ဆောင်းပါး

အရှိန်ကောင်းနေသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA, TNLA နှင့် MDY-PDF ပူးပေါင်းတပ်များ ပါဝင်သော တစ်ကျော့ပြန်ထိုးစစ်သည် မြန်မာပြည်အလယ်ပိုင်း မြို့ကြီးများအနီးအထိ ရောက်လာသည်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကြောင့်  သမိုင်းတွင် တစ်ကြိမ်မျှမကြုံဖူးသေးသည့် ဆုံးရှုံးမှုမျိုးကို ရင်ဆိုင်ခဲ့ရသည့် အာဏာသိမ်းစစ်ကောင်စီ၏ အခက်အခဲများမှာ ကုန်ဆုံးသွားခြင်းမရှိသေးဘဲ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့်အတူ ဆက်လက်ပေါ်ပေါက်လာနေသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်သည့် ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းအတွင်း အမှတ် (၁၆) ခြေလျင်တပ်မဟာ (သိန္နီ)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)၊ တပ်ရင်းအဆင့် တပ်စခန်းပေါင်းများစွာနှင့် မြို့ပေါင်း ၁၈ မြို့ကို လက်လွှတ်ရပြီး ရာထောင်ချီသည့် စစ်သားများနှင့် လက်နက်ခဲယမ်းပေါင်းများစွာကို ဆုံးရှုံးသည်အထိ အရှုံးကြီး၊ အထိနာခဲ့သည်။

သို့သော် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေး၊ ဖိအားပေးသဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခဲ့ရာ စစ်ကောင်စီအတွက် အသက်ရှူချောင်ခဲ့ရသည်။

အဆိုပါ ဆွေးနွေးပွဲများ၏ ရလဒ်အဖြစ် ဇန်နဝါရီ ၁၁ ရက်နေ့မှစတင်ကာ ညီနောင် ၃ ဖွဲ့ဖြစ်သည့် တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) နှင့် ရခိုင်တပ် (AA) တို့က ရှမ်းမြောက်ဒေသပူးတွဲထိုးစစ်ကို ရပ်တန့်ပေးရန်၊ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နယ်မြေများနှင့် မြို့များကို တိုက်ခိုက်မှုမပြုရန် သဘောတူညီခဲ့ကြသည်။

အပစ်ရပ်ပြီးနောက် တိုက်ပွဲသတင်း ငြိမ်သက်သွားပြီး TNLA နှင့် MNDAA တို့ ရရှိခဲ့သည့် နယ်မြေများ၏ ပြန်လည်ထူထောင်ရေး၊ အုပ်ချုပ်ရေးသတင်းများသာ ပေါ်ပေါက်လာရာ ၁၀၂၇ စစ်ဆင်ရေးမှာ နိဂုံးချုပ်သွားပြီဟု ယူဆစရာ ဖြစ်လာသည်။

သို့သော် အပစ်ရပ်ပြီး ၄ ကျော်အကြာ ဇွန် ၂၅ တွင် စစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး လားရှိုးမြို့နှင့် မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးမြို့နယ်သို့ပါ စစ်မီး ကူးစက်လာခဲ့သည်။ 

၁၀၂၇ ဒုတိယလှိုင်း ပေါ်ပေါက်လာပုံ

စစ်ကောင်စီတပ်က ကျောက်မဲမြို့ရှိ TNLA တပ်စွဲထားသည့် ငြိမ်းချမ်းရေးကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို နောက်ပိုင်းကာလများတွင်လည်း သိန္နီ၊ ကွတ်ခိုင်၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ် စသည့် မြို့နယ်များတွင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လာသည်ဟု သိရသည်။

တိုက်ခိုက်မှုများကြောင့် ဒေသခံများအပြင် TNLA ရဲဘော်တချို့ပါ သေဆုံးရပြီးနောက် ရှမ်းမြောက်တွင် စစ်ရေးပြင်ဆင်မှု သိသိသာသာ တွေ့လာရသည်။

ဇွန်လလယ်ခန့်တွင် လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တို့ရှိ အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်က မြေတူးစက်များဖြင့် ဖျက်ဆီးလိုက်သလို အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ လားရှိုးမြို့သို့လည်း အင်အား ၁၀၀ ခန့် ပို့ဆောင်ခဲ့သည်ဟု TNLA က ဆိုသည်။

ဇွန် ၂၄ ရက်နေ့တွင် TNLA က ၎င်းတို့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများကို ရှင်းလင်းပြောကြားသည့် ရုပ်သံဖိုင်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့က ကွတ်ခိုင်မြို့တွင် တွေ့ရသည့် TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်။ (ဓာတ်ပုံ – မြတ်ပန်း/Myanmar Now) (ထိုစဉ်က ဗိုလ်မှူးချုပ်ဖြစ်သည်)

“စစ်တပ်က ဟိုင်ဂင်သဘောတူညီချက်ကို ကျော်လွန်ပြီးမှ လေယာဉ်ဗုံးကြဲတာတွေ၊ လက်နက်ကြီးပစ်တာတွေ ဆက်တိုက်လုပ်လာမယ်၊ လူထုက ထိခိုက်နစ်နာမှုတွေ ပိုကြီးလာမယ်ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူလူထုကို အကောင်းဆုံးခုခံကာကွယ်ပေးသွားဖို့ကတော့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

ထိုသို့ ပြောဆိုပြီး‌ နောက်တစ်ရက်တွင် ရှမ်းမြောက်ဒေသ ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့ကို TNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

ပါဝင်သည့် တပ်များ

ပထမလှိုင်းအတွင်း ညီနောင် ၃ ဖွဲ့နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ တပ်ရင်းတချို့လည်း ပါဝင်တိုက်ခိုက်ခဲ့သည်။

ဒုတိယလှိုင်းတွင် MDY-PDF, PLA, DPLA တို့ ဆက်လက် ပါဝင်သည်။ ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NSSAA)၊ NUG လက်အောက်ရှိ မိုးကုတ်ဗျူဟာတပ်ရင်းတချို့အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့၊ စဉ့်ကူး (ပကဖ) အဖွဲ့များလည်း ပါဝင် တိုက်ခိုက်နေသည်။

PLA  က မိုးမိတ်မြို့တိုက်ပွဲတွင် ပါဝင်နေသော ရဲဘော်တချို့၏ မှတ်တမ်းဓာတ်ပုံကို ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။

၁၀၂၇ ဒုတိယလှိုင်း၏ လတ်တလော စစ်ဆင်ရေးနယ်မြေများမှာ မိုးမိတ်မြို့၊ မန္တလေး-လားရှိုး လမ်းမကြီးတစ်လျှောက်ရှိ နောင်ချို၊ ကျောက်မဲ၊ လားရှိုးမြို့၊ မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်တို့ ဖြစ်သည်။

TNLA အဖွဲ့က မိုးကုတ်၊ မိုးမိတ်၊ နောင်ချိုနှင့် ကျောက်မဲမြို့တို့တွင် အဓိက ဦးဆောင် တိုက်ခိုက်နေသည်။

မိုးမိတ်၊ မိုးကုတ်၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်တိုက်ပွဲများအတွင်း TNLA နှင့်အတူ MDY-PDF၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA)၊ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NSSAA) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ PDF တပ်ရင်းတချို့လည်း ပါဝင်တိုက်ခိုက်နေသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲကိုမူ ကိုးကန့်တပ် (MNDAA) က ဦးဆောင်ကာ တိုက်ခိုက်နေပြီး အခြား မည်သည့်တပ်များ ပါဝင်သည်ကိုတော့ မသိရသေးပေ။

ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းနယ်စပ်ရှိ တိုက်ပွဲများအားလုံးနီးပါးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟု ခေါ်သည့် MDY-PDF က ဦးဆောင်သည်။

မတ္တရာမြို့နယ်တိုက်ပွဲများတွင် MDY-PDF နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ SSTF အဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ ပါဝင်တိုက်ခိုက်နေသလို စဉ့်ကူးမြို့နယ်တိုက်ပွဲတွင်လည်း MDY-PDF နှင့် အတူ စဉ့်ကူး (ပကဖ) အဖွဲ့က ကူညီ တိုက်ခိုက်ခဲ့သည်။

ဈေးဦးပေါက်သည့် နောင်ချို

ထိုးစစ် စတင်ပြီး သီတင်းနှစ်ပတ်ကျော်လာသည့်နောက် ဇူလိုင် ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်ကို ပထမဦးဆုံးလက်လွှတ်လိုက်ရပြီး TNLA နှင့် ပူးပေါင်းတပ်များက ၁၀၂၇ ဒုတိယလှိုင်းတွင် ပထမဆုံးသိမ်းပိုက်နိုင်သည့် မြို့ဖြစ်လာခဲ့သည်။

နောင်ချိုမြို့တွင် ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁) လက်အောက်ခံ ခမရ (၁၁၄)၊ ခမရ (၁၁၅)၊ အမှတ် (၆၀၆) ဒုံးတပ်ရင်းအပြင် ခလရ (၁၄၆) ကလည်း နောင်ချို ရှုခင်းသာတွင် တပ်စွဲထားခဲ့သည်။

ဇွန် ၂၆ ရက်တွင် နောင်ချိုမြို့အနောက်ဘက် နှစ်မိုင်ခန့်အကွာတွင်ရှိသည့် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ (၁၁၅) ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။

ခမရ (၁၁၅) မှ လက်ကျန်တပ်များမှာ အနီးရှိ ခမရ (၁၁၄) သို့ သွားရောက်ပူးပေါင်းခဲ့ပြီး ထိုးစစ်ကို ဆက်လက်ခုခံခဲ့ကြသည်။

သို့သော် ထိုးစစ်အရှိန်မြင့်လာသည့်နောက် ဇွန် ၂၉ တွင် ခမရ (၁၁၄) နှင့် ရှုခင်းသာတွင် တပ်စွဲထားသည့် ခလရ (၁၄၆) တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ဆုံးကျန်နေသည့် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၁၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး နောင်ချိုမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါ ၆၀၆ ဒုံးတပ်ရင်းမှာ မြို့တောင်ဘက် ၂ မိုင်ခန့်အကွာတွင် ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်များက သီတင်းတစ်ပတ်ကျော်သည်အထိ အပြင်းအထန်တိုက်ခိုက်ခဲ့ရသည်။

စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်ပွားနေသည့် ကာလတစ်လျှောက်လုံး လေကြောင်းမှ အပြင်းအထန်ခုခံခဲ့ပြီး ဇူလိုင် ၉ ရက်နေ့တစ်ရက်လုံး လေကြောင်းမှ ဂျက်ဖိုက်တာများ၊ Y-12 အမျိုးအစား လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အရှိန်ကောင်းနေသည့် ထိုးစစ်

ဦးတည်တိုက်ခိုက်နေသည့် မြို့နယ်များထဲမှ မိုးမိတ်၊ ကျောက်မဲ၊ လားရှိုး၊ မိုးကုတ်၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

စဉ့်ကူးတစ်မြို့နယ်လုံးကို ဇူလိုင်လ ၁၇ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ကြောင်း MDY-PDF က ယနေ့ (ဇူလိုင် ၂၀) တွင် ထုတ်ပြန်ရာ နောင်ချိုမြို့ကို သိမ်းပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များ ဒုတိယမြောက်သိမ်းပိုက်နိုင်သည့် မြို့ဖြစ်လာသည်။

စစ်ဆင်ရေးပြန်လည်စတင်သည့် ဇွန် ၂၅ ရက်မှစတင်ကာ ပူးပေါင်းတပ်များက ကျောက်မဲမြို့အနီးရှိ စခန်းများဖြစ်သည့် ငြိမ်းချမ်းရေးကုန်း၊ ခြေမြန်တပ်ရင်း ခမရ (၅၀၁)၊ ခမရ (၅၀၂) နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁) တို့ကို တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲစတင်ပြီး ရက်အနည်းငယ်အကြာတွင် ငြိမ်းချမ်းရေးကုန်း၊ စခန်းသာ၊ နားအိုက်စခန်း၊ အမှတ် (၃၅၂) အမြောက်တပ်ကုန်း၊ မြို့ပေါ်ရှိ ရဲစခန်း၊ ခရိုင်ရဲရုံး၊ မြို့တော်ခန်းမနှင့် အခြားဌာနဆိုင်ရာ အဆောက်အအုံများကို ရရှိပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

ဇူလိုင် ၃ ရက်က ကျောက်မဲမြို့တွင်း နေရာယူထားသည့် TNLA တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-AFP)

သို့သော် မြို့အနီးတွင် ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁)၊ ခြေမြန်တပ်ရင်း ခမရ (၅၀၁)၊ ခမရ (၅၀၂) တို့ကို မသိမ်းပိုက်နိုင်သေးဘဲ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

ကျောက်မဲတွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံအများအပြား သေဆုံးခဲ့ရပြီး ကျောက်မဲအခြေစိုက် နမ့်ခုမ်းပရဟိတအဖွဲ့၏ အချက်အလက်များအရ ၎င်းတို့ ကောက်ယူနိုင်ခဲ့သည့် အလောင်းစုစုပေါင်း ၅၅ လောင်းအထိရှိသည်ဟု သိရသည်။

စကခ (၁) နှင့် ခမရ (၅၀၁)၊ (၅၀၂) တို့ကို သိမ်းပိုက်နိုင်မှ မြို့ကို အလုံးစုံထိန်းချုပ်နိုင်မည် ဖြစ်သည်။

ကျောက်မဲနှင့်အပြိုင် မိုးကုတ်မြို့သည့် စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း ပထမဆုံးတိုက်ပွဲဖြစ်ပွားခဲ့သည့် မြို့နယ်သုံးမြို့နယ်တွင် ပါဝင်သည်။

မိုးကုတ်မြို့သည် ၇ မိုင် ဝေးကွာကြသည့် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ ရှိရာ တော်လှန်ရေးအင်အားစုက အရွယ်အစား ပိုမိုသေးငယ်ပြီး လက်နက်ကိုင်အင်အား ပိုမိုနည်းပါးဟန်ရှိသော အနောက်ပိုင်းကို ဦးစွာ ထိုးစစ်ဆင်ရာ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ပြင်ဦးလွင်-နောင်ချိုလမ်းမှ သွားလျှင် အရှေ့ပိုင်းသို့ ရောက်မည်ဖြစ်ပြီး မန္တလေး-မတ္တရာလမ်းမှ သွားလျှင် အနောက်ပိုင်းသို့ ရောက်မည်ဖြစ်သည်။

မိုးကုတ်မှ မိုးမိတ်သို့ သွားရာ မိုင် ၃၀ ခန့် ရှည်လျားသည့်လမ်းပေါ်မှ ပိန်းပြစ်ရွာတွင်လည်း တိုက်ပွဲပြင်းထန်ခဲ့သည်။

ကျပ်ပြင်ရက်ကွက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲထားသည်ကို ဇူလိုင် ၅ ရက်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- TNLA)

မိုးကုတ်အနောက်ခြမ်းကို ဇူလိုင် ၅ ရက်နေ့မှ စတင်ကာ TNLA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် အရှေ့ခြမ်းသို့ တိုက်ပွဲများ ကူးစက်လာခဲ့ပြီး ဇွန် ၂၉ ရက်တွင် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ အောင်သာယာနှင့် အာကာမိုးတပ်စခန်းများကို ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

မိုးကုတ်တစ်မြို့လုံးကို အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်တိုက်ခိုက်ရမည့် စစ်တပ်စခန်းများ ကျန်ရှိနေသေးသည်။

မိုးကုတ်မြို့တွင် စစ်ကောင်စီ၏ အခြေစိုက်တပ်များမရှိသော်လည်း တပ်မ (၉၉) နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) လက်အောက်ခံတပ်များဖြစ်သည့် ခလရ (၈၈)၊ ခလရ (၇၈) နှင့် သပိတ်ကျင်းမြို့နယ်အခြေစိုက် ခလရ (၁၄၈) တပ်များ တပ်စွဲထားကြသည်။

ဇူလိုင် ၃ တွင် စတင်သည့် မိုးမိတ်ထိုးစစ်အတွင်း မြို့ဝန်းကျင်ရှိ စခန်းငယ်များကိုTNLA ပူးပေါင်းတပ်များ က သိမ်းပိုက်ခဲ့ပြီး ဇူလိုင် ၁၆ တွင် မြို့ပေါ်ကို ထိန်းချုပ်လိုက်သည်။

သို့သော်လည်း မိုးမိတ်ဗျူဟာ၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)၊ ခြေလျင်တပ်ရင်း ခလရ -၂၂၃၊ ခလရ-၂၇၆ နှင့် ခြေမြန်တပ်ရင်း ခမရ-၃၄၈ တပ်ရင်းဌာနချုပ်များမှာ မိုးကုတ်၊ သပိတ်ကျင်း စသည့် မြို့များဘက်သို့ သွားရာ မြို့အထွက်တွင် တစ်ဆက်တည်းတည်ရှိနေပြီး ခံစစ်ပြင်ထားသည်မှာ သေချာသောကြောင့် မြို့နယ်တစ်ခုလုံးကို အလုံးစုံသိမ်းယူရန် အချိန်ယူရဦးမည် ဖြစ်သည်။

ဇူလိုင် ၅ ရက်က မိုးကုတ်အနောက်ခြမ်းတွင် တွေ့ရသည့် PDF တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-TNLA)

ဇူလိုင် ၃ ရက်နေ့တွင် စတင်သည့် လားရှိုးမြို့ထိုးစစ်တွင် ကိုးကန့်တပ် (MNDAA) က ဦးဆောင်တိုက်ခိုက်နေသည်။

တိုက်ပွဲစတင်သည့်နေ့တွင်ပင် လားရှိုးမြို့ပေါ်ရပ်ကွက်တချို့သို့ လက်နက်ကြီးကျည်များ ကျရောက်ရာ ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ မိသားစု ၆ ဦး သေဆုံးသည်။

မြို့အနီးရှိ ခလရ (၆၈)၊ ခလရ (၄၁) တပ်နှင့် ခမရ (၅၀၇) တို့ကို တိုက်ခိုက်ခဲ့သလို လားရှိုးမြို့တောင်ဘက် မိုင် ၅၀ ကျော်အကွာတွင် ရှိသည့် ခလရ (၆၇) တပ်နှင့် မိုင် ၂၀ ကျော်အကွာတွင် ရှိသည့် နမ့်ပေါင်အခြေစိုက် ခလရ (၂၉၁) စခန်းတို့ကိုလည်း တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲစတင်ပြီး ရက်အနည်းငယ်အကြာ ဇူလိုင် ၆ ရက်နေ့တွင် တိုက်ပွဲများသည် မြို့တွင်းသို့ ရောက်ရှိလာပြီး လားရှိုးမြို့ပေါ် ရပ်ကွက် (၅) အနီးတွင် ရှိသည့် ခမရ (၅၀၇) စခန်းဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

တိုက်ပွဲကာလ ၁၀ ရက် ကျော်လာသည့်တိုင် ခမရ(၅၀၇) က ခုခံနေဆဲဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့တွင် ရမခ လက်အောက်ခံ ခလရ (၄၁) တပ်အပြင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ညီနောင်မဟာမိတ်တပ်များ၏ သိမ်းပိုက်ခြင်းခံရသော သိန္နီအခြေစိုက် အမှတ် (၁၆) ခြေလျင်တပ်မဟာ၏ လက်အောက်ခံတပ်ရင်းများဖြစ်ကြသည့် ခလရ (၆၈)၊ ခမရ(၅၀၇)၊ ခမရ (၅၂၂) တပ်ရင်း ၃ ရင်းလည်း အခြေစိုက်ထားရာ တိုက်ပွဲများ ပိုမိုအရှိန်မြင့်လာနိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

ဇူလိုင် ၃ ရက်မှ စတင်သည့် တိုက်ပွဲတွင်း လက်နက်ကြီးဒဏ်ကြောင့် ဒေသခံ ၂၀ ကျော် သေဆုံးသွားပြီးနောက် လားရှိုးမြို့ခံ ထက်ဝက်ကျော် မြို့ကို စွန့်ခွာသွားပြီဖြစ်သည်ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုက တစ္ဆေမြို့ကြီးလိုပဲ၊ တစ်မြို့လုံးကို ခြောက်ကပ်လို့ ဆိုင်တွေလည်း အားလုံးပိတ်၊ လမ်းပေါ်မှာလည်း ဆိုင်ကယ်တွေ ကားတွေ တစ်စီးမှ မမြင်ရတော့ဘူး။ ချက်ချင်းကြီးကို ပြောင်းလဲသွားတာ အရင်က လားရှိုးနဲ့ နည်းနည်းမှကို မတူတော့ဘူး” ဟု သူက ပြောသည်။

 သိန္နီမြို့ဘက်သို့ ကွတ်ခိုင်မြို့ဘက်မှ လာသည့် MNDAA တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

လားရှိုးမြို့အဝင်ဂိတ်ဖြစ်သော ၇ မိုင်ခန့်အကွာ မယ်ဟန်ကျေးရွာနားအထိ MNDAA တပ်များ ရောက်ရှိနေသည်၊ ထိုဂိတ်ရှိ  စစ်ကောင်စီတပ်က အနီးရှိ နားမခေါ်ရွာ ဈေးတန်းများအထိ ဆုတ်သွားကြောင်း သိရသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ဆက်ရှိနေပြီး ဒေသခံ သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် သိန္နီမြို့ကို ဇူလိုင် ၁၂ ရက်နေ့က စပြီး လေတပ်က အကြိမ်ကြိမ် ဗုံးကြဲထားသလို ကျောက်မဲမြို့အနီး ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကောင်စီတပ်ကူများရောက်ရှိနေကာ တိုက်ပွဲများ ပြင်းထန်နေသည်ဟု ယမန်နေ့ ဇူလိုင် ၁၉ နံနက်ပိုင်းက သိရသည်။

ရှမ်း-မန်း စစ်ဆင်ရေး

၁၀၂၇ ဒုတိယလှိုင်း၏ အစိတ်အပိုင်းဖြစ်သော ရှမ်း-မန်း စစ်ဆင်ရေးသည် မန္တလေးတိုင်းအတွင်း တောင်ထူထပ်သည့် မိုးကုတ်မြို့နယ်အပြင် မြေပြန့်ထိ ဆင်းလာပြီး မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့အထိ ရောက်လာသည်။

စစ်ဆင်ရေးစတင်ပြီး ရက်အနည်းငယ်အကြာ ဇွန် ၂၅ ရက်နေ့က မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် MDY-PDF တို့ တိုက်ပွဲများပြင်းထန်လာခဲ့သည်။

မတ္တရာသည် မန္တလေးနှင့် မိုင် ၂၀ ကျော်သာ ဝေးပြီး မန္တလေးကို တော်လှန်ရေးတပ် မြောက်ဘက်မှ ချဉ်းကပ်မည်ဆိုလျှင် မတ္တရာကို မဖြစ်မနေ ထိန်းချုပ်ရတော့မည် ဖြစ်သည်။

ထိုးစစ်စတင်ပြီး နောက်တစ်ရက်ဖြစ်သည့် ဇွန် ၂၆ ရက်တွင် မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း၊ ရေစို တောင်စခန်းနှင့် ကြမ်းတောင်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်စခန်းကိုလည်း ယာယီထိန်းချုပ်နိုင်ခဲ့သည်။

ထို့နောက် နောက်ရက်များတွင် အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဆည်တော်တပ်စခန်း၊ နေကျော်တောင်စခန်း၊ ရွှေပုထိုးစခန်း၊ ကျောက်ခလုပ်စခန်းတို့အပြင်စခန်း ၂၆ ခုအထိ သိမ်းပိုက်နိုင်ခဲ့သည်။

မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းတည်နေရာပြမြေပုံ။

လက်ရှိတွင် PDF ပူးပေါင်းတပ်များသည် မတ္တရာမြို့မြောက်ဘက် ၂ မိုင်အကွာ ဇီးဖြူပင်ကုန်းရွာအထိနှင့် မြို့အရှေ့ဘက် ၄ မိုင်အကွာ ကျောက်တံတားရွာအထိ နယ်မြေစိုးမိုးနိုင်ပြီ ဖြစ်သည်။

သိမ်းပိုက်နိုင်ခဲ့သည့် အဆိုပါ စခန်းများသည် မတ္တရာ၊ ပုသိမ်ကြီးနှင့် မန္တလေးမြို့များအတွက် စစ်ကောင်စီ ခံစစ်ပြင်ထားသည့်၊ အရေးပါသည့် စခန်းများဖြစ်သည်ဟု ရှေ့တန်းရောက် မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇူလိုင် ၅ ရက်နေ့တွင် မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့ရှိ ပြည်သူ့စစ်များ (ပျူစောထီး) များကို လက်နက်ချရန် MDY-PDF က ထုတ်ပြန်သည်။

ဇူလိုင် ၈ ရက်နေ့အထိ စဉ့်ကူးနှင့် မတ္တရာမြို့နယ်တိုက်ပွဲများမှ စစ်သုံ့ပန်း ၁၀၀ နီးပါး ရရှိခဲ့ရာ ထိုအထဲတွင် သပိတ်ကျင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်လည်း ပါဝင်သည်။

ထို့ပြင် အဆိုပါ နှစ်မြို့နယ်မှ စခန်းပေါင်း ၃၆ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့ရာတွင် အရေးကြီးတပ်စခန်းများ၊ စဉ့်ကူးနှင့် မတ္တရာ နှစ်မြို့ကြားရှိ လက်ပန်လှ၊ ရွှေပြည်နှင့် ရေနံသာရဲစခန်းတို့ ပါဝင်သည်ဟု MDY-PDF က ဆိုသည်။

“မတ္တရာမြို့နယ်ထဲက သိမ်းဆည်းရမိတဲ့ စခန်းအများစုက ကားလမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ စခန်းတွေ ဖြစ်ပါတယ်။ မြို့နယ်အရှေ့ဘက်ခြမ်းတစ်ခုလုံးကို ထိန်းချုပ်တဲ့ အရေးကြီးစခန်းတွေဖြစ်ပါတယ်။ စခန်းတချို့ ကျန်သေးတယ်။ ကျန်ရှိတဲ့ စခန်းတွေကိုလည်း ဆက်လက် ထိုးစစ်ဆင်နေပါတယ်ဗျ” ဟု MDY-PDF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

ထို့ပြင် စဉ့်ကူးနှင့် မတ္တရာကြား မိုင် ၂၀ ခန့်ရှိသည့် လမ်းပိုင်းကို ထိန်းချုပ်ထားသလို စဉ့်ကူးအထက်ပိုင်း ချောင်းဝအနီးအထိ တော်လှန်ရေးတပ်များ လှုပ်ရှားနေသည်။

မိုးကုတ်-ဖော့တော (သပိတ်ကျင်း) မိုးကုတ်ကားလမ်းပိုင်းကို ထိန်းချုပ်နိုင်သည်နှင့် တော်လှန်ရေးအင်အားစုက ဆက်လက်ထိုးစစ်ဆင်ရာ မြို့တွင်းမှ ခုခံနေသည့် စစ်ကောင်စီတပ်သား အနည်းငယ်သာ ကျန်ရှိသည်၊ မြစ်တစ်ဘက်ကမ်း မခေါက်ရွာတပ်စခန်းနှင့် ကျောက်မြောင်းမြို့ပေါ်တပ်များက  လက်နက်ကြီးဖြင့် မြို့အတွင်းသို့ ပစ်ခတ်ခြင်း၊ လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်းများသာ ရှိနေသည်ဟု သိရသည်။

ဇူလိုင် ၁၇ တွင် မြို့တွင်းပစ်ခတ်သံ အနည်းငယ်သာ ကြားရပြီး တိုက်ပွဲမရှိတော့သည့်အတွက် စဉ့်ကူးမြို့ကို စစ်ကောင်စီ လက်လွှတ်လိုက်ရရှိပြီဟုပင် ဒေသခံများက ယူဆ‌နေကြသည်။

ဇူလိုင် ၂၀ ယနေ့တွင်မူ MDY-PDF က မြို့ကို ထိုနေ့က သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း ကြေညာသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်တိုင်းရှိ ထောင်သောင်းချီသည့် ဒေသခံများ နေရပ်စွန့်ခွာကြပြီး နီးစပ်ရာ မြို့များနှင့် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများအထိပါ တိမ်းရှောင်နေကြရသည်။

မဖြစ်ညစ်ကျယ်နိုင်သည့် စစ်ကောင်စီ

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းပြန်စခြင်းမှာ အပစ်ရပ်ထားသည့် ကာလအတွင်း စစ်ကောင်စီတပ်၏ ရန်လိုသည့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် ပြန်လည်ခုခံတိုက်ခိုက်ခြင်း ဖြစ်ကြောင်း TNLA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Myanmar Now ကို ပြောခဲ့သည်။

၁၀၂၇ ဒုတိယလှိုင်းမစခင် ရက်ပိုင်းအလို၌ပင် မိုးကုတ်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ရှိ TNLA ၏ စစ်ကောင်စီ တပ်စခန်းများကို လေကြောင်းမှ ဗုံးကြဲခြင်း လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းတို့ကြောင့် TNLA ရဲဘော်တစ်ဦးသေဆုံးကာ အချို့ ဒဏ်ရာရခဲ့ကြသည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း ပျက်စီးသွားသည့် ကျောက်မဲမြို့ပေါ်မှ အဆောက်အအုံတချို့ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)

မြောက်ပိုင်းသုံးဖွဲ့၏ ထိုးစစ်ရပ်တန့်ရေးအတွက် တရုတ်၏ ကြားဝင်စေ့စပ်မှု အကူအညီယူခဲ့ရသည့် စစ်ကောင်စီတပ်က အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်ပြီး လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ မည်သည့်အတွက်ကြောင့် ပြုလုပ်ခဲ့သည်ကို စစ်ရေးအကဲခတ်များ စဉ်းစားရကျပ်ခဲ့သည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်မှာ အာဏာသိမ်း ၃ နှစ်အတွင်း ကချင်၊ ကယား (ကရင်နီ)၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့ရှိ တိုက်ပွဲများအတွင်း ၎င်း၏ အင်အားများ အဆမတန် ပြုန်းတီးခဲ့ရပြီးဖြစ်သည်။

အဆိုပါ အင်အားများကို ပြန်လည်ဖြည့်တင်းရေးအတွက် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ စစ်အင်အား စုဆောင်းခဲ့သော်လည်း ဆုံးရှုံးသွားသည့် အင်အားများကို ပြန်ကာမိရန်မှာ မဖြစ်နိုင်သေးပေ။

ထို့ပြင် နှစ်ပေါင်းများစွာ စစ်တိုက်လာခဲ့သည့် ဝါရင့် စစ်သားအရင့်အမာကြီးများပင် အလွယ်တကူလက်နက်ချရသည်အထိ တိုက်စစ်အားကောင်းနေသည့် မြောက်ပိုင်းသုံးဖွဲ့ကို ရင်ဆိုင်ရန် အတင်းအကျပ်စုဆောင်းထားသည့် စစ်သားသစ်များကို သင်တန်းအမြန်ပေးပြီး ရှေ့တန်းလွှတ်နေခြင်း ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲများ ပြန်လည်မဖြစ်ပွားမီ တစ်လခန့်မှ စတင်ကာ လားရှိုး အပါအဝင် ရှမ်းမြောက်ရှိ မြို့နယ်တချို့သို့ စစ်သည်အင်အားအနည်းငယ်၊ ဒရုန်း၊  လက်နက်ခဲယမ်းတချို့ ပို့ဆောင်ထားခဲ့သည်ဟု သိရသည်။ အဆိုပါ အင်အားများသည် တန်ပြန်ထိုးစစ်အတွက် လုံလောက်မှုမရှိသည်ကို စစ်ကောင်စီကိုယ်တိုင်ပင် သိနေနိုင်သည်။

၁၀၂၇ စစ်ဆင်ရေး ပြန်လည်အစပြုပါက အနားရထားသည့် ညီနောင်သုံးဖွဲ့၏ ထိုးစစ် ပိုမိုပြင်းထန်လာနိုင်သည်ကို သိလျက်နှင့် ရန်စ တိုက်ခိုက်ရန် ထိပ်တန်းခေါင်းဆောင်များက အမိန့်ပေးခဲ့သလားဆိုသည်မှာ စဉ်းစားစရာပင်ဖြစ်သည်။

သို့သော် သမိုင်းတွင်သည့် ရှုံးနိမ့်မှုကြီးက မြန်မာပြည်၏ အခိုင်မာဆုံးသော လက်နက်ကိုင်အဖွဲ့ကြီးဖြစ်သည့် စစ်တပ်ကို အရှက်ရစေသည်ကတော့ အမှန်ပင်ဖြစ်သည်။

အဆိုပါ ရှုံးနိမ့်မှုကြီးကြောင့် အောက်ခြေတပ်သားများနှင့် စစ်တပ်ထောက်ခံသူတချို့ကပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်တပ်ထိပ်တန်းခေါင်းဆောင်ပိုင်းတချို့ကို အားမလိုအားမရဖြစ်ကာ ဝေဖန်နေကြသည်။

စဉ့်ကူးစစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နှင့် လက်နက်ခဲယမ်းများကို ယနေ့ (ဇူလိုင် ၂၀) တွင် ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-MDY-PDF)

သို့သော် ထိုးစစ်ပြန်စသည့်အခါတွင်လည်း စစ်ကောင်စီတပ် အရှုံးသံသရာဆက်ခဲ့သလို အရပ်စကားအရ ဆိုရပါလျှင် ငှက်ကြီးတောင်ဓားကြီးဆွဲပြီး ထွက်သွားလိုက် ထိပ်ကြီးကွဲပြီး ပြန်လာလိုက်ဆိုသလို ဖြစ်နေသည်။

စစ်ကောင်စီတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှမ်းမြောက်စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်သည့် သတင်းကြေညာချက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ဦးဆောင်နေသည့် TNLA နှင့် MNDAA တို့ကို အပြစ်ဖို့ခဲ့သည်။

သို့သော် ယခင်ကကဲ့သို့ အဆိုပါ တပ်များကို ပြတ်ပြတ်သားသားချေမှုန်းမည်ဆိုသည့် စကားများအစား တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် မြို့ရွာများနှင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်သွားမည်ဟုသာ ပြောဆိုသွားခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး ဘယ်အထိ ဆက်သွားမလဲ

လတ်တလော စစ်ဆင်ရေးများမှာ နောင်ချို၊ စဉ့်ကူးမြို့နယ်တို့ကို သိမ်းပိုက်ပြီးနောက် ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်၊ မိုးကုတ်၊ မတ္တရာမြို့နယ်တို့တွင်သာ တိုက်ပွဲများဖြစ်ပွားနေပြီး အဆိုပါ မြို့နယ်များနှင့် ထိစပ်နေသည့် သီပေါနှင့် စစ်တပ်မြို့ ပြင်ဦးလွင်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပေ။

မည်သည့်မြို့ကို ဆက်တိုက်မည်၊ ထိုးစစ်အရှိန် မည်မျှအထိ မြင့်တက်လာမည်ဆိုသည့် စစ်ရေးရည်မှန်းချက်များကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

TNLA တပ်ဖွဲ့၏ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကမူ TNLA အနိမ့်ဆုံး စစ်ရေးရည်မှန်းချက်မှာ တအာင်းပြည်နယ်ဟု ၎င်းတို့ သတ်မှတ်ထားသည့် ဒေသတစ်ခုလုံးဖြစ်သည်၊ မြေပြန့်ဒေသရှိ စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင်ရန် အစီအစဉ် ရှိမရှိ မသိရသေးဟု ဆိုသည်။

ရှမ်း-မန်းစစ်ဆင်ရေးတွင် ဦးဆောင်တိုက်ခိုက်နေသည့် အဖွဲ့တစ်ခုဖြစ်သည့် MDY-PDF ကလည်း ၎င်းတို့၏ ရည်မှန်းချက်မှာ မန္တလေးမြို့ကို သိမ်းပိုက်နိုင်ရေးဖြစ်ကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုထားသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက MDY-PDF ရဲဘော်များက “နောက်ဆုံးလှိုင်း၊ အိမ်ပြန်မယ့်လှိုင်း” ဟူသော ကြွေးကြော်သံဖြင့် လှုံ့ဆော်မှုတစ်ခု ပြုလုပ်ရာ MDY-PDF ခေါင်းဆောင် ဒေါက်တာစိုးသူရဇော်ကိုယ်တိုင် ဦးဆောင်ထားသည်ကို လှုံ့ဆော်မှု ရုပ်သံတွင် တွေ့ရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တွင် နှစ်ပေါင်းနှစ်ဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ဖူးသည့် ဦးသန်းစိုးနိုင်ကလည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ မန္တလေးအထိ ရောက်သွားနိုင်သည်ဟု ဆိုသည်။

“နောင်ချိုမှာတင် ရပ်တန့်နေမယ်လို့ မထင်ပါဘူး၊ ပြင်ဦးလွင်ကို သိမ်းမယ်၊ မန္တလေးတိုင်းထဲကို ဝင်ရောက်မယ်ဆိုတဲ့ ဦးတည်ချက်တွေအထိ ရှိလာနိုင်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ထို့ပြင် နောက်ဆုံးရထားသည့် စစ်ရေးသတင်းများအရ ရှမ်းမြောက်ရှိ စစ်ဆင်ရေးများသည် မကြာမီအချိန်အတွင်း ရှမ်းတောင်သို့ပင် ကူးစက်လာနိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။

၁၀၂၇ ပထမလှိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ်များက စစ်ဆင်ရေးစတင်သည့် ၁၀ ရက်အတွင်း စစ်စခန်းပေါင်း ၁၂၀ နှင့် မြို့ ၄ မြို့ကို သိမ်းပိုက်နိုင်သည့်အထိ ထိုးစစ်အားကောင်းခဲ့သည်။

ဒုတိယလှိုင်းတွင် ထိုးစစ် ထိုမျှ အားမကောင်းသေးသော်လည်း ၂၃ ရက်အတွင်း မြို့ ၂ မြို့၊ အရေးကြီးတပ်စခန်းများ၊ တပ်ရင်းဌာနချုပ် ၄ ခုတို့ကို သိမ်းထားကြောင်း တွေ့ရသည်။

တူညီသည့် အချက်မှာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း စတင်စဉ်ကကဲ့သို့ပင် ယခု တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ်စခန်းများအားလုံးမှာလည်း အနှေးနှင့် အမြန်သာ ကွာပြီး စခန်းတစ်ခုပြီးတစ်ခု သိမ်းပိုက်ခံနေရခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button