စီးပွားရေး

စီးပွားရေးပြိုကျနေသောကြောင့် စက်ရုံအများအပြား ရပ်တည်ရန် ခက်ခဲလာနေ

အခက်အခဲမျိုးစုံကြောင့် ပြည်တွင်းစက်ရုံများ လုပ်ငန်းရပ်နားခြင်း၊ ပြန်အငှားချခြင်းပြုလုပ်လာပြီး နိုင်ငံခြားသားပိုင်စက်ရုံများမှာ အပြီးအပိုင် ပိတ်သိမ်းမှုများရှိသည်ဟု ဆိုသည်။

စစ်ကောင်စီလက်ထက် လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်ခြင်း၊ ပြည်ပမှ တင်သွင်းရသည့် ကုန်ကြမ်းများ ပြတ်လပ်ခြင်းတို့ကြောင့် ရန်ကုန်နှင့် မန္တလေးမြို့မှ စက်ရုံလုပ်ငန်းအများအပြား ရပ်တည်ရန် ခက်ခဲလာသည်ဟု စက်မှုဇုန်လုပ်ငန်းရှင်များနှင့် အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။

စက်မှုဇုန်များတွင် တစ်နေ့လျှင် ၄ နာရီသာ လျှပ်စစ်မီးရ၍ ဒီဇယ်အင်ဂျင်သုံးမီးစက်များကို အဓိကထား အားပြုရသဖြင့် ကုန်ကျစရိတ်များမြင့်တက်လာသည်၊ စစ်ကောင်စီ၏ နိုင်ငံခြားအရန်ငွေအကျပ်အတည်းကြောင့် ကုန်ကြမ်းတင်သွင်းမှုကို ကန့်သတ်ထားရာ စက်ရုံများပုံမှန်လည်ပတ်ရန် ပိုခက်ခဲလာခြင်း ဖြစ်သည်။

ပိတ်သိမ်းစက်ရုံအရေအတွက် အတိအကျမသိသော်လည်း ပြည်တွင်းစက်ရုံတချို့ လုပ်ငန်းရပ်နားခြင်း၊ ပြန်အငှားချခြင်းပြုလုပ်လာသည်၊ နိုင်ငံခြားသားပိုင်စက်ရုံတချို့သည်လည်း အပြီးအပိုင် ပိတ်သိမ်းမှုများရှိလာသည်ဟု အမည်မဖော်လိုသည့် ရန်ကုန်မြို့မှ ထိပ်သီးစက်မှုလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“Local (ပြည်တွင်းစက်ရုံ) က နားလိုက်တယ်။ သူလုပ်လို့မကိုက်တော့ဘူးဆိုရင် ခဏနားလိုက်တယ်။ နောက်ဆုံး သူလုပ်လို့မရတော့ဘူးဆိုရင်လည်း အဲ့ဒီစက်ရုံကို သူများငှားလိုက်တယ်။ ဒါမျိုးတွေတော့ ရှိတာပေါ့။ နိုင်ငံခြားကုမ္ပဏီတွေကတော့ လုပ်လို့မရရင် ပိတ်သွားတာပဲလေ” ဟု သူက ပြောသည်။

လျှပ်စစ်မီးသည် နိုင်ငံဓာတ်အားစနစ်မှ ရရှိပါက တစ်ယူနစ်လျှင် ကျပ် ၁၅၀ သာ ကုန်ကျသော်လည်း မီးစက်ဖြင့် လည်ပတ်ပါက တစ်ယူနှစ်လျှင် ကျပ် ၁,၀၀၀ အထက် ကုန်ကျသည်။ ဒီဇယ်တစ်ဂါလန်ကို ကျပ် ၁၀,၀၀၀ ကျော် ဈေးရှိနေပြီး မီးစက်ထဲ ထည့်မောင်းပါက ၁၀ ယူနစ်ထွက်သော်လည်း ဒီဇယ်ဆီကိုပင် အကန့်အသတ်ဖြင့် ဝယ်ယူနေရသည့်အတွက် လုပ်ငန်းရှင်များမှာ အခက်အခဲများရှိနေသည်။

လုပ်ငန်းများ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာ၍ အကျိုးအမြတ်များထိခိုက်သည်ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။

ထုတ်ကုန်များဖြန့်ဖြူရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရန် စဉ်းစားသော်လည်း စီးပွားရေးကျဆင်းပြီး ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း အစရှိသည့် အထွေထွေစီးပွားရေးအကျပ်အတည်းပေါင်းစုံကြောင့် ဝယ်လိုအားကျဆင်းနေသည်ဟုလည်း သူက ပြောသည်။

စစ်ကောင်စီက စက်မှုဇုန်များကို တစ်ရက် ၄ နာရီ လျှပ်စစ်မီးပေးသည်ဟုဆိုသော်လည်း တစ်ပတ်လျှင် ၂ ရက်သာ မီးအပြည့်ရပြီး ကျန်ရက်များတွင် တစ်ပတ်လျှင် ၁ နာရီမှ ၂ နာရီဝန်းကျင်သာ ရသည်ဟု စက်မှုဇုန်လုပ်ငန်းရှင်များက ဆိုသည်။ 

တရိပ်ရိပ်တက်လာသည့် လောင်စာဆီဈေး၊ မီးစက်ထိန်းသိမ်းပြုပြင်စရိတ်ကြောင့် အမြတ်အားလုံးသည် ဆီးဖိုးဖြင့်သာ ကုန်သွားပြီး တွက်ခြေမကိုက်တော့၍ အရည်အသွေးနိမ့်သည့် ကုန်ကြမ်းများဖြင့်သာ ထုတ်လုပ်နိုင်တော့ကြောင်း ရန်ကုန်မြို့ရှိ လှိုင်သာယာစက်မှုဇုန် (၅) မှ ပီနံအိတ်ထုတ် စက်ရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ရမယ့်အကျိုးအမြတ်‌တွေက ဆီဖိုးနဲ့ပဲ ကုန်သလိုဖြစ်နေတာပေါ့။ အဲ့ဒီလိုဖြစ်နေတော့ ကျွန်တော်တို့မှာ အော်ရီဂျင်နယ်ကော်စေ့ (အိတ်လုပ်ရာတွင် သုံးသည့် ကော်စေ့) အသစ်တွေနေရာမှာ အခြားကော်စေ့တွေနဲ့ အစားထိုးပြီးတော့ ကုန်ကြမ်းကို ပြန်ပြောင်းသုံးရတာပေါ့” ဟု သူက ဆိုသည်။

လျှပ်စစ်မီးအခက်အခဲကြောင့် လူသုံးကုန် ပလတ်စတစ်ပစ္စည်းထုတ်သည့် ပြည်တွင်းစက်ရုံ ၂၀ ကျော် ပိတ်သိမ်း၍ လျှပ်စစ်မီးအဆင်ပြေသည့် အခြားမြို့နယ်များသို့ ရွှေ့ပြောင်းသွားကြောင်း သူက ပြောသည်။

ထိုစက်မှုဇုန်ထဲ၌ လျှပ်စစ်မီးအချိန်ပြည့်မသုံးရသည့် မုန့်လုပ်ငန်း၊ သံထည်လုပ်ငန်း၊ ပရိဘောဂနှင့် တိရစ္ဆာန်အစာထုတ်လုပ်ငန်း အစရှိသည့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများသာ ကျန်ရှိတော့ကြောင့် သူက ပြောသည်။

“ထုတ်လုပ်မှုတွေ လျှော့ပစ်တာပေါ့။ လုပ်ငန်းကို ရှိတဲ့လူလေးနဲ့ ရတဲ့လျှပ်စစ်မီးလေးနဲ့ ထိန်းပြီးလည်ပတ်တယ်ဆိုတဲ့အနေအထားမျိုးပဲ သွားတာပေါ့။ အလုပ်လုပ်ချိန် ၈ နာရီမှာ ၄ နာရီပဲ လုပ်တယ်ပေါ့။ အဲ့ဒီ ၄ နာရီလောက်လုပ်ပြီး ထွက်လာတဲ့ကုန်ပစ္စည်းကိုပဲ ရောင်းတယ်၊ ဝယ်တယ်။ ဒီလိုပဲ သွားနေကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုစက်ရုံလုပ်ငန်းရှင်က ဆိုသည်။

လျှပ်စစ်မီးအခက်အခဲသည် စက်ရုံအလုပ်သမားများကိုပါ ရိုက်ခတ်မှုရှိကြောင်း၊ စက်ရုံရပ်နားပါက အလုပ်လက်မဲ့ဖြစ်မည့်အရေးကို စိုးရိမ်နေရကြောင်း မန္တလေးမြို့ စက်မှုဇုန်မှ သံရည်ကြိုစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက ပြောသည်။

သံရည်ကြိုလုပ်သားများသည် နေ့စားလုပ်ခ ကျပ် ၂၅,၀၀၀ ဝန်းကျင်ရသည်။ စစ်အာဏာသိမ်းသည့် ၂၀၂၁ မှစတင်၍ တစ်နှစ်ထက်တစ်နှစ် ဆိုးဆိုးရွားရွားမီးပြတ်တောက်လာရာ ယခုနှစ် မေလတွင် မန္တလေးရှိ သံရည်ကြိုလုပ်ငန်းများကို လျှပ်စစ်မီးမပေးနိုင်တော့သဖြင့် စက်ရုံများရပ်နားထားကြောင်း ၎င်းက ဆိုသည်။

“အခု ရက်အကန့်သတ်မရှိ မီးမပေးနိုင်တော့ စက်ရုံတွေက နားပစ်လိုက်တာပါ။ သံရည်ကြိုဆိုတာက မီးစက်နဲ့လုပ်လို့မရပါဘူး။ မီးပျက်တဲ့အချိန်ဆို သံဈေးက နှစ်စဉ်တက်ပါတယ်” ဟု သူက ဆိုသည်။

ကုန်သွယ်ရေးပြတ်တောက်မှုနှင့် ကုန်ကြမ်းအခက်အခဲ

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီသည် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်သော နယ်စပ်စခန်း ၆ ခုထက်မနည်းကို ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်မှစ၍ လက်လွတ်ဆုံးရှုံးထားရသလို အရေးပါသည့် နယ်စပ်လမ်းကြောင်းများလည်း ပြတ်တောက်နေသည်။

တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်ကြသည့် မူဆယ် ၁၀၅ မိုင်ကို မြောက်ပိုင်းမဟာမိတ်၊ လွယ်ဂျယ်ကို ကချင်တပ် KIA နှင့် ချင်းရွှေဟော်ကို ကိုးကန့်တပ် MNDAA တို့က တိုက်ယူထိန်းချုပ်ထားသည်။

အလားတူ ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သော မယ်စဲ့ကို ကရင်နီတော်လှန်ရေးတပ်၊ အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ချင်းတပ် CNA တို့က သိမ်းပိုက်ထားသည်။

ထိုင်းနိုင်ငံနှင့် အဓိကကုန်သွယ်မှုလုပ်ဆောင်သော ကရင်ပြည်နယ် မြဝတီနှင့် တနင်္သာရီတိုင်း ထီးခီး ကုန်သွယ်ရေးလမ်းကြောင်းများသည်လည်း ကရင်တပ် KNU နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲများဖြစ်နေ၍ ကုန်စည်စီးဆင်းမှုများ တန့်နေသည်။

လက်ပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်ကြမ်းသယ်မရသည့် အခြေအနေများလည်း ရှိနေသည်။

ထို့ပြင် စစ်ကောင်စီ၏ နိုင်ငံခြားငွေစီးထွက်မှု ကန့်သတ်ထိန်းချုပ်ထားပြီး ပြည်ပမှ တင်သွင်းရသည့် ကုန်ကြမ်းများကို အကန့်အသတ်ဖြင့် ခွင့်ပြုပေးခြင်းကြောင့်လည်း ကုန်ကြမ်းရှားပါးလာသည်ဟု စက်မှုဇုန်လုပ်ငန်းရှင်များက ဆိုသည်။ 

ရန်ကုန်၊ မြို့နယ်တစ်ခုမှ အသေးစားအပ်ချုပ်စက်ဆိုင်လုပ်ငန်းတစ်ခု (ဓာတ်ပုံ- ကိုကံကောင်း/ Myanmar Now)

ကုန်ကြမ်းရရှိနိုင်မှု အခက်အခဲကြောင့် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် လျှပ်စစ်မော်တာအပ်ချုပ်စက် တပ်ဆင်ထုတ်လုပ်သည့် စက်ရုံများ အပါအဝင် တယ်လီဖုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်း အစရှိသည့် ကုန်ကြမ်းသွင်းကာ ကုန်ချောပြန်ထုတ်သည့် စက်ရုံများသည် တရုတ်နိုင်ငံသို့ ပြောင်းရွှေ့သွားကြကြောင်း ရန်ကုန်မြို့ရွှေလင်ဗန်းစက်မှုဇုန်ကော်တီ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“နိုင်ငံခြားကနေ ကုန်ကြမ်းသွင်းပြီး ဒီမှာ ကုန်ချောထုတ်တယ်။ ကုန်ကြမ်းသွင်းရတဲ့ အခက်အခဲကလည်း ထင်သလောက် အရင်လို မလွယ်တော့ဘူး။ ကုန်ကြမ်းမရှိဘဲ ငုတ်တုတ်မေ့သွားတဲ့ စက်ရုံတွေ တော်တာ်များများတော့ ပိတ်သွားတယ်” ဟု သူက ပြောသည်။

သို့သော် အထည်ချုပ်လုပ်ငန်းများမှာ ကုန်ကြမ်းဆက်လက်ရရှိနေသေးသလို ပြည်ပမှ အမှာစာအော်ဒါများလည်းရှိနေသဖြင့် ရပ်တည်ရေးအဆင်ပြေနေကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အထည်ချုပ်စက်ရုံများသည်ပင် မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွှေ့လာမှုများရှိကြောင်း သူက ဆိုသည်။

အထည်ချုပ်စက်ရုံများသည် နိုင်ငံခြားမှ ကုန်ကြမ်းတင်သွင်းပြီး ကုန်ချောကို ပြန်လည်တင်ပို့ကြ၍ နိုင်ငံခြားငွေပြန်ရနေသဖြင့် စစ်ကောင်စီကမူ ထိုလုပ်ငန်းများကို ကုန်ကြမ်းများကန့်သတ်မှု မရှိသေးပေ။

ထိုလုပ်ငန်းများသည် ဒေါ်လာဖြင့်သာ အရောင်းအဝယ်လုပ်ရခြင်းကြောင့် ငွေလဲနှုန်းအတက်အကျဒဏ်ကိုလည်း အခြားပြည်တွင်းလုပ်ငန်းများကဲ့သို့ မခံစားရပေ။

“နိုင်ငံခြားငွေရတဲ့လုပ်ငန်းဖြစ်နေတဲ့အတွက် ဒီဘက်က ကုန်ကျစရိတ်တက်လာပေမဲ့ နိုင်ငံခြားငွေရဲ့ တန်ဖိုးလည်း တက်လာတယ်။ တက်လာတဲ့အခါကျတော့ ဒီဘက်မှာ (ထုတ်လုပ်မှု) ပြန်သုံးလို့ရတယ်။ သူတို့ကျတော့ စိုးရိမ်စရာတစ်ခုက အော်ဒါတွေ စဉ်ဆက်မပြတ်မရတော့မှာကိုပဲ” ဟု ရန်ကုန်မြို့မှ ထိပ်သီးစက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စက်ရုံအလုပ်ရုံများတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကြောင့် နာမည်ကြီးအဝတ်အထည်လုပ်ငန်းများ ထွက်ခွာသွားသော်လည်း အထည်ချုပ်တင်ပို့မှုမှာ ပို့ကုန်ဝင်ငွေ အများဆုံးရှိနေဆဲဖြစ်သည်။ 

၂၀၂၃ ဧပြီမှ နိုဝင်ဘာထိ အဝတ်အထည်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃ ဘီလျံဝန်းကျင် ရှိခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

မည်သို့ပင်ဆိုစေ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဘဏ္ဍာရေးမူဝါဒများပြောင်းလဲမှု၊ လျှပ်စစ်မီးနှင့် ကုန်သွယ်ရေးပြတ်တောက်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများသို့ ရွှေ့ပြောင်းသွားကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီမှာက တိုင်းပြည်စီးပွားရေးပြိုကျနေတာ၊ စစ်အုပ်စုအုပ်ချုပ်ရေးယန္တရားပြိုကျနေတာ၊ လူထုရဲ့ စီးပွားရေးပြိုကျနေတာ” ဟု သူက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုများရွှေ့ပြောင်းရာတွင် ကျွမ်းကျင်လုပ်သားများကိုပါ တစ်ပါတည်းခေါ်သွားကြသလို လာအို၊ ကမ္ဘောဒီးယာနှင့် တရုတ်နိုင်ငံတို့တွင် အနည်းဆုံးလစာ ၈ သိန်းကျပ်ဝန်းကျင်အထိ ရရှိသဖြင့် မြန်မာလုပ်သားများ လိုလိုလားလား လိုက်သွားကြကြောင်း သူက ဆိုသည်။

ထို့ပြင် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ပြည်ပထွက်ခွာလိုသူ များလာရာ စက်ရုံများတွင် ကျွမ်းကျင်လုပ်သား ရှားပါးလာပြီး လက်ရှိ စက်ရုံအလုပ်များကို စစ်ဘေးသင့်ဒေသမှ လူငယ်များက ယာယီခိုလှုံအလုပ်လုပ်ရန် လျှောက်ထားလာကြကြောင်း သူက ပြောသည်။

ထို့ပြင် စစ်မှုမထမ်းမနေရဥပဒေကြောင့် စစ်သားစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့် စက်ရုံလုပ်သားများမှာ ပြည်ပထွက်ခြင်း၊ ဇာတိနယ်များသို့ ပြန်ခြင်းများလည်း ရှိလာနေသည်။ စက်ရုံအလုပ်သမားများကို စစ်သားစုဆောင်းမှုမပြုလုပ်ရန် လုပ်ငန်းရှင်များက တင်ပြုမှုများရှိသော်လည်း စစ်ကောင်စီဘက်က မှတ်ချက်တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးဟု သိရသည်။

အထွေထွေအကျပ်အတည်းများကြောင့် စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းအားကျဆင်းနေခြင်းသည် တိုင်းပြည်စီးပွားရေးနှင့် အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ကို ထိခိုက်နိုင်ကြောင်း ရန်ကုန်မှ စက်မှုလုပ်ငန်းရှင်က ပြောသည်။

“ထုတ်လုပ်မှုနည်းသွားရင် ကျွန်တော်တို့ GDP ကျသွားမှာပေါ့။ လူတွေရဲ့ အလုပ်ရမှုတွေ၊ ဝင်ငွေရမှုတွေ အကုန်ကျသွားမှာပေါ့။ ပြောရရင်တော့ စီးပွားရေးထိခိုက်တာပေါ့” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာတစ်ခုအရ စစ်တပ်အာဏာသိမ်းမှုသုံးနှစ်အတွင်း နိုင်ငံအနှံ့မလုံခြုံမှု၊ စစ်ရေးပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုကြောင့် စီးပွားရေးအကျပ်အတည်းဆိုက်နေပြီး လူလတ်တန်းစား ၅၀ ရာခိုင်နှုန်း ပျောက်ဆုံးသွားသည်ဟု ဆိုထားသည်။

Show More

Related Articles

Back to top button