သတင်း

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်ဝင်းအတွင်း တိုက်ပွဲများပြင်းထန်နေ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အချက်အချာဖြစ်သည့် ဗဟိုကင်းကို MNDAA နှင့် မဟာမိတ်တို့ ယနေ့ နံနက်ပိုင်းတွင် ဝင်စီးခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) စခန်းဝင်းကို ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်များက ယနေ့ နံနက်ပိုင်းမှစတင်ကာ အပြင်းအထန်ထိုးစစ်ဆင်နေသည်ဟု ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်များနှင့် မြို့ခံများထံမှ သိရသည်။

လားရှိုးတစ်မြို့လုံးနီးပါးကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ် MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းနိုင်ပြီဟု ဇူလိုင် ၂၅ ရက်နေ့က ကြေညာခဲ့သော်လည်း တိုင်းစစ်ဌာနချုပ်အတွင်း စစ်ကောင်စီတပ်များ ဆက်လက်တပ်စွဲထားပြီး အပြင်းအထန်ခုခံနေသည်။

ရခမတိုင်းရုံး၏ အချက်အချာဖြစ်သည့် ဗဟိုကင်းကို MNDAA နှင့် မဟာမိတ်တို့ ယနေ့ နံနက်ပိုင်းတွင် ဝင်စီးခဲ့သည်ဟု မြေပြင်သတင်းများကို ကိုးကားပြီး အာဏာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ဗဟိုကင်းတွင် စစ်တပ်၏ လက်နက်တိုက်၊ သော့ချုပ်၊ အရေးကြီးစာရွက်စာတမ်း၊ တိုင်းစစ်ဌာနချုပ်၏ အရန်လက်နက်များအပြင် ဘေးနားတွင် ခဲယမ်းများ သိုလှောင်လေ့ရှိကြောင်း၊ ဗဟိုကင်းကို သိမ်းနိုင်လျှင် စစ်နိုင်ပြီဟု ပြော၍ရသည်အထိ အချက်အချာကျသော နေရာဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။ 

“ဗဟိုကင်းကို ရသွားလို့လည်း တိုင်း (စစ်ရုံး) တစ်ရုံးလုံးကို မရသေးရင် ဆက်တော့ ချရမှာ။ ဘာလို့လဲဆိုတော့ သူတို့စစ်ကူတွေက တောက်လျှောက်နောက်ကနေ လာနေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် (ဇူလိုင် ၃၀)က လားရှိုးမြို့လေဆိပ်၌ ခံစစ်ထိုင်ထားသည့် စစ်ကောင်စီတပ်ကို MNDAA က စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် လေဆိပ်အပြင် ထိုနေရာနှင့် ခြံဝင်းသာ ခြားသော ရခမတိုင်းရုံး ဧည့်ရိပ်သာအတွင်းထိပါ စစ်တပ်က လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ရမခဝင်းလောက်ပဲ ကျန်တော့တာ။ ရမခဝန်းထဲမှာတောင်မှ လေဆိပ်ဘက်က ဧည့်ရိပ်သာဘက်အခြမ်းမှာတောင်မှ တော်တော်လေးစိမ့်နေပြီ။ ဧည့်ရိပ်သာက လေယာဉ်ကွင်းနဲ့ ခြံစည်းရိုးပဲ ခြားတာ” ဟု ၎င်းက ပြောသည်။

လားရှိုးမြို့တည်နေရာပြမြေပုံ (Source- MIMU)

တိုင်းရုံးအနီးရှိ လားရှိုးမြို့ ရပ်ကွက် ၁ တွင် နေထိုင်သည့် စစ်ဘေးရှောင်နေရသူတစ်ဦးကလည်း ရခမဝင်းအနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု ပြောသည်။

“ဒီနေ့ကြားရတော့ ရပ်ကွက် ၁ ဗျူဟာလမ်းဘက်မှာ စနိုက်ပါနဲ့ ဆိုင်နေကြတယ်။ တိုက်ပွဲလည်း ဖြစ်တယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် မြို့၌ ကျန်ခဲ့သူများကို ဆက်သွယ်၍ မရသေးသဖြင့် ယနေ့အခြေနေအသေးစိတ်ကို မသိရသေးကြောင်း ပြောသည်။ 

ရမခတိုင်းရုံးစီးနင်းခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

သို့သော် စစ်တပ်လော်ဘီ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် People Media တွင် ရမခဝင်းအနီးရှိ စစ်တပ် အမှတ် (၉) ခုတင် ၁၀၀ ဆေးရုံကို ကိုးကန့်တပ်က ယနေ့ မွန်းတည့်ချိန်တွင် ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်း ရေးသားလျက်ရှိသည်။

ရခမတိုင်းရုံးကို စစ်တပ်က လက်ကျန်အင်အားဖြင့် ပြန်လည်ခုခံနေသလို အင်အား ၄၀၀ ထက်မနည်းပါသည့် မြေပြင်စစ်ကူများလည်း စေလွှတ်လျက်ရှိသလို၊ ထိုစစ်ကူစစ်ကြောင်းများကိုလည်း MNDAA နှင့် မဟာမိတ် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တို့က ကြားဖြတ်တိုက်ခိုက်လျက်ရှိပြီး စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများကြောင်း ဒေသအခြေစိုက် Shan News သတင်းဌာနက ရေးသားထားသည်။

ထိုးစစ်ဆင်တိုက်ခိုက်ခံနေရသည့် စစ်တပ် ရမခတိုင်းရုံးရှိရာ လားရှိုးမြို့သို့ မြို့အရှေ့ဘက် မိုင် ၈၀ ကျော်အကွာရှိ တန့်ယန်းမြို့မှ စစ်ကောင်စီ အင်အား ၄၀၀ ကျော်ဖြင့် ချီတက်လာသလို ရှမ်းပြည်တောင်ပိုင်းဘက်မှနေလည်း အင်အားအလုံးအရင်းဖြင့် ချီတက်နေမှုများရှိသည်ဟု သိရှိသည်။

တန့်ယန်းဘက်က ချီတက်လာသည့် စစ်ကူစစ်ကြောင်းကို ဇူလိုင် ၃၀ တွင် နမ့်ပေါင်ရွာနား မရောက်ခင် MNDAA နှင့် BPLA တို့က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅၀ ကျော်သေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရကြောင်း၊ ဒဏ်ရာရစစ်သားများထဲတွင် စစ်ကြောင်းဦးဆောင်သူ စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်သန်းထွန်းအောင်လည်း အပါအဝင်ဖြစ်ကြောင်း Shan News က ဆိုသည်။

အဆိုပါ စစ်ကြောင်းမှာ တန့်ယန်း၊ မန်ခက်၊ မန်ပန်၊ နမ့်ပေါင်လမ်းမှ လားရှိုးမြို့အတွင်းသို့ တောလမ်းအတိုင်း ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း နမ့်ပေါင်ရွာမရောက်ခင် မိုင် ၂၀ အလို၊ မန်ပန်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် ပြန်လည်ဆုတ်ခွာသွားရသည်ဟု မြို့ခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

“အဲဒီစစ်ကြောင်းကလည်း တော်တော်လေးကြေသွားပြီ။ တပ်ရင်းမှူးတောင်မှ ဒဏ်ရာရပြီး ဆုတ်သွားရတယ်။ အရပ်သားကားတွေနဲ့။ အဲဒီတစ်ကြောက ကိုးကန့်နယ်ပဲ။ စစ်ကြောင်းက ပြန်ဆုတ်သွားတယ်လို့ ကြားတယ် ကစင့်ကလျားနဲ့။ သူတို့က မန်ပန်အကျော်က တောင်ကုန်းပေါ်မှာ အတိုက်ခံရတာ” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button