်မတော်ဘက်က မဲစာရင်းတွေကို စိစစ်နေတာဟာ ရွေးကောက်ပွဲရလဒ်တွေကို သံသယကင်းရှင်းစွာ ယုံကြည်လက်ခံနိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအပြင် ရွေးကောက်ပွဲနေ့မှာ အသုံးပြုခဲ့တဲ့ မဲစာရင်းကို ထုတ်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံကနေ ထပ်တလဲလဲ တောင်းဆိုနေတာကိုလည်း တွေ့ရပါတယ်။ UEC ကလည်း တပ်မတော်က တောင်းဆိုတဲ့ ရွေးကောက်ပွဲနေ့မှာ အသုံးပြုခဲ့တဲ့ မဲစာရင်းဟာ မဲရုံအသီးသီးရဲ့ ရွေးကောက်ပွဲနေ့မှာ ဥပဒေနဲ့အညီ ချိပ်ပိတ် တံဆိပ်ခတ်ထားတဲ့ အိတ်ကြီးတွေထဲမှာ ရှိနေပြီး၊ တပ်မတော်တောင်းဆိုတဲ့အတိုင်း ထုတ်ပေးမယ်ဆိုရင် ဒါဟာ UEC ကို တည်ဆဲဥပဒေတွေ ဖောက်ဖျက်ကျူးလွန်ခိုင်းရာ ရောက်ပါကြောင်း တုံ့ပြန်ခဲ့ပါတယ်။
“မဲမသမာမှု ဖြစ်နိုင်ခြေ” ဒါမှမဟုတ် “မသမာမှု ပြုနိုင်ခြေ” လို့ သုံးနှုန်းထားခြင်းက ရွေးကောက်ပွဲမှာ ဆန္ဒမဲပေါင်း (၈.၆) သန်းကျော် မဲမသမာမှုဖြစ်ခဲ့တယ်လို့ တပ်မတော်က အတိအကျပြောဆိုနေခြင်းလည်း မဟုတ်ပြန်ပါဘူး။ နောက်ပြီး တပ်မတော်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြား ကြေညာချက်တွေ အပြန်အလှန်ထုတ်ပြီး တုံ့ပြန်ပြောဆိုကြတာကို လေ့လာကြည့်တဲ့အခါ တပ်မတော်က အသုံးပြုနေတဲ့ မဲစာရင်းက တစ်ခု၊ ရွေးကောက်ပွဲနေ့မှာ မဲရုံအသီးသီးက အသုံးပြုခဲ့တဲ့ မဲစာရင်းက တစ်ခုဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။
ဒါကြောင့် နိုဝင်ဘာလ (၈) ရက်နေ့မှာ မဲမသမာမှု ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလား သိရှိနိုင်ဖို့ ဘယ်လိုလေ့လာနိုင်ပါသလဲ။ တကယ်လို့ ဒီပြဿနာကို တရားရုံးတစ်ခုခုမှာ ဖြေရှင်းရမယ်ဆိုရင် သက်သေခံပစ္စည်းအဖြစ် တင်သွင်းနိုင်တဲ့ မဲစာရင်းက ဘယ်ဟာလဲ။ တပ်မတော်က အသုံးပြုနေတဲ့ မဲစာရင်းလား၊ ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ အသုံးပြုခဲ့တဲ့ မဲစာရင်းလား။ မဲစာရင်းသက်သက် စစ်ဆေးပြီး ရွေးကောက်ပွဲနေ့မှာ မဲမသမာမှု ပြုခဲ့တယ်လို့ တိကျသေချာစွာ ပြောနိုင်မလား။ အဲ့ဒီမေးခွန်းတွေက ဒီဆောင်းပါးကို ရေးသားဖို့ စေ့ဆော်ခဲ့ပါတယ်။
ပထမဆုံးနဲ့ ရိုးရှင်းလွယ်ကူဆုံး ဖြေရရင် ရွေးကောက်ပွဲနေ့ မဲရုံအသီးသီးမှာ အသုံးပြုခဲ့တဲ့ မဲစာရင်းတွေဟာ တရားရုံးတစ်ခုခုကို တင်သွင်းနိုင်တဲ့ သက်သေခံပစ္စည်းများဖြစ်ပြီး၊ တင်သွင်းရမယ့် တရားရုံးကလည်း ရွေးကောက်ပွဲခုံရုံးတစ်ခုပဲရှိတယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၀၂) အရ ရှင်းလင်းထင်ရှားပါတယ်။ ထိုမဲစာရင်းနဲ့အပြိုင် အခြားမဲစာရင်းတစ်ခုခု ရွေးကောက်ပွဲစနစ်အတွင်း ရှိမနေရပါ။ ဒါဆိုရင် UEC က ရွေးကောက်ပွဲနေ့မတိုင်မီက အများပြည်သူကို နှစ်ကြိမ်တိတိ ထုတ်ပြန်ခဲ့တဲ့ မဲစာရင်းကရောလို့ မေးခွန်းထုတ်နိုင်ပါတယ်။
ရွေးကောက်ပွဲမတိုင်မီကာလ မဲစာရင်းတိကျမှန်ကန်ရေး ပြည်သူတဦးချင်းစီက စစ်ဆေးနိုင်စေဖို့ UEC က ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးခဲ့တာ တွေ့ရှိရပါတယ်။ အဲ့ဒီမဲစာရင်းတွေကို ပြည်သူတွေက စစ်ဆေးပြီး၊ သတ်မှတ်ထားတဲ့ ပုံစံတွေနဲ့ ကန့်ကွက်တာ၊ ပြင်ဆင်ဖြည့်စွက်တာတွေကို လုပ်ရပါတယ်။ UEC က ပြင်ဆင်ပြီး နောက်ဆုံးအတည်ပြုမဲစာရင်းကို ရွေးကောက်ပွဲနေ့မှာ အသုံးပြုခဲ့ခြင်းဖြစ်လို့၊ ရွေးကောက်ပွဲနေ့ အသုံးပြုတဲ့ မဲစာရင်းတစ်ခုသာ ဥပဒေအရ တရားဝင်မှုရှိပါတယ်။ ရွေးကောက်ပွဲနေ့မှာ အသုံးပြုခဲ့တဲ့ မဲစာရင်းကို UEC ဟာ ရွေးကောက်ပွဲနေ့ မဲရုံအသီးသီးရဲ့ မျက်နှာစာ အများပြည်သူ မြင်သာတဲ့နေရာမှာ ဥပဒေနဲ့အညီ ကပ်ထားရပါတယ်။ ကပ်ထားတာကိုလည်း တွေ့ရှိရပါတယ်။
ရွေးကောက်ပွဲနေ့ မဲလာပေးတဲ့အခါ မဲဆန္ဒရှင်တွေဟာ မဲစာရင်းမှာ သူတို့ရဲ့ မဲစာရင်းအမှတ်ကို ကြည့်ရှုမှတ်သားပြီး၊ မဲပေးတဲ့အခါ မဲစာရင်းစစ်ဆေးသူကို မဲစာရင်းအမှတ် ပြောပေးခြင်းဖြင့် မဲပေးခြင်းလုပ်ငန်း လျင်မြန်ချောမွေစေဖို့ မဲစာရင်းကြည့်ကြပါတယ်။ ပြည်သူတွေကို မဲစာရင်းကြည့်ဖို့ တိုက်တွန်းသလို ရွေးကောက်ပွဲပညာပေးလုပ်ငန်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကြပါတယ်။ တကယ်လို့ မဲမသမာမှု ပြုလုပ်ဖို့ ကြိုတင်ကြံရွယ်ထားမယ်ဆိုရင် မဲရုံတွေရှေ့မှာ ကပ်ထားတဲ့ မဲစာရင်းမှာတင် ပေါ်လွင်ထင်ရှားနေမှာဖြစ်ပြီး ပါတီအသီးသီးက မဲရုံကိုယ်စားလှယ်များနဲ့ သူတို့ပါတီကို ထောက်ခံကြတဲ့ မဲဆန္ဒရှင်များ မသိရှိဘဲနေမှာ မဟုတ်ပါဘူး။
အရိုးရှင်းဆုံး ယုတ္တိဗေဒ ဆင်ခြင်မှုအရ မဲမသမာမှု ကျူးလွန်ခြင်း ရှိမရှိဆိုတာ မဲပေးခြင်းဖြစ်စဉ်မရှိဘဲ ဘယ်လိုမှ မသိနိုင်ပါဘူး။ ဒါကြောင့် မဲမသမာမှု ရှိမရှိကို အမှန်တကယ်သိရှိနိုင်ဖို့ ရွေးကောက်ပွဲနေ့မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေအပေါ်မှာပဲ သုံးသပ်ရမှာဖြစ်ပြီး မဲစာရင်းကြည့်ပြီး သုံးသပ်လို့မရဘူးဆိုတာ ထင်ရှားပါတယ်။ တပ်မတော်ဟာ ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်လေ့လာမှုတွေကို စနစ်တကျ ပြုလုပ်ခဲ့သလား။ မဲမသမာမှုသံသယကို အကြိမ်ကြိမ်ပြောဆိုရာမှာ မဲစာရင်းစိစစ်မှုအပေါ်မှာပဲ အခြေခံထားပြီး၊ ရွေးကောက်ပွဲနေ့ဖြစ်စဉ်အပေါ် တစ်လုံးတစ်ပါဒမှ ပြောဆိုခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။
လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနဲ့ တွေ့ရှိချက်များ
နိုဝင်ဘာလ (၈) ရက်နေ့ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်စွာ စောင့်ကြည့်လေ့လာမှု ပြုနိုင်ဖို့ UEC ဟာ နိုင်ငံတကာနဲ့ ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကို လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် ပေးခဲ့ပါတယ်။ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေဖြစ်တဲ့ The Carter Center နဲ့ Asian Network for Free Election (ANFREL) တို့နဲ့၊ ပြည်တွင်းအဖွဲ့အစည်းတွေဖြစ်တဲ့ People Alliance for Credible Elections (PACE) နဲ့ Myanmar Network Organization for Free and Fair Elections (MYNFREL) တို့ဟာ မြန်မာနိုင်ငံအနှံ့က မဲရုံတွေရဲ့ မဲပေးမှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ ဒါ့အပြင် ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂနဲ့ နိုင်ငံခြားသံရုံးတွေကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ပြည်တွင်းပြည်ပမီဒီယာများကလည်း ရွေးကောက်ပွဲဖြစ်စဉ်တွေကို သတင်းပေးပို့ကြပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေရဲ့ စောင့်ကြည့်လေ့လာပုံနည်းစနစ်က ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ကာလ၊ ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲအလွန်ကာလဆိုပြီး အပိုင်း (၃) ပိုင်း ခွဲပြီး လေ့လာကြပါတယ်။ ရွေးကောက်ပွဲနေ့ စောင့်ကြည့်လေ့လာမှု နည်းစနစ်မှာလည်း မဲရုံဖွင့်ချိန်ကစပြီး ဆန္ဒမဲများ ရေတွက်ပြီးစီးချိန်အထိ ဖြစ်စဉ်တွေကို လေ့လာကြပါတယ်။ လေ့လာရာမှာလည်း မဲရုံတရုံမှာ အစအဆုံးလေ့လာတဲ့အဖွဲ့နဲ့ မဲရုံတွေကို ကူးပြောင်းလေ့လာတဲ့ ရွေ့လျားအဖွဲ့ဆိုပြီး နှစ်ဖွဲ့ခွဲ လေ့လာပါတယ်။ အဲ့ဒီနောက် ရွေးကောက်ပွဲပြီး ရက်ပိုင်းအတွင်းမှာ ရွေးကောက်ပွဲ ကနဦးအစီရင်ခံစာတွေကို ထုတ်ပြန်ကြပါတယ်။
နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲကို The Carter Center က ပြည်နယ်နဲ့ တိုင်း (၁၀) ခုရှိ မဲရုံပေါင်း (၂၃၄) ရုံ၊ ANFREL က ပြည်နယ်နဲ့ တိုင်း (၁၃) ခုရှိ မဲရုံပေါင်း (၂၆၇) ရုံ၊ PACE က နိုင်ငံအနှံ့က မဲရုံပေါင်း (၉၆၁) နဲ့ မြို့နယ် (၃၀၅) မြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးများ၊ MYNFREL က ကချင်၊ ကယား၊ ရှမ်း (အရှေ့)၊ ရှမ်း (မြောက်)၊ တနင်္သာရီနဲ့ ရန်ကုန်တိုင်းဒေသကြီးများရှိ မဲရုံပေါင်း (၄၀၀) ခန့် ကို စောင့်ကြည့်လေ့လာခဲ့ကြကြောင်း အဲ့ဒီအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့တဲ့ ကနဦးအစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံအနှံ့က မဲရုံတွေမှာ မဲပေးမှုဖြစ်စဉ်တွေကို လေ့လာခဲ့ကြတယ်ဆိုတဲ့ သက်သေအထောက်အထားကို ရရှိပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲနေ့ မဲပေးမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာတဲ့ သူတွေထဲမှာ အထက်ဖော်ပြပါအဖွဲ့တွေ၊ နိုင်ငံခြားသံရုံးများနဲ့ မီဒီယာတွေအပြင်၊ နိုင်ငံရေးပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးက ခန့်အပ်ထားတဲ့ မဲရုံကိုယ်စားလှယ် (၂) ဦးစီကလည်း မဲရုံတိုင်းမှာ ရှိကြပါတယ်။ (စာကြွင်း။ ။ ခြွင်းချက်အနေနဲ့ အချို့ကိုယ်စားလှယ်များက မဲရုံတိုင်းမှာ မဲရုံကိုယ်စားလှယ် မထားနိုင်တာလည်း ရှိနိုင်ပါတယ်။) အဲ့ဒီ မဲရုံကိုယ်စားလှယ်တွေဟာ မဲရုံဖွင့်ချိန်ကနေ ဆန္ဒမဲများ ရေတွက်ပြီးစီးချိန်အထိ မဲပေးမှုဖြစ်စဉ်တလျှောက်လုံး မဲမသမာမှု ရှိမရှိ အဓိကထား စောင့်ကြည့်ကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် မဲပေးခြင်းပြီးလို့ မဲတွေ စတင်ရေတွက်ခြင်း အစမပြုမီ နောက်ဆုံးမဲပေးခဲ့တဲ့ မဲဆန္ဒရှင် (၁၀) ဦးဟာလည်း မဲရေတွက်ခြင်းဖြစ်စဉ်ကို စောင့်ကြည့်ရတဲ့ သက်သေများအဖြစ် မဲရုံအတွင်းမှာ ရှိနေကြပါသေးတယ်။ ဒါကြောင့် မဲတွေကို ရေတွက်ချိန်မှာ မဲမသမာမှု ပြုလုပ်လို့ မရတာ ထင်ရှားပါတယ်။ မဲမသမာမှု ပြုလုပ်ဖို့ ကြိုးစားရင်လည်း အလွယ်တကူ ဖော်ထုတ်တွေ့ရှိနိုင်လောက်အောင် မျက်လုံးပေါင်းများစွာက မဲရေတွက်တာကို စောင့်ကြည့်နေခဲ့ကြတာပါ။
ရွေးကောက်ပွဲနေ့ မဲပေးမှုဖြစ်စဉ်အပါအဝင် ရွေးကောက်ပွဲတစ်ခုလုံးကို စောင့်ကြည့်လေ့လာခဲ့တဲ့ The Carter Center, ANFREL, PACE နဲ့ MYNFREL တို့ဟာ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း ကနဦးအစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ကြပါတယ်။ အစီရင်ခံစာအားလုံးရဲ့ တူညီချက်က နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်းမှာ အေးအေးချမ်းချမ်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး၊ မဲမသမာမှုတွေရှိခဲ့တယ်လို့ အစီရင်ခံစာတိုင်းမှာ ဖော်ပြထားတာ မတွေ့ရှိရပါဘူး။ အဲ့ဒီအပြင် ဥရောပသမဂ္ဂနဲ့ နိုင်ငံခြားသံရုံးတွေကလည်း သူတို့ရဲ့ လေ့လာတွေ့ရှိချက်မှာ မဲမသမာမှုတွေ ရှိတယ်လို့ သတင်းမထုတ်ပြန်ကြပါဘူး။ ပြည်တွင်းပြည်ပမီဒီယာတွေကလည်း ရွေးကောက်ပွဲနေ့မှာ မဲမသမာမှုတွေကို အကွက်ကျကျ ကျူးလွန်ခဲ့တယ်လို့ မတွေ့ရှိခဲ့ပါဘူး။ ဒါဟာ ရွေးကောက်ပွဲနေ့ မဲပေးမှုဖြစ်စဉ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ သက်သေအထောက်အထားတွေပဲဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။ (စာကြွင်း။ ။ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ရဲ့ ဥပဒေနဲ့အညီ ရွေးကောက်ပွဲနေ့လုပ်ငန်းစဉ်တွေက မဲမသမာမှု မလုပ်နိုင်အောင် ဆောင်ရွက်ထားလို့ လေ့လာသင့်ပါတယ်။)
ရည်ညွှန်းကိုးကားချက်များ
၁။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ (နိုဝင်ဘာလ ၁၇၊ ၂၀၂၀) မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ (၂၁) ကြိမ်မြောက် ထုတ်ပြန်ချက်။
၂။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (ဒီဇင်ဘာလ ၇၊ ၂၀၂၀) သက်သေခံဥပဒေ ပုဒ်မ ၇၄ နှင့် ၇၆ တို့အရ ညွှန်ကြားပေးပါရန်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း။
၃။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (ဒီဇင်ဘာလ ၃၀၊ ၂၀၂၀) ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲစာရင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်။
၄။ The Carter Center (နိုဝင်ဘာလ ၁၀၊ ၂၀၂၀) မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ကနဦးအစီရင်ခံစာ။
၅။ PACE (နိုဝင်ဘာလ ၉၊ ၂၀၂၀) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကနဦးအစီရင်ခံစာ။
၆။ MYNFREL (နိုဝင်ဘာ ၉၊ ၂၀၂၀) ရွေးကောက်ပွဲနေ့ လေ့လာတွေ့ရှိချက်များအား အနှစ်ချုပ်ထုတ်ပြန်ချက်။
၇။ ANFREL ကြားဖြတ်အစီရင်ခံစာ
ဇော်အောင်သည် လွတ်လပ်သော သုတေသီတဦးဖြစ်ပြီး၊ ၂၀၁၀ ပြည့်နှစ် သီရိလင်္ကာနိုင်ငံ အထွေထွေရွေးကောက်ပွဲကို ANFREL ၏ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဝင်တဦးအဖြစ် ပါဝင်ခဲ့သည်။