ကော့ကရိတ်၊ သင်္ဃန်းညီနောင်နှင့် မြဝတီမြို့တို့ကို ဆုံးရှုံးခဲ့ရပြီးနောက် အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများ အဆက်မပြတ် ထိုးစစ်ဆင်ခံနေရသည့် ကရင်ပြည်နယ်တွင် BPLA ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲကို ဧပြီလ ၁၀ ရက်နေ့က ကျင်းပခဲ့သည်။
BPLA ၏ အမှတ် (၁၀၇) စစ်ဒေသဖြစ်သည့် ကရင်ပြည်နယ် တောတွင်းတစ်နေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ ၃ လကျော် ကြာမြင့်ခဲ့ပြီး တပ်သားသစ် ၁၀၀ ကျော် သင်တန်းဆင်းခဲ့သည်။
ထိုသင်တန်းဆင်းပွဲသို့ အသက် ၁၈ မှ ၃၀ နှစ်ကြား လူငယ်များ တက်ရောက်ခဲ့ကြပြီး အများစုမှာ အာဏာသိမ်းစစ်တပ်၏ ရွာလုံးကျွတ်လူသတ်၊ မီးရှို့မှုများကြောင့် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
သင်တန်းသား ရဲဘော်သစ်များ ခေါ်ယူရာတွင် သင်တန်းကုန်ကျစရိတ်တင်မကဘဲ သင်တန်းဆင်းပါက လက်နက်တပ်ဆင်ပေးနိုင်ရန် လက်နက်ရရှိရေး၊ ရန်ပုံငွေရရှိရေးအတွက် စဉ်ဆက်မပြတ်ကြိုးစားနေရသည်ဟု BPLA တပ်၏ ကွပ်ကဲရေးမှူး ကိုဆောင်းခက သင်တန်းဆင်း မိန့်ခွန်းတွင် ပြောသည်။
“ရဲဘော်တွေ ခေါ်ထားပြီးတော့ ဘာမှ လက်နက်မတပ်ဆင်ပေးနိုင်ရင် ရဲဘော်တွေက ငါတို့က ဘာလာလုပ်တာလဲ ဆိုတာမျိုး ဖြစ်လာနိုင်တယ်။ အဲဒါတွေကိုလည်း ကြိုတွေးထားပြီး ဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့ BPLA အနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားတယ်။ ရေရှည်မှာ ဒီထက်ပိုပြီး စနစ်ကျလာဖို့ပဲ ကျွန်တော်တို့ မြင်တယ်” ဟု ၎င်းက ပြောသည်။
BPLA တပ်မှာ ရည်မှန်းချက်ကြီးမားပြီး စစ်ပုံကျရေး၊ စစ်သားဖြစ်ရေး၊ စစ်တပ်ဖြစ်ရေးနှင့် မဟာမိတ်ဆက်ဆံရေး မပျက်ယွင်းရေး ဟူသည့် အဓိက မူ ၂ ချက်ကို ဆွဲကိုင်ထားရာ မည်သည့်အခြေအနေ ရောက်ရောက် မိမိ၏ စစ်သားဖြစ်မှုကို မမေ့ရန် သင်တန်းဆင်းရဲဘော်များကို ၎င်းက သတိပေးခဲ့သည်။
“တော်လှန်ရေးစစ်သားဖြစ်ရတယ်ဆိုတာက ကံအကြောင်းမလှလို့ ဖြစ်ရတာ။ ဘာလို့လဲဆိုတော့ တိုင်းပြည်က စုတ်ပျက်နေလို့ တိုင်းပြည်က မတရားမှုတွေနဲ့ ပြည့်နှက်နေလို့” ဟု ၎င်းက ဆက်ပြောသည်။
ထိုစစ်သင်တန်းတွင် တက်ရောက်ကြသူအများစုမှာ ရန်ကုန်တိုင်းမှ လာရောက်ကြခြင်းဖြစ်သည်၊ အာဏာသိမ်းပြီးနောက် စစ်တပ်၏ နှိပ်စက်၊ အနိုင်ကျင့်မှုများကို မြင်တွေ့ရသဖြင့် စစ်တပ်ကို လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
၂၀၂၁ စစ်တပ် အာဏာသိမ်းချိန်က ဒဂုံတက္ကသိုလ် ဒုတိယနှစ် ဂုဏ်ထူးတန်းတွင် ပညာသင်ကြားနေခဲ့ပြီး ဆန္ဒပြပွဲများတွင် ဆက်တိုက်ပါဝင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးအထိ သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ စစ်ပညာလာရောက်သင်ကြားသူ ရဲဘော် ခူးခူက ပြောသည်။
“တခြား ရွေးချယ်စရာလည်းရှိပါတယ်။ ဒါပေမဲ့ ဒီစစ်အာဏာရှင်စနစ်ကို အပြတ်မဖြတ်နိုင်ဘဲနဲ့ ခဏတာပျောက်မယ့် ပျောက်ဆေးလောက်ပဲ ဖြစ်မှာမို့လို့၊ ဒီလိုမျိုး တစ်ခါတည်း ဝင်လိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ ထင်လို့ ဝင်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး လူသစ်စုဆောင်းနေသော်လည်း ၎င်းတို့၏ လက်နက်နှင့် လူအင်အားမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်အင်အားကို ကျော်လွှားနိုင်မည်မဟုတ်ဟု ယုံကြည်ကြောင်း Great 10 ဖြေဆိုပြီးနောက် စစ်အာဏာသိမ်းမှုနှင့် ရင်ဆိုင်ခဲ့ရသည့် ရဲဘော် ပင်ဂွင်းက ပြောသည်။
“စစ်တပ်က ပြည်သူတွေကို နှိပ်စက်တယ်။ ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို အတင်းလုယူတယ်။ တိုင်းပြည်ကြီးက မလုံခြုံသလို ခံစားရတယ်။ ပြီးတော့ မီးတွေရှို့တယ်။ အဲ့ဒီလိုမျိုးတွေ မခံနိုင်လို့ လက်နက်စွဲကိုင်တော်လှန်ရေးကို ဝင်ရောက်လာတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်နက်ကိုင်တော်လှန်ရေး၏ အဓိကအရေးကြီးဆုံးမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်ဖြစ်ပြီး စစ်အာဏာရှင်ခေတ်အဆက်ဆက်က ကျူးလွန်ခဲ့သည့် ပြစ်မှုများအတိုင်း ဒဏ်ခတ်အရေးယူပြီး စစ်အာဏာရှင်စနစ်ကို အမြစ်မှ ဆွဲလှန်မည်ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့တွေက ကျောင်းသားအရွယ်ပဲ ရှိသေးတယ်။ ဒီစစ်ပညာတွေသင်ဖို့ စစ်မှုထမ်းဖို့နဲ့ လုံးဝမသက်ဆိုင်သေးဘူးလို့ ထင်တယ်။ ကျွန်တော်တို့မှာက ကျွန်တော်တို့ တက်လမ်းတွေ အများကြီးရှိသေးတယ်။ အရမ်းတော့ ဝမ်းနည်းမိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ စစ်သား စုဆောင်းမှု
အာဏာသိမ်းပြီး ပြည်သူအများအပြားကို အကြမ်းဖက် ပစ်သတ်နေသဖြင့် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည်လည်း စစ်သည်အင်အား အများအပြားလိုအပ်နေရာ စစ်မှုထမ်းဥပဒေဆိုသည်ကို အသက်သွင်းပြီး တပ်သားသစ် အလွယ်တကူ ရနိုင်ရန် ကြိုးပမ်းနေသည်။
စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သားစုဆောင်းမခံရမီ တော်လှန်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံးပူးပေါင်းကြရန်၊ မဖြစ်မနေ စစ်မှုထမ်းရပါကလည်း အသက်ရှင်သန်ရေးအတွက် အစွမ်းကုန်ကြိုးစားပြီး စစ်တပ်၏ သတင်းများကို တော်လှန်ရေးတပ်ဖွဲ့များထံ ပေးပို့ရန် ရန်ကုန်မြို့မှ စစ်သင်တန်းလာတက်သူ ရဲဘော် ကြက်ကြော်က ပြောသည်။
“အဓမ္မစစ်သားစုဆောင်းခံရရင်တော့ သူတို့ဆီက ရသမျှသတင်းတွေကို ကျွန်တော်တို့ တော်လှန်ရေးတပ်တွေဆီကို ဖြည်းဖြည်းချင်း သတင်းပေးတာပဲ ဖြစ်ဖြစ်ပေါ့။ သူတို့က သင်တန်းပေးပြီးလို့ သေနတ်တွေဘာတွေ ရရင်လဲ သူတို့ဘက်ကို ရနိုင်သလောက်ပေါ့။ စစ်တပ်ဘက်ကို ပြန်တိုက်ထုတ်တာမျိုးတွေ လုပ်စေချင်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းရန် စုံစမ်းနေဆဲဖြစ်ပြီး အသက်မပြည့်သေး၍ ဝင်ခွင့်မရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“နေရာတာ လုံးဝ မလုံခြုံတော့ဘူး။ အရင်ကလည်း လုံခြုံလားဆိုတော့ လုံခြုံမှုတော့မရှိဘူး။ ဒါပေမဲ့ အခုက အပြင်သွားရင်တောင်မှ ပေါ်တာဆွဲတယ်ဘာညာဆိုပြီး ကြားမိတော့ အပြင်ထွက်ရတာပါ သိပ်မထွက်ချင်တော့ဘူး။ အဲဒါကြားပြီးတော့ ကျွန်တော် သင်တန်းတောင် မသွားတော့ဘူး။ သွားလာရတာပါ လုံခြုံမှုမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်တပ်က ရုတ်တရက်အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် သင်တန်းသားဝင်ခွင့် လျှောက်ထားသူများ ပုံမှန်စစ်သင်တန်းများထက် များပြားလာခဲ့ပြီး အရေအတွက်ကို အတိအကျ မပြောနိုင်ကြောင်း၊ BPLA သင်တန်းတွင် စစ်ရေးသင်တန်းများသာမကဘဲ နိုင်ငံရေးသင်တန်းများလည်းရှိကြောင်း စစ်အာဏာမသိမ်းခင်က သန်လျင်နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားခဲ့သူ BPLA ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းလင်းက ပြောသည်။
“သင်တန်းကာလတစ်ခုလုံးမှာ စစ်ရေးနဲ့ ပတ်သက်တဲ့ လေ့ကျင့်ရေးသင်တန်းချိန်တွေရှိတယ်။ ပြီးရင် စစ်သည်ကျင့်ဝတ်တွေ၊ နိုင်ငံရေးခံယူချက်တွေ၊ တပ်ရဲ့ အခြေခံမူတွေ စံတန်ဖိုးတွေ ဒါတွေကို အဓိက နားလည် သိရှိအောင် သင်ကြားပေးတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ယခုလအတွင်းတွင် ၃ နှစ်ပြည့်မည်ဖြစ်သည့် BPLA တပ်သည် ကရင်ပြည်နယ်တွင် (၁၀၇) စစ်ဒေသ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၂၀၃) စစ်ဒေသဟူ၍ စစ်ရေးလှုပ်ရှားနေသည်။