လူမှုနယ်ပယ်

ဆစ်ခ်တော်လှန်ရေးရဲဘော်တစ်ဦး၏ လက်နက်ကိုင်ခရီး

ပန်ချာပီ ဟု လူသိများကြသော ဆစ်ခ်ဘာသာဝင်များ အထွတ်အမြတ်ထားရာ ဆံပင်၊ မုတ်ဆိတ်တို့နှင့် ဘောင်း ဟု ခေါ်သည့် ခေါင်းပေါင်းတို့ကို စွန့်လွှတ်ခဲ့သည့် ရန်ကုန်သားလူငယ်က တော်လှန်ရေးမျိုးဆက် တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက သစ်ရိပ်ဝါးရိပ်များမိုးထားသည့် လျှိုမြောင်တစ်ခုအတွင်း၌ ဆယ်နှင့်ချီသော ​လူငယ်လူရွယ်တချို့ ကျောက်တုံးသယ်သူက သယ်၊ ဝါးခုတ်သူက ခုတ်ဖြင့် အလုပ်ရှုပ်နေကြသည်။

လွန်ခဲ့သောဧပြီလ၏ အပူချိန်ကြောင့် သူတို့ခန္ဓာကိုယ်တွင် ရေချိုးထားကြသလို ချွေးတလုံးလုံးနှင့်ဖြစ်ကြသည်။ သို့သော် သူတို့မျက်နှာနှင့် မျက်ဝန်းများက တက်ကြွလန်းဆန်းနေကြသည်။ ရယ်မော၍ပင်နေကြသေးသည်။

“မပင်ပန်းပါဘူး ဆရာ” ဟု လူတစ်ရပ်ကျော်ရှည်သော ဝါးပင် သယ်လာကြသည့် လူငယ်နှစ်ဦးက သံပြိုင်အော်ဟစ်ကာ စခန်းတာဝန်ရှိသူတစ်ဦး၏ အမေးကို ပြန်ဖြေသည်။

ထိုလူငယ်လူရွယ်များသည် စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြု အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲမဝင်လို၍ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုထံတွင် စစ်မှုထမ်းရန် ရောက်ရှိလာသူများ ဖြစ်ကြသည်။

၎င်းတို့ ရောက်ရှိနေသည့်အဖွဲ့မှာ လူငယ်ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဖြစ်သည်။

“စစ်မှုထမ်းဥပဒေကြောင့် ကျွန်တော် နှောင်ကြိုးကို ပိုဖြတ်နိုင်ခဲ့တယ်” ဟု ထိုလူငယ်များထဲမှ တစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် အသားခပ်လတ်လတ်၊ အရပ်အမောင်းကောင်းသည့် ရန်ကုန်သား၊ ရာမ်ဆင်းရ်မဟာဒူးက ကျေနပ်စွာ ပြောသည်။ 

တပ်တည်ထောင်မှု ၃ နှစ်ပြည့်အခမ်းအနားပြင်ဆင်နေချိန် ယူနီဖောင်းနှင့် တွေ့ရစဉ်။ (ဓာတ်ပုံ – အောင်ခမ်း/Myanmar Now)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်းကတည်းက လက်နက်ကိုင်တော်လှန်ရေးရဲဘော်အဖြစ် ဝင်ရောက်လိုသည့် စိတ်ဆန္ဒများရှိသော်လည်း မပြေလည်သော မိသားစုစီးပွားရေးကြောင့် အိမ်မှ ထွက်ခွာရန် ခက်ခဲနေခဲ့သူဖြစ်ကာ စစ်မှုထမ်းဥပဒေက သူ၏ လက်နက်ကိုင်တော်လှန်ရေးခရီးအတွက် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော့်ကိုယ်ကျွန်တော် ရာခိုင်နှုန်းနဲ့ ခံယူချက်ထားတယ်။ ၅၀ ရာခိုင်နှုန်းကတော့ စစ်အာဏာရှင်ကို တော်လှန်ချင်တယ်၊ ပြီးရင် ပြည်သူအတွက် အလုပ်အကျွေးပြုမယ်။ နောက်ထပ် ၅၀ ရာခိုင်နှုန်းက ဘာလဲဆိုတော့ စစ်ကောင်စီတပ်က ဖမ်းပြီးတော့ သူတို့တပ်ထဲကို ခေါ်သွားမှာကို ကြောက်လို့ပါ” ဟု ပြောသည်။

ပန်ချာပီဟု လူသိများသည့် ဆစ်ခ်ဘာသာဝင် ထိုလူငယ်သည် သူ၏ လက်နက်ကိုင်တော်လှန်ရေးသမားဘဝကို စတင်ရန် BPLA သို့ ပြီးခဲ့သည့် မတ်လအတွင်း၌ ရောက်ရှိလာခဲ့ပြီး ယခု ဧပြီလကုန်ခန့်မှ စတင်၍ စစ်သင်တန်းတက်ရောက်နေပြီ ဖြစ်သည်။

အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံသည် လွတ်လပ်ရေးကြိုးပမ်းမှုများတွင် ပါဝင်ခဲ့ပြီး မြန်မာ့တပ်မတော်ဆိုသည်မှာလည်း လူမျိုးဘာသာအသွင်အမျိုးမျိုးရှိနေရာမှ ၁၉၆၂ စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်တွင်လည်းကောင်း၊ အရပ်ဘက်အုပ်ချုပ်ရေးတွင်လည်းကောင်း ဗုဒ္ဓဘာသာမဟုတ်သူများကို အဓိကပစ်မှတ်ထား၍ ခွဲခြားဆက်ဆံနေခဲ့သည်။ သို့ရာတွင် ၂၀၂၁ အာဏာသိမ်းအပြီး စစ်ကောင်စီကို တော်လှန်သည့် အဖွဲ့အစည်းအသီးသီးတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်နေလေရာ ဆစ်ခ်ဘာသာဝင် ရဲဘော် ရာမ်ဆင်းရ်မဟာဒူးမှာ သာဓကတစ်ခုဖြစ်လေသည်။

၂၀၂၁ အာဏာသိမ်းမှုအား ဆန့်ကျင်သည့် မန္တလေးမြို့ဆန္ဒပြပွဲများတွင် တွေ့ရသည့် ပန်ချာပီ ဆစ်ခ်ဘာသာဝင် မြန်မာနိုင်ငံသားများ။ (ပုံ-မန္တလေးဆစ်ခ်လူငယ်များအသင်း/Facebook)

၁၉ ရာစုနှောင်းပိုင်း မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းယူပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံသားများ မြန်မာနိုင်ငံသို့ အများအပြားရောက်ရှိလာရာ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ ဆစ်ခ်ဘာသာဝင်များလည်း ပါဝင်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဆစ်ခ်ဘာသာဝင်အများစုသည် အထည်အလိပ် တင်သွင်းခြင်း၊ တင်ပို့ခြင်းလုပ်ငန်းများတွင် အဓိကလုပ်ကိုင်ကြသည်။

၎င်းတို့၏မျိုးဆက်မှ ပေါက်ဖွားလာသူ ရဲဘော် ရာမ်ဆင်းရ်မဟာဒူးသည် ဆစ်ခ်လူမျိုး ၁၀၀ ရာခိုင်နှုန်း အပြည့်မဟုတ်သော်လည်း ဆစ်ခ်အဖြစ် ခံယူထားသည့် ဗမာ-ဆစ်ခ် ကပြားတစ်ဦးဖြစ်သည်။

ရာမ်ဆင်းရ်မဟာဒူးတစ်ယောက် BPLA တပ်ထဲ ဝင်ရန် ပထမဆုံးကြုံတွေ့ရသည့် အခက်အခဲမှာ ဆစ်ခ်ဘာသာဝင်တို့၏ အမြတ်တနိုးတန်ဖိုးထားသည့်​ ဖြတ်ညှပ်ခြင်းမပြုထားသော ဆံပင်၊ မုတ်ဆိတ်တို့နှင့် ဘောင်းဟု ခေါ်သည့် ခေါင်းပေါင်းတို့ကို စွန့်လွှတ်ရခြင်းပင်ဖြစ်သည်။

“ဒီခေါင်းပေါင်းက ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာပဲဗျ၊ ကျွန်တော် အမြတ်တနိုးတန်ဖိုးထားတဲ့ ဆံပင်ရှည်နဲ့ ဘောင်းကို စွန့်ပယ်ခဲ့ပြီးတော့ ဒီတော်လှန်ရေးထဲကို ကျွန်တော် ဝင်လာခဲ့တယ်” ဟု သူက ပြောသည်။

ရန်ကုန်မြို့က ဆစ်ခ် ဘုရားကျောင်းတစ်ခုကို ၂၀၂၃ ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ (Facebook)

အိန္ဒိယနိုင်ငံက ဆစ်ခ်ဘာသာဝင် ဗြိတိသျှတော်လှန်ရေးသမားကြီး ဘာကဆင်းမ်သည်ပင်လည်း တော်လှန်ရေးလုပ်ရန် ရုပ်ဖျက်ရာတွင် ဆစ်ခ်တို့ အမြတ်တနိုးတန်ဖိုးထားရာ ဆံပင်ရှည်နှင့် ခေါင်းပေါင်းကို စွန့်လွှတ်ကာ တော်လှန်ရေးလုပ်ဆောင်ခဲ့ခြင်းကို သူ့အနေဖြင့် လေးစားအားကျရခြင်းကြောင့်လည်း ယခုကဲ့သို့ စွန့်လွှတ်နိုင်ခြင်း ဖြစ်ကြောင်း ဆိုသည်။

သို့သော်လည်း ဆစ်ခ်ဘာသာဝင်မှန်း သိသာထင်ရှားစေမည့် ကရား ခေါ် သံဖြင့် ပြုလုပ်ထားသော ငွေရောင် သံလက်ကောက်ကိုတော့မူ မချွတ်ဘဲ ဝတ်ဆင်ထားကြောင်း သူ ဆက်ပြောသည်။

ဆစ်ခ်ဝါဒသည် ကျောင်းတော်ကြီးတစ်ခုနှင့် တူပြီး ဆစ်ခ်ဘာသာဝင်များ၏ ခံယူချက်သည် စာသင်သား၊ ကျောင်းသားများနှင့် ဆင်တူခြင်းကြောင့် ဆစ်ခ်ဘာသာကို အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုပါက အမှန်တရားကို ရှာဖွေနေသည့် ကျောင်းသား သို့မဟုတ် အမှန်တရားကို ဆက်လက်လျှောက်လှမ်းနေသည့် ကျောင်းသားဟု အဓိပ္ပာယ်ရကြောင်း သူက ရှင်းပြသည်။

“အခုကတော့ ကျွန်တော်က အင်ကလ ဆစ်ခ်လို့ ခေါ်မှာပေါ့ တော်လှန်ရေးကျောင်းသားဖြစ်သွားပြီ” ဟု ၎င်းက ဆိုသည်။

BPLA ၏ အမှတ် (၁၀၇) စစ်ဒေသဖြစ်သည့် ကရင်ပြည်နယ် တောတွင်းတစ်နေရာတွင် BPLA ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်း တက်ရောက်နေခြင်းဖြစ်ပြီး သင်တန်းကာလ ၃ လကျော် ကြာမြင့်မည် ဖြစ်သည်။

“စစ်သင်တန်းပြီးလို့ စစ်သားတစ်ယောက်အနေနဲ့ သင်တန်းဆင်းပွဲကျရင်တော့ အဲဒီ ဘောင်း (ခေါင်းပေါင်း) ကို ဝတ်ပြီးတော့ အခမ်းအနားကို တက်ချင်တယ်” ဟု ထိုလူငယ်က ပြောသည်။

ညနေခင်းတန်းစီနေချိန် သင်တန်းသားများအကြား တွေ့ရသော ရာမ်ဆင်းရ်မဟာဒူး။ (ဓာတ်ပုံ – အောင်ခမ်း/ Myanmar Now)

ပြီးခဲ့သည့် ဧပြီ ၁၀ ရက်က အပတ်စဉ် (၆) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၃၀ အကြား တပ်သားသစ် ၁၀၀ ကျော် သင်တန်းဆင်းခဲ့သည်။

ထိုလူငယ်အများစုမှာ အာဏာသိမ်းစစ်တပ်၏ ရွာလုံးကျွတ်လူသတ်၊ မီးရှို့မှုများကြောင့် လက်နက်ကိုင် တော်လှန်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ယခုနှစ် ဧပြီ ၁၇ ရက်တွင် တပ်တည်ထောင်မှု ၃ နှစ်ပြည့်ခဲ့သည့် BPLA သည် ကရင်ပြည်နယ်တွင် (၁၀၇) စစ်ဒေသ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၂၀၃) စစ်ဒေသဟူ၍ စစ်ရေးလှုပ်ရှားနေသည်။ မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း စစ်ဒေသသစ် ဖွဲ့စည်းမည်ဟု သိရသည်။

BPLA တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို ကရင်ပြည်နယ် အမှတ် (၁၀၇) စစ်ဒေသတွင် ကျင်းပပြုလုပ်ခဲ့ပြီး BPLA တပ်မှူးများ၊ ရဲဘော်များနှင့် BPLA ၏ မဟာမိတ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၊ အာရက္ခတပ်တော် (AA) မှ အမှတ် (၉၀၉) စစ်ဒေသမှ စခန်းမှူး ဗိုလ်ကြီးကျော်ဇံတို့ တက်ရောက်ခဲ့သည်။

BPLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်များဖြင့် ပူးတွဲ တိုက်ပွဲဝင်ခဲ့သလို ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်းတိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက်နေသော တော်လှန်ရေးတပ်ဖွဲ့လည်း ဖြစ်သည်။

အာဏာရှင်အဆက်ဆက် တော်လှန်ခဲ့ကြသည့် သူပုန်မျိုးရိုး 

မြန်မာ့စစ်အာဏာရှင်အဆက်ဆက်သည် ၎င်းတို့ကို လက်နက်ကိုင်ပြန်လည်တွန်းလှန် ပုန်ကန်သူများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို “သောင်းကျန်းသူ” ဟူသော နာမ်စားသုံးကာ နှိမ့်ချ ခေါ်ဝေါ်ခဲ့ကြသည်။

တော်လှန်ရေးအင်အားစုတပ်ဖွဲ့များကို အကြမ်းဖက်သမားဟူ၍ ပုံဖျက်သုံးနှုန်းနေသည့် ယခုစစ်ကောင်စီကိုလည်း အာဏာသိမ်းမှု ၃ နှစ်ကျော်သည်အထိ လက်နက်ကိုင်တော်လှန်ချင်သည့် သူပုန်မျိုးဆက်များ ဆက်ရှိနေသည်ကို ရာမ်ဆင်းရ်ဗဟာဒူး အပါအဝင် BPLA တွင် စစ်သင်တန်းလာရောက်တက်ကြသည့် လူငယ်များက သက်သေပင်ဖြစ်သည်။

ရာမ်ဆင်းရ်ဗဟာဒူးသည် တော်လှန်ရေးရဲဘော်ဘဝအဖြစ် ဖြစ်လာခြင်းကလည်း သမားရိုးကျမဟုတ်သော အကြောင်းတရားများက ရှိနေသေးသည်။

သင်တန်းသားများ နားနေဆောင်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်ခမ်း/Myanmar Now)

သူ၏ ဆွေမျိုးတော်စပ်သူတချို့မှာ မြန်မာ့စစ်အာဏာရှင်အဆက်ဆက်တွင် တောခိုပြီး လက်နက်ကိုင် တော်လှန်ခဲ့ကြသူများ ဖြစ်သည်။

“ငါတို့မှာ မျိုးဆက်ပါလာတယ်၊ အဲဒီမျိုးဆက်ရဲ့တာဝန်ကို ငါတို့ ထမ်းမှရမယ်” ဟု ရာမ်ဆင်းရ်ဗဟာဒူးက သူ့မိသားစုကို ပြောလေ့ရှိသည့် စကားတစ်ခုကို ပြောပြသည်။  

“ကျွန်တော် ရေးရမဲ့သမိုင်းအတွက် စာအုပ်တစ်အုပ်ရလာပြီ၊ ကျွန်တော် ရေးမဲ့ သမိုင်းအတွက် စာမျက်နှာတစ်ခု ရလာပြီ၊ ကျွန်တော် ရေးမဲ့ ကလောင်ထဲက မင်ကညစ်တွေကလည်း ကျွန်တော့်ချွေးစက်တွေ၊ ကျွန်တော့သွေးတွေ ဖြစ်မယ်” ဟု သူ၏ တော်လှန်ရေးအပေါ် စိတ်နှစ်ထားမှုကို ပြောသည်။

ရာမ်ဆင်းရ်ဗဟာဒူး၏ အဘိုးတော်စပ်သူသည် မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက ရှိခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ရဲဘော်ဟောင်းတစ်ဦးဖြစ်သည်။

အဘိုးဖြစ်သူ၏ နိုင်ငံရေးလှုပ်ရှားမှုနှင့် တောခိုပြီး လက်နက်ကိုင်လှုပ်ရှားမှုများအကြောင်းကို အဖေဖြစ်သူ၏ ပြောပြမှုကြောင့် ငယ်စဉ်ကတည်းကတော့ အရိပ်အမြွက် ကြားဖူးခဲ့ကြောင်း သူက ပြောသည်။

“ကျွန်တော့်အဘိုးက ခဏခဏ လက်ဖက်ရည်သောက် အဖိတ်ခံရတယ်။ လက်ဖက်ရည်သောက် ခဏကြွဆိုရင် အဲဒါသွားပြီ ၆ လပဲ။ စစ်ထောက်လှမ်းရေးနဲ့ အမြဲတမ်း စိန်ပြေးလိုက်တမ်း ကစားနေရတဲ့ သူတဲ့” ဟု သူ့အဖေ ပြောပြခဲ့သည်ကို ရယ်လျက် ပြန်ပြောပြသည်။

သူ၏ ဘကြီးတော်စပ်သူတစ်ဦးကလည်း ၈၈ လူထုလှုပ်ရှားမှုမှ ကျောင်းသားလူငယ်များ ဦးဆောင်မှုဖြင့် ပေါက်ဖွားလာသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲဘော်တစ်ဦး ဖြစ်သည်။

သူ ခပ်ငယ်ငယ်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ သူ၏ ဘကြီးဖြစ်သူကို သွားရောက် တွေ့ဆုံခဲ့ဖူးသောကြောင့် ယခုရောက်ရှိနေသော ကရင်ပြည်နယ်က တောင်တန်းများနှင့် လက်နက်ကိုင်တော်လှန်ရေးများသည် သူ့အတွက် မစိမ်းနေကြောင်း ပြောသေးသည်။

“ကျွန်တော့သွေးထဲမှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ မစိမ်းနေဘူး”

ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် သူ့၏ ဘကြီးသည်လည်း လက်နက်ကိုင်နိုင်ငံရေးကို စွန့်လွှတ်ပြီး မြို့ပေါ်သို့ ပြန်လည်နေထိုင်ခဲ့ကြောင်း သူက ဆိုသည်။

နောက်ထပ် ဦးလေးတော်စပ်သူတစ်ဦးမှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နေအိမ်ချိပ်ပိတ် ဖမ်းဝရမ်းထုတ်ကာ လိုက်လံဖမ်းဆီးမှုကြောင့် မည်သည့်နေရာသို့ ထွက်ပြေး တိမ်းရှောင်နေရသလဲကိုပင် မသိရှိကြောင်း သူက ပြောသည်။

“သူပုန်မျိုးရိုးလို့ ပြောရမယ်။ သူတို့ကလည်း သူတို့ မျိုးဆက်အလိုက် သမိုင်းရေးကြတယ်။ သူတို့လည်း လုပ်ခဲ့ကြတယ်၊ ပေးဆပ်ခဲ့ကြတယ်။ ဒါပေမဲ့ အရေးမတော်ခဲ့ကြလို့ စစ်အာဏာရှင်တွေ ရေးတဲ့ သမိုင်းကိုပဲ ကျွန်တော်တို့ ဖတ်ခဲ့ကြရတယ်။ ဒါကြောင့် ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့ အရေးတော်မှ ရမယ်။”

သင်တန်းသားအဆောင်အမိုးအတွက် ပြုလုပ်နေသော ရာမ်ဆင်းရ်မဟာဒူး။

တော်လှန်ရေးပြီးလျှင် ကျောင်းဆရာလုပ်မည်  

“တော်လှန်ရေးပြီးရင်တော့ ပညာရေးနဲ့ နိုင်ငံကို ပြန်ပြီး အကျိုးပြုချင်တယ်။” ဟု သူ၏ အိပ်မက်ကို ပြောပြသည်။

လက်နက်ကိုင်တော်လှန်ရေးပြီးဆုံးမည့် ကာလသည် ရှည်ကြာနိုင်ဦးမည်ဆိုသည်ကို သူကြိတင်မှန်းဆထားသော်လည်း အခြေအနေပေးပါက ကလေးငယ်နှင့် လူငယ်များကို ပညာရေးနှင့် အသက်မွေးပညာများ သင်ကြားပေးမည့် ကိုယ်ပိုင်ကျောင်းတစ်ခု ထူထောင်ချင်ကြောင်း သူက ဆက်ပြောသည်။

ထို့ပြင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများနှင့် ကလေးငယ်များ ထိခိုက်သေဆုံးရသော သတင်းများထွက်ပေါ်လာလျှင် သူ့အနေဖြင့် စိတ်မကောင်းဖြစ်ရသလို စစ်ကောင်စီအပေါ်ကို ပိုပြီး မုန်းတီးလာစေသည်ဟု သူက ဆိုသည်။

“ကျွန်တော် လုံးဝဒေါသထွက်ပြီးတော့ အရမ်းစိတ်ထိခိုက်ရတဲ့ အချိန်ကဘာလဲဆိုရင်​ စာသင်ကျောင်းတွေကို ဗုံးကြဲတာပဲ။ ကလေးလေးတွေဗျာ၊ ကရင်နီပြည်နယ်က ဖြစ်ရပ်တစ်ခုမှာဆို ဗုံးကြဲသွားတော့ ကျောင်းစိမ်းလေးတွေ သွေးစလေးတွေနဲ့ ထမင်းချိုင့်လေးတွေနဲ့ အဲဒီနေ့ကတော့ ကျွန်တော် လုံးဝစိတ်ထိခိုက်ရတဲ့ နေ့ပဲ” ဟု သူက ဆိုသည်။

စစ်အာဏာမသိမ်းခင်ကာလတုန်းက သူသည် ပညာဒါနကျောင်းတစ်ခုနှင့် ကိုယ်ပိုင်ကျောင်းတစ်ခုတွင် ဆရာအဖြစ် အသက်မွေးခဲ့သူဖြစ်၍ လက်နက်ကိုင်တော်လှန်ရေးပြီးဆုံးပါက ကျောင်းဆရာအဖြစ်သာ ပြန်ရပ်တည်လိုခြင်းဖြစ်သည်။

စစ်အာဏာရှင်ခေတ်အဆက်ဆက်တွင် ပညာရေးကို ဖိနှိပ်ထားပြီး သမိုင်းအမှန်တရားကို ဖျောက်ဖျက်ထားသော စစ်ကျွန်ပညာရေးကို သူအလွန်မုန်းတီးသည်ဟု ပြောသည်။

“ကျွန်တော်တို့ဆိုရင်လည်း မျိုးဆက်လိုက်ကြီး ရေးနေရတယ်၊ နောက်ထပ်မျိုးဆက်တစ်ခုကိုတော့ ထပ်ပြီးတော့ မရေးစေချင်တော့ဘူး။ လက်နက် ထပ်မကိုင်စေချင်တော့ဘူး” ဟု သူက ဆိုသည်။

ထို့ပြင် နောင်လာမည့် နိုင်ငံတော်သစ်ကြီးတွင် လူသားအချင်းချင်း ချစ်ခင်ပြီး တန်းတူညီမျှဖြစ်ရန်၊ အကြမ်းဖက်မှုနှင့် စစ်ပွဲများ ရပ်တန့်ရပ်၊ ပညာရေးမျှတပြီး ပညာဉာဏ်ပွင့်လင်းလာစေရန် တောင်းဆိုရမှုများကို လက်နက်ကိုင်စရာမလိုဘဲ တောင်းဆိုရုံရနိုင်သော နိုင်ငံတစ်ခုဖြစ်စေလိုကြောင်း သူ၏ ဆန္ဒတစ်ခုကို ထုတ်ဖော်ပြောသည်။

ယခုတွင် ရာမ်ဆင်းရ်မဟာဒူးတစ်ယောက် သူဖြစ်လိုသော နိုင်ငံတော်သစ်နှင့် ကလေးငယ်များကို ပညာတတ်ဖြစ်စေလိုသည့် ကျောင်းဆရာဘဝသို့ ပြန်ရောက်နိုင်ရန် အနေအစားဆင်းရဲပြီး ကြမ်းတမ်းခက်ခဲသော စစ်သင်တန်းလေ့ကျင့်ခန်းများကို အပြင်းအထန်ကြိုးစားလေ့ကျင့်နေလေသည်။

Show More

Related Articles

Back to top button