ကိုယ်ပူရှိန်မြင့်ကာ အနံ့ပျောက်ပြီး အစာစားချင်စိတ်မရှိဘဲ ခန္ဓာကိုယ် ကိုက်ခဲသည့်ဝေဒနာ ခံစားနေရသူ အသက် ၄၀ အရွယ် ဒေါ်ဌေးသည် ကိုဗစ်နိုင်တင်းရောဂါလက္ခဏာ ခံစားနေရပြီဟု သူ့ကိုယ်သူ သံသယရှိခဲ့သည်။
သူနှင့် စက်ရုံတစ်ခုတည်း အလုပ်လုပ်ကိုင်သူ ၁၇ နှစ်အရွယ် သမီးဖြစ်သူသည် ဇူလိုင်ဒုတိယပတ်တွင် အနံ့ပျောက်ကာ ဖျားနာခဲ့ပြီးနောက် ကိုဗစ်နိုင်တင်းရောဂါလက္ခဏာရပ်များက ဒေါ်ဌေးထံ ကူးစက်လာခြင်းဖြစ်သည်။
“လူတွေ တော်တော်များများကလည်း ဖြစ်နေကြတယ်။ သူများတကာတွေကလည်း ဒီလိုလက္ခဏာမျိုးကလည်း (ကိုဗစ်) ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ ဆေးခန်းကိုတော့ မရှိတဲ့ကြားထဲက ရှာကြံ၊ ချေးငှားပြီးတော့ ပြရတာပဲ” ဟု သူက ပြောသည်။
နေထိုင်ရာ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ပုဂ္ဂလိကဆေးခန်းသို့ သွားရောက်ပြသခဲ့ရာ ဆေးခန်းတွင်လည်း နေမကောင်း၊ အနံ့ပျောက်သည့် လူနာများ တန်းစီနေသည်ဟု ဒေါ်ဌေးက ပြောသည်။
လုပ်ငန်းခွင်တို့၏ ထုံးစံအတိုင်း တစ်နေရာတည်းတွင် လူအများ စုဝေးပြီး နာရီများစွာ ပူးတွဲလုပ်ကိုင်ကြရသည့် စက်ရုံအလုပ်ရုံများသည် ကိုဗစ်ဖြစ်ပွားသူတို့ကို အလုံးအရင်းနှင့် တွေ့ရသည့်နေရာ ဖြစ်လာသည်။
စက်ရုံဝန်ထမ်းတစ်ဦး သေဆုံး
ဒေါ်ဌေးတို့သားအမိ အလုပ်လုပ်ကိုင်နေသည့် ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ရွှေနိုင်ငံစက္ကူစက်ရုံတွင် အလုပ်သမားထောင်နှင့်ချီရှိပြီး ကိုဗစ်နိုင်တင်းလက္ခဏာများဖြစ်သည့် အနံ့ပျောက်၊ ဖျားနာနေသူများ နေ့စဉ်ရှိနေသည်။
ထိုစက်ရုံ၏ ဘူးချိုးဌာနတွင် လုပ်ကိုင်သူ အသက် ၆၀ အရွယ် ဒေါ်သောင်းမြင့်သည် ဇူလိုင်ဒုတိယပတ်တွင် အအေးမိဖျားနာခဲ့ပြီး ကိုဗစ်လက္ခဏာများဖြစ်သည့် ကိုယ်ပူခြင်း၊ အနံ့အာရုံပျောက်ခြင်း၊ အစားမဝင်ခြင်း စသည့် အခြေအနေတို့ကို ရင်ဆိုင်ခဲ့ရသည်။
ဇူလိုင် ၁၈ တွင် ပုဂ္ဂလိကဆေးခန်းသို့ ပြသရာ အောက်စီဂျင် ၃၅ နှင့် ၄၀ ကြားတွင်သာရှိ၍ ထိုမှတစ်ဆင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။
ဆေးရုံတွင် အောက်စီဂျင် ၉၀ ထိ ပြန်တက်လာ၍ နောက်တစ်နေ့တွင် အိမ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ရာ ဇူလိုင် ၂၁ ညတွင် ဒေါ်သောင်းမြင့် အမောဖောက်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ခင်ပွန်းသည် ဦးလှမင်းက ပြောသည်။
“မြောက်ဥက္ကလာဆေးရုံက လာတဲ့သူမှန်သမျှမှာ အယောက် ၁၀၀ လာရင်တော့ ၉၀ လောက်က ကိုဗစ်ပဲလို့ ပြောတယ်။ အောက်စီဂျင်ရှူပြီးတော့ ပြန်လာကြတာပေါ့” ဟု သူက ပြောသည်။
ရွှေနိုင်ငံစက္ကူစက်ရုံမှ တာဝန်ရှိသူတစ်ဦးက ဒေါ်သောင်းမြင့်သေဆုံးသည့်ရက်မှာ စက်ရုံပိတ်ရက်တွင်သာဖြစ်၍ စက်ရုံနှင့် မသက်ဆိုင်ကြောင်း၊ စက်ရုံကလည်း အစိုးရချမှတ်ထားသည့် ကိုဗစ်နိုင်တင်း ကျန်းမာရေးပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေကြောင်း ပြောသည်။
“အနံ့ပျောက်တာတွေ၊ ဘာတွေတော့ ကျွန်တော်တို့စက်ရုံမှာ လုံးဝမရှိပါဘူး။ ခွင့်တိုင်တဲ့ ဥစ္စာတွေကဗျာ … သူတို့ကတော့ နေမကောင်းဘူးဆိုတာကို ကလေးတွေက အလွယ်တကူ တိုင်နေကြတာရှိတယ်။ ဒါကို အမှန်ဆိုပြီးတော့ လူတွေ ထောင်နဲ့ချီပြီး လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်တော့ ဒီလိုမျိုးကြည့်လို့တော့ မရဘူးပေါ့ဗျာ” ဟု သူက ဆိုသည်။
ကိုဗစ်နိုင်တင်းလက္ခဏာပေါ်သူ ၃ သန်းကျော်ကို စစ်ဆေးခဲ့ရာ ထိုအထဲမှ ကူးစက်ခံရသူ ၂၈၉၃၃၃ ဦး၊ သေဆုံးသူ ၈၅၅၂ ဦး အထိရှိနေပြီဖြစ်သည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၉ တွင် ထုတ်ပြန်သည်။
ထိုကိန်းဂဏန်းမှာ မြေပြင်အခြအနေနှင့် များစွာ ကွာခြားနေသည်ဟု ပရိဟိတအဖွဲ့များက သုံးသပ်သည်။
ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူများစာရင်းကောက်ခံနေသည့် We Count အဖွဲ့က ဇွန် ၁၀ မှ ဇူလိုင် ၂၈ အတွင်း ကိုဗစ်နိုင်တင်းကူးစက်မှုကြောင့် ၁၈၈၂ ဦး သေဆုံးခဲ့သည်ဟု ဇူလိုင် ၂၈ က ထုတ်ပြန်သည်။
စစ်အာဏာသိမ်းပြီး လပိုင်းအကြာတွင် ကိုဗစ်နိုင်တင်းတတိယလှိုင်းဖြစ်ပေါ် လာရာ လုပ်ခလစာနည်းပါးသည့် စက်မှုဇုန်အလုပ်သမားများကြားတွင် ရောဂါကူးစက်မှုမြင့်မားလာမည်ကို အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများက စိုးရိမ်နေကြသည်။
ကျန်းမာရေးစောင့်ရှောက်မှု
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သိန်းနှင့်ချီသည့် စက်မှုဇုန်အလုပ်သမားများမှာ အလုပ်သမားအခွင့်အရေးများ ပိုမိုဆုံးရှုံးလာနေပြီး ကိုဗစ်နိုင်တင်းတတိယလှိုင်းနှင့်လည်း ရင်ဆိုင်နေကြရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အလုပ်သမားသုံးသောင်းခွဲကျော် လုပ်ငန်းခွင်မှ ထုတ်ပယ်ခြင်းခံခဲ့ရပြီး နစ်နာကြေးပေးခြင်း မရှိဘဲ ပိတ်သိမ်းသွားသည့် စက်ရုံအများအပြားလည်း ရှိနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-CTUM ထံမှ သိရသည်။
ကိုဗစ်ဖြစ်ပွားလျှင် အလုပ်မှ ထုတ်ပစ်သည်ဟူသော သတင်းများကြားသိနေရပြီး အလုပ်သမားများမှာ ရောဂါကူးစက်ခံရသည်ကို ထုတ်ဖော်မပြောရဲကြကြောင်း၊ ထိုအခြေအနေကြောင့် စက်ရုံအလုပ်ရုံများတွင် ရောဂါကူးစက်မှု ပိုမိုပျံ့နှံ့သွားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ပြောသည်။
ကူးစက်ခံရသူတို့မှာ လူငယ်များဖြစ်၍ ရောဂါ၏ ဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း သူတို့ထံမှ ထပ်မံကူးစက်ခံရသော သက်ကြီးမိသားစုဝင်ထဲမှ အများအပြားသေဆုံးလာကြသောကြောင့် စက်မှုဇုန်များတွင် သေဆုံးသည့်နှုန်း မြင့်မားလာမည်မှာ စိုးရိမ်ဖွယ်ရာအချက်ဖြစ်သည်ဟု သူက ဆိုသည်။
“အကြမ်းဖက်စစ်ကောင်စီဟာ ကိုဗစ်နိုင်တင်းကို လက်နက်သဖွယ် အသုံးချပြီးတော့ သူ့ကို ဆန့်ကျင်တဲ့ ပြည်သူလူထုကို သတ်ဖြတ်နေတယ်လို့ပဲ ဒီတိုင်းပဲ ယူဆပါတယ်” ဟု သူက ဆက်ပြောသည်။
အလုပ်သမားများ ကိုဗစ်ဖြစ်ပွားနေသည်မှာ ဒဂုံဆိပ်ကမ်းစက်မှုဇုန်တစ်ခုတည်းတွင် မဟုတ်ပေ။ မြန်မာနိုင်ငံ၏ အကြီးဆုံးစက်မှုဇုန်တစ်ခုဖြစ်သည့် ရန်ကုန်တစ်ဖက်ကမ်း လှိုင်သာယာမြို့နယ်စက်မှုဇုန်တွင်လည်း ကူးစက်မှုများရှိနေသည်။
လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ ဝန်ထမ်း ၁၄၀၀ ကျော် လုပ်ကိုင်နေသည့် AMG1 အထည်ချုပ်စက်ရုံရှိ ဝန်ထမ်း ၂ ဦးမှာ ကိုဗစ်လက္ခဏာဖြစ်သည့် အသက်ရှူကျပ်သည့် ဝေဒနာဖြင့် ဇူလိုင်တတိယပတ်တွင် ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့သည်ဟု စက်ရုံ၏ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက ပြောသည်။
နေမကောင်းဖြစ်သူ ရာနှင့်ချီရှိနေသော စက်ရုံတွင် ခွင့်ရက်ရှည်ရရှိရန် ခက်ခဲနေပြီး လူမှုဖူလုံရေးခွင့်နှင့် အနားယူပါကလည်း စက်ရုံတာဝန်ရှိသူများက ခေါ်ယူမေးမြန်းပြီး အလုပ်ထုတ်ပစ်တတ်သည်ဟု စက်ရုံ၏ အလုပ်သမားသမဂ္ဂခေါင်းဆောင် အသက် ၃၅ နှစ်အရွယ် မစိုးက ပြောသည်။
“အလုပ်ရှင်တွေကနေပြီးတော့ ဒီစစ်အာဏာသိမ်းမှုကို အကြောင်းပြုပြီးတော့ စည်းမျဉ်း၊ စည်းကမ်းနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အပြည့်အဝ မလုပ်ပေးနိုင်ကြဘူးပေါ့။ အဲ့ဒါကြောင့် အလုပ်သမားတွေက အရမ်းကြောက်နေကြတယ်” ဟု သူက ဆိုသည်။
ကိုဗစ်နိုင်တင်း ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် အလုပ်ရှင်တို့ ညှိနှိုင်းပြီး အကောင်းဆုံးလုပ်ပေးနိုင်ခဲ့သော်လည် ယခုတတိယလှိုင်းကာလတွင် စစ်အာဏာသိမ်းမှုကို အကြောင်းပြု၍ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရသည်ဟု သူက ဆက်ပြောသည်။
“စက်ရုံထဲမှာ ကျန်းမာရေးမကောင်းဖြစ်တယ်။ အလုပ်နားတယ်။ နားတဲ့အချိန်မှာ သေကြတယ်။ ဒီလူတစ်ယောက်ဟာ လုပ်ငန်းခွင်ထဲမှာ လုပ်ရင်းနဲ့ ရောဂါကူးစက်မှုဖြစ်သွားတာလား။ ဒီလူက သူ့ရဲ့ စက်လိုင်းထဲမှာ လူတွေနဲ့ ထိတွေ့မှုရှိတော့ ဒီလူတွေပါ ကူးစက်နေသလား” ဟု သူက မေးခွန်းထုတ်လိုက်သည်။
စက်မှုဇုန်အတွင်း ကူးစက်မှု
ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ စက်ရုံတိုင်းနီးပါးတွင် ကိုဗစ်နိုင်တင်းလက္ခဏာများဖြစ်သည့် အနံ့ပျောက်၊ ဖျားနာသူ အလုပ်သမားများရှိနေသည်ဟု စက်ရုံ ၅ ရုံမှ အလုပ်သမားများက Myanmar Now ကို ပြောသည်။
ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ဖုယွမ်အထည်ချုပ်စက်ရုံတွင် ဇူလိုင် ၂၆ က ကိုဗစ်နိုင်တင်းလက္ခဏာဖြင့် တရုတ်စကားပြန် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အနံ့ပျောက်သူ၊ အောက်စီဂျင်ကျ၍ မူးလဲသူများ ယခုရက်ပိုင်းအတွင်း မကြာခဏ တွေ့နေရသည်ဟု စက်ရုံ၏ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသက်က ပြောသည်။
“စက်ရုံထဲမှာ စိုးရိမ်နေကြတာ၊ အလုပ်တောင် ပိတ်စေချင်ကြတယ်၊ စက်ရုံကို ပိတ်စေချင်ကြတယ်၊ အားလုံး တိုင်ပင်ကြတယ်။ သူတို့က ဖွင့်တော့ ကိုယ်တွေက မဆင်းလို့ မရဘူးလေ” ဟု သူက ပြောသည်။
ထိုသို့ အလုပ်မပိတ်ပါကလည်း စက်ရုံတွင် ကိုဗစ်နိုင်တင်းကူးစက်မှုကို စစ်ဆေးပေးပြီး ကိုဗစ်လက္ခဏာတွေ့ရှိရသူများကို သက်သက်ခွဲထားစေချင်သည်ဟု သူက ဆိုသည်။
ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ဝန်ထမ်း ၃၀၀၀ ကျော်ရှိသည့် Arao အထည်ချုပ်စက်ရုံတွင် အသက် ၃၈ နှစ်အရွယ် ကြီးကြပ်ရေးမှူး အမျိုးသမီးမှာ ဇူလိုင် ၂၂ တွင် ကိုဗစ်နိုင်တင်းလက္ခဏာဖြင့် သေဆုံးခဲ့ပြီး ၎င်းကဲ့သို့ ရောဂါလက္ခဏာခံစားနေရသူအလုပ်သမားများလည်း ရှိနေသည်ဟု ထိုစက်ရုံ၏ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် မသန္တာက ပြောသည်။
“အခုက လူတွေ အများကြီးသေနေတာဆိုတော့ ညီမတို့အနေနဲ့လည်း ကိုဗစ်နဲ့ သေမှာကိုတော့ ကြောက်တယ်လေ။ ညီမ ဘေးနားက တစ်ယောက် ၂ ယောက်ကတော့ ကိုဗစ်ကိုမှ ကျော်နိုင်ပါ့မလားဆိုပြီး ပြောနေကြတယ်” ဟု သူက ပြောသည်။
သူနှင့် စက်ရုံတစ်ခုတည်းတွင် အတူတူလုပ်ကိုင်သူ ညီမဖြစ်သူမှာ ပြီးခဲ့သည့်အပတ်မှစ၍ နှာစေး၊ ချောင်းဆိုး၊ အနံ့ပျောက်သွားကြောင်း၊ အိမ်အနီးတဝိုက်တွင် နေထိုင်သူများတွင်လည်း ကိုဗစ်လက္ခဏာတွေ့နေရကြောင်း သူက ဆက်ပြောသည်။
“အလုပ်ပိတ်ချင်နေကြတယ်။ ဒါပေမယ့် အလုပ်က မပိတ်ဘဲနဲ့ မဆင်းဘူးဆိုရင် အလုပ်က ပြုတ်မှာလေ။ အဲ့ဒါကြောင့် ရောဂါကူးစက်ခံရမှာကို ကြောက်ပေမယ့်လည်း ဆင်းနေကြရတယ်” ဟု သူက ပြောလိုက်သည်။
စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၂၉ အထိစာရင်းများအရ လူနာသစ် ၅,၂၃၄ ဦး ရှိပြီး သေဆုံးသူ ၃၄၂ ဦး ထပ်မံရှိလာကာ သေဆုံးသူစုစုပေါင်း ၈,၅၅၂ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုမြင့်မားနေသောကြောင့် ဒေသတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဓိကဖြန့်ဖြူးနေသည့ နိုင်ငံဖြစ်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဇူလိုင် ၂၉ တွင် သတိပေးပြောဆိုထားသည်။