ဆောင်းပါး

“ထိုင်း ကိုဗစ်ဒုတိယလှိုင်းထဲက မြန်မာရွှေ့ပြောင်းလုပ်သားများ”

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလလယ်မှစတင်ခဲ့သည့် ကိုဗစ်နိုင်တင်းရောဂါကူးစက်မှု ဒုတိယလှိုင်းဒဏ်ကို အပြင်းအထန် ခံစားနေရသူတို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ 

တစ်ကျော့ပြန်ကူးစက်မှုများ စတင်ဖြစ်ပွားရာ စမွတ်ဆခွန်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားတချို့တွင် ရောဂါပိုးတွေ့ရှိပြီးနောက်ပိုင်းတွင် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းလိုက်သဖြင့် ဝင်ငွေနှင့် အလုပ်အကိုင်တို့အတွက် စိုးရိမ်ပူပန်ရခြင်း၊ လူများစု ထိုင်းနိုင်ငံသားတို့က ခွဲခြားဆက်ဆံခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်လာသည်။

ထိုင်းနိုင်ငံတွင် ခရိုင် ၇၆ ခုရှိသည့်အနက်   ၅၄ ခုတွင် ကိုရိုနာရောဂါပိုး ကူးစက်ပျံ့နှံ့နေခြင်းဖြစ်ကာ ယင်းတို့အနက် မြို့တော်ဘန်ကောက်နှင့် စမွတ်ဆာခွန်တို့အပါအဝင် ခရိုင် ၂၈ ခုကို အနီရောင်အဆင့် အရေးပေါ် အထူးကန့်သတ်တားမြစ်ဇုန်များအဖြစ် ထိုင်းအစိုးရက ဇန်နဝါရီ ၅ ရက်တွင် ကြေညာလိုက်သည်။

ပထမလှိုင်းတွင် ကူးစက်သူ စုစုပေါင်း ၆၀၀၀ ကျော်သာ ရှိခဲ့သည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှု ကိုင်တွယ်ဖြေရှင်းရေးဗဟိုဌာန (CCSA) ၏ ဇန်နဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ စုစုပေါင်းဦးမှာ ၉၃၃၁ ဦးအထိ ရှိလာပြီ ဖြစ်သည်။

ကူးစက်ခံရသူများထဲတွင် မြန်မာအလုပ်သမားအရေအတွက် မည်မျှပါ၀င်သည်ကို CCSA က သီးခြားဖော်ပြမှုမရှိသော်လည်း ထိုင်းအခြေစိုက် မြန်မာအရပ်ဘက်အဖွဲ့အစည်းတချို့၏ မှတ်တမ်းများအရ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၀၀ ကျော်အထိ ကူးစက်မှု ရှိနေနိုင်ကာ အများစုမှာ စမွတ်ဆာခွန်ခရိုင်အတွင်းမှ ဖြစ်သည်ကို တွေ့ရှိရသည်။

မဟာချိုင်မြို့၊ ခုံခုရပ်ကွက်အတွင်းရှိ ထိုင်းယူနစ် ငါးစည်သွတ်စက်ရုံတွင် လုပ်ကိုင်လျက်ရှိသည့် အသက် ၄၁ နှစ်အရွယ်ရှိ ဦးအောင်မိုး၊ အသက် ၃၀ အရွယ်ဇနီးသည်၊ လသားအရွယ် သမီးဖြစ်သူတို့ အတည်ပြုလူနာဖြစ်လာပြီး စမွတ်ဆာခွန်ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။

ဇနီးဖြစ်သူက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဆေးစစ်ရာ ရောဂါပိုးရှိကြောင်း အဖြေတွေ့ရှိရ၍ ဆေးရုံသို့ ဦးစွာ ရောက်ရှိခဲ့သည်။ ဇန်နဝါရီ ၁ ရက်နေ့တွင် ပြင်းထန်စွာ ဖျားနာခဲ့သည့် ၎င်းတို့၏ ၉ လအရွယ် ရင်သွေးငယ်ကို ထပ်မံစစ်ဆေးရာ ရောဂါပိုးတွေ့ရှိရ၍ ကလေးကိုလည်း ဇန်နဝါရီ ၆ ရက်နေ့တွင် ဆေးရုံတင်လိုက်ရသည်။

ခုံခုရပ်ကွက်သည် အသွားအလာကန့်သတ်ထိန်းချုပ်ထားသော၊ မြန်မာရွှေ့ပြောင်းအများစု နေထိုင်လုပ်ကိုင်ကြသော ပုဇွန်စျေး၊ သစ်သီး၀လံဈေးတို့နှင့် လေးငါးမိုင် ဝေးသည့်နေရာတွင် တည်ရှိ၍ စက်ရုံအလုပ်ရုံများက ဒီဇင်ဘာလအတွင်း ဆက်လက်လည်ပတ်နေခဲ့သည်။

မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ရပ်ကွက်တစ်ခုသို့ အရပ်ဘက်အဖွဲ့အစည်းများက အစားအသောက်နှင့် အခြားတစ်ကိုယ်ရေသုံး ပစ္စည်းများ လာရောက်လှူဒါန်းစဉ် (ဓာတ်ပုံ – ပေးပို့) 

ထိုင်းယူနစ် အစည်သွတ်စက်ရုံတွင် မြန်မာလုပ်သား လေးထောင်ကျော်ရှိပြီး ဦးအောင်မိုးတို့ မိသားစုမှာ ပထမဆုံး ပိုးတွေ့ရှိသူများဖြစ်သည်။ သို့ရာတွင် ၎င်းတို့မတိုင်ခင်ကတည်းကလည်း ရောဂါလက္ခဏာရှိနေသူများ တွေ့ရှိရ၍ စက်ရုံနှင့် ကပ်လျက်နေရာ၌ပင် အသွားအလာ ကန့်သတ်ထားရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ မြန်မာပြည်သားတွေ ပြောရမယ်ဆို မျက်နှာလည်း ငယ်ပါတယ်၊ မြန်မာပြည်သားတွေအတွက်တော့ သိပ် အားကိုးမရဘူးလို့ထင်တာပဲ၊ ဘယ်လိုပြောရမလဲ၊ တအားဆိုးလာမှ (ဆေးရုံကို) ခေါ်မယ်ဆိုတဲ့ အနေအထားတွေလည်း ရှိတယ်” ဟု ထားဝယ်ဇာတိ ဦးအောင်မိုးက ဆိုသည်။

၎င်းနှင့် အမျိုးသမီးတို့မှာ တရားဝင် လာရောက်လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ စမွတ်ဆာခွန်ခရိုင်အတွင်းတွင် တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၅ သိန်းဝန်းကျင်ရှိပြီး အများစုမှာ မဟာချိုင်မြို့ရှိ ဆိပ်ကမ်းများ၊ ငါးပုစွန်ဈေးများနှင့် ပင်လယ်ရေထွက်ပစ္စည်း ထုတ်ကုန်များထုတ်လုပ်သည့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ကြသည်။

ဇန်နဝါရီလဆန်းပိုင်းမှစ၍ တလာ့ကွန်း ခေါ် ပုဇွန်ဈေးရှိ ကူးစက်ခံနေရသည့် ရွှေ့ပြောင်းလုပ်သားများအား ယာယီဆေးရုံများသို့ အစိုးရက စတင်ပို့ဆောင်ပေးခဲ့သည်။ ဇန်နဝါရီ ၄ ရက်နေ့ ညနေပိုင်းတွင်မူ အတည်ပြုလူနာ မြန်မာ ၃၀ ကျော်ကို ဆေးရုံ၌ မထားရှိတော့ဘဲ အသွားအလာ ကန့်သတ်ထိန်းချုပ်ထားသော ဈေးဝင်းအတွင်းသို့ ပြန်လည်ပို့ဆောင်ခြင်းကြောင့် ကန့်ကွက်ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။ 

လက်ရှိကူးစက်ပျံ့နှံ့မှု အခြေအနေကို မထိန်းချုပ်နိုင်လျှင် ယခုလအတွင်းတွင် တစ်နေ့ကို ကူးစက်မှုပေါင်း ၁၈၀၀၀ ဝန်းကျင်အထိ ရှိလာနိုင်သည်ဟု CCSA က ခန့်မှန်းထားသည်။

ကိုဗစ်နိုင်တင်းဒုတိယလှိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ အစပြုသည်ဟူသည့် ယူဆချက်ဖြင့် မြန်မာပြည်သားတို့အပေါ် ခွဲခြားဆက်ဆံမှုများကလည်း ဒီဇင်ဘာလလည်ပိုင်းကတည်းကပင် ဖြစ်ပေါ်နေခဲ့ပြီး ယနေ့အချိန်ထိတိုင် ခွဲခြားဆက်ဆံခံနေရကြောင်း ထိုင်းရောက်မြန်မာလုပ်သားများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဆိုကြသည်။

“မြန်မာအလုပ်သမားတွေကို ကြည့်တဲ့အကြည့်တွေက အစ၊ သူတို့တွေက မြင်တွေ့တယ်ဆိုရင် ကြောက်လန့်နေတဲ့ ပုံစံမျိုးတွေပေါ့နော်၊ ကိုယ်တွေနိုင်ငံသားတွေကပဲ ဒီပိုးကြီးကို ဖြန့်တယ်ဆိုပြီး စွပ်စွဲနေကြတာတွေ ရှိတယ်” ဟု ထိုင်းရောက်မြန်မာလုပ်သားများကို ကူညီပေးနေသည့် အလုပ်သမားဟစ်တိုင် (Labour Hittai) အဖွဲ့ တည်ထောင်သူ စောလင်းအောင်က ပြောသည်။

ဇန်နဝါရီ ၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း CCSA ၏ ပြောရေးဆိုခွင့်ရ ဒေါက်တာထဝီဆင် ဝိသန်နုရိုဆင်က “မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထားရှိဖို့ စမွတ်ဆာခွန်အတွင်းမှာ ဆေးရုံဆောက်ဖို့လုပ်တာ ဒေသခံတွေက လက်မခံဘူး၊ ဒါက ဝမ်းနည်းစရာပါ၊ ဘေးက ကပ်လျက် ခရိုင်တစ်ခုအတွင်းမှာ ဆောက်ဖို့လုပ်ပြန်တော့လည်း အဲဒီနယ်ခံတွေက ကန့်ကွက်မှုတွေ ရှိနေပြန်တယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

စမွတ်ဆာခွန် အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ ယခုကိုဗစ်ကပ်ဘေးကာလတွင် ထိုင်းအစိုးရဘက်ကရော မြန်မာသံရုံးဘက်ကပါ နှစ်နိုင်ငံကျင့်ဝတ်တာဝန်များနှင့်အညီ မြန်မာပြည်သားတို့အပေါ် ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ကိုဗစ်အလွန်ကာလအတွက်လည်း ဆောင်ရွက်ပေးသင့်ကြောင်း ပြောကြားသည်။

“သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းတွေအရေးကို နှစ်နိုင်ငံ နှစ်ဖက်အစိုးရတွေက စနစ်တကျညှိနှိုင်းပြီးမှ တကယ့်ကို စံချိန်စံညွှန်းနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်” ဟု မှတ်ချက်ပြုသည်။

စမွတ်ဆာခွန် အပါအဝင် ထိုင်းနိုင်ငံ၏ အလယ်ပိုင်းရှိ ဒေသများ၌ ကိုဗစ်နိုင်တင်း ရောဂါကူးစက်မှုအခြေအနေများ မြင့်တက်လာနေသော်လည်း အခြားဒေသများ၌မူ ဖြစ်ပွားမှုနှုန်းက စိုးရိမ်ဖွယ်ရာအဆင့်သို့ မရောက်ရှိသေးပေ။ 

ဇန်နဝါရီပထမပတ်အတွင်း မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကိုဗစ်နိုင်တင်းရောဂါ ရှိမရှိ စစ်ဆေးမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ – ပေးပို့) 

ဇင်းမယ်ဟု မြန်မာတို့ သိခဲ့ကြသော ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့တွင်မူ အခြေအနေကောင်းမွန်နေသည်ဟု ချင်းမိုင်ရှိ မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်သူမိုးက ပြောသည်။

“ချင်းမိုင်ကတော့ လက်ရှိတော့ အေးဆေးပါပဲ၊ အဓိကဖြစ်နေတာကတော့ အဲဒီ မဟာချိုင်၊ ဘန်ကောက်နဲ့ အနီးတစ်ဝိုက်ပေါ့၊ ချင်းမိုင်မှာတော့ မြန်မာထဲကူးစက်တာရယ်လို့ မရှိသေးပါဘူး” ဟု  ဦးကျော်သူမိုးက ပြောသည်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၏ တစ်ဖက်ကမ်း ရနောင်းမြို့တွင်လည်း မြန်မာအလုပ်သမားများအတွင်း ကူးစက်မှု မရှိသေးသလို ဇန်နဝါရီ ၆ ရက်နေ့က မြန်မာအလုပ်သမား ၃၀၀ ကျော်ကို ထိုင်းအစိုးရက ပိုးရှိမရှိ စစ်ဆေးခဲ့ကြောင်း ရနောင်း အလုပ်သမားသံအရာရှိ ဦးထက်ဝေဖြိုးက ဆိုသည်။

“စမွတ်ဆာခွန်မှာတော့ ပုစွန်ဈေးနဲ့ ဆက်စပ်ပြီး (မြန်မာလုပ်သားတွေ) ပိတ်မိနေတဲ့ စက်ရုံတွေ ရှိတယ်၊ အဲဒီစက်ရုံတွေမှာ သွားရောက်ပြီးတော့ (သံရုံးဘက်က) အကူအညီပေးနေတာတွေ ရှိပါတယ်” ဟု သံအရာရှိ ဦးထက်ဝေဖြိုးက Myanmar Now သို့ ပြောကြားသည်။

မဟာချိုင်မြို့ရှိ တလာ့ကွန်းပုစွန်ဈေးတွင် လုပ်ကိုင်ပြီး ယင်းနှင့်ကပ်လျက် မြန်မာရပ်ကွက်တွင်း၌ နေထိုင်သူ ကိုသက်နှင့် မိသားစုဝင် ၅ ဦးတို့မှာတော့ ဒီဇင်ဘာ ၃၀ ရက်က စစ်ဆေးရာ ရောဂါပိုးမရှိကြောင်း အဖြေထွက်ခဲ့သည်။

သို့ရာတွင် ပင်လယ်စာရောင်းချသည့် တလာ့ကွန်းပုစွန်ဈေးကြီးမှာ ယာယီပိတ်သိမ်းထားသလို အနီးရှိရပ်ကွက်များတွင်လည်း အသွားအလာထိန်းချုပ်ကန့်သတ်မှုများ ရှိနေဆဲဖြစ်သည်။

“အလုပ်မလုပ်ရတော့ ဝင်ငွေတော့ မရှိဘူးပေါ့၊ ဝင်ငွေမရှိပေမယ့် စားဖို့သောက်ဖို့ကတော့ လာရောက်လှူဒါန်းနေတဲ့ သူတွေက တော်တော်များပါတယ်” ဟု ကိုသက်က ဆိုသည်။

အလုပ်လုပ်ခွင့်လက်မှတ် မရှိသေးသော လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နေထိုင်လုပ်ကိုင်ခွင့်ကို ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အထူးခွင့်ပြုချက် ပေးအပ်သွားမည်ဟုလည်း ထိုင်းအစိုးရ၏ ဇန်နဝါရီ ၃ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီ ၁၃ ရက်နေ့အတွင်း အင်တာနက်မှတစ်ဆင့် စာရင်းပေးသွင်းရမည် ဖြစ်ကာ အလုပ်မရှိသူများသည် ယခုနှစ် စက်တင်ဘာ ၁၃ ရက်မတိုင်မီ အလုပ်ရှာရမည် ဖြစ်ကြောင်း ထိုင်းအစိုးရက ညွှန်ကြားထားသည်။

မြန်မာအလုပ်သမားများမှာ အခန်းငှားရမ်းနေထိုင်ကြရသလို သုံးစွဲနေရသည့် ရေဖိုးမီးဖိုး ကုန်ကျစရိတ်များရှိရာ ကိုဗစ်နိုင်တင်း ကပ်ရောဂါဘေးကြောင့် အလုပ်မရှိ၊ ဝင်ငွေမရှိကြမည့် အနေအထားကြောင့် စိုးရိမ်ပူပန်မိကြောင်း Labour Hittai အဖွဲ့မှ စောလင်းအောင်က ဆိုသည်။

“ဒီအတိုင်းသာ ကာလကြာရှည်လာမယ်ဆိုရင်တော့ အကုန်လုံးအခက်အခဲဖြစ်နိုင်တယ်” ဟု ၎င်းက ပြောကြားသည်။ 

Show More

Related Articles

Back to top button