
လက်နက်ကိုင်ခုခံမှု အားကောင်းသည့်ဒေသများမှ လာရောက်သူများကို လက်မခံရန် စစ်ကောင်စီက ဖိအားပေးနေ၍ ဇူလိုင်နောက်ဆုံးပတ်တွင် ရန်ကုန်မြို့ရှိ စက်ရုံတချို့၌ အလုပ်သမားများ အကြောင်းမဲ့ အလုပ်ထုတ်ခံနေရသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကယား (ကရင်နီ) ဒေသ မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို အဓိက ပစ်မှတ်ထားနေခြင်း ဖြစ်ကြောင်း၊ အလုပ်သမားရာချီ ထပ်မံအလုပ်ထုတ်ခံရဖွယ်ရှိနေကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်သူများနှင့် အလုပ်သမားများထံမှ သိရသည်။
ရန်ကုန်မြို့ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန်များမှ စက်ရုံ ၅ ရုံထက်မနည်းတွင် ထိုသူများကို ဇူလိုင်အတွက် လစာထုတ်ပေးစဉ် အလုပ်ဆက်မခန့်နိုင်ကြောင်း၊ နေရပ်ပြန်ရမည်ဖြစ်ကြောင်း စက်ရုံများက အသိပေးသည်ဟု အလုပ်သမားအရေး လုပ်ဆောင်သူတစ်ဦးက ပြောသည်။
“လစာထုတ်ပြီးတဲ့အခါကျရင် မလာနဲ့တော့လို့ ပြောတယ်။ အထုတ်ခံရတဲ့အလုပ်သမားတွေကို ဘာနစ်နာကြေးမှလည်း မပေးဘူး” ဟု မြန်မာနိုင်ငံ၊ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အမျိုးသားတစ်ဦးက ဆိုသည်။
Green Wings lnternational Co.Ltd ၏ ဖိနပ်စက်ရုံ၊ China Morning အထည်ချုပ်စက်ရုံ၊ Myanmar Lucky Fortune Garment နှင့် MYANMAR Bestex Garment စက်ရုံတို့တွင် အလုပ်ရှင်များက မန်နေဂျာများကို ဩဂုတ် ၁ တွင် အစည်းအဝေးခေါ်ယူကာ ယင်းကဲ့သို့လုပ်ဆောင်ရန် ခေါ်ပြောသည်ဟု အလုပ်သမားများက IWFM အဖွဲ့ကို တိုင်ကြားထားသည်။
ယမန်နေ့ (ဩဂုတ် ၃) တွင် Myanmar Lucky Fortune Garment အထည်ချုပ်စက်ရုံမှ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း မှတ်ပုံတင်ကိုင်ဆောင်သူ အလုပ်သမား ၄ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့သည်ဟု ထိုစက်ရုံမှ အမည်မဖော်လိုသူ အမျိုးသားအလုပ်သမားတစ်ဦးက ပြောသည်။
“ရုံးပိုင်းဆိုင်ရာက လာခေါ်တယ်။ မှတ်ပုံတင်နံပါတ်တွေ ပြစမ်းဆိုပြီး အစိုးရ (စစ်ကောင်စီ) က ဒီလိုမျိုး လုပ်တယ်၊ ပြန်ရမယ်၊ နိုင်ငံရေးအခြေအနေမကောင်းဘူး ဘာညာပြောပြီး နိုင်ငံတော်က တရားဝင်ပြန်လွှတ်တယ်ဆိုပြီး နားလှည့်ပါးရိုက် လုပ်တာပဲ” ဟု သူက ပြောပြသည်။
နစ်နာကြေး မပေးဘဲ အလုပ်ထုတ်ခံရသည့် အလုပ်သမား ၄ ဦး၏ နောက်ဆက်တွဲအခြေအနေကို စက်ရုံဘက်က တာဝန်မယူနိုင်ကြောင်း ပြောသည်ဟု ဆိုသည်။

အဆိုပါ တရုတ်နိုင်ငံသားပိုင် Myanmar Lucky Fortune Garment အထည်ချုပ်စက်ရုံတွင် အလုပ်သမားတစ်ထောင်ကျော်ရှိသည့်အနက် ဇူလိုင်လ လစာထုတ်ပေးပြီးပါက နောက်ထပ် အလုပ်ထုတ်ခံရနိုင်သည့် စစ်ကိုင်းနှင့် မကွေး မှတ်ပုံတင်ကိုင်ဆောင်သူ အလုပ်သမား ၃၀၀ကျော် ရှိနေသည်ဟု အထက်ပါအလုပ်သမားက ဆက်ပြောသည်။
“သူတို့က ထုတ်ဖို့အစီအစဉ် အကုန်ဆွဲထားတယ်။ အခုစက်ရုံတိုင်းမှာ ဒီကိစ္စမျိုးက ဖြစ်နေပြီ။ တချို့စက်ရုံတွေကတော့ နစ်နာကြေးပေးတယ် ကြားတယ်” ဟု သူက ပြောသည်။
စက်မှုအလုပ်ရုံများရှိရာ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များတွင် အလုပ်သမားများ ငှားနေသည့် နေအိမ်များ၊ အဆောင်များ၌ အဆိုပါဒေသ မှတ်ပုံတင်ကိုင်ဆောင်သူများကို ဆက်လက် လက်မခံတော့မည့် အခြေအနေများလည်း ကြုံတွေ့နေရသည်ဟု သိရသည်။
“အခု အဆောင်တွေကလည်း လက်သင့်မခံချင်တဲ့ အနေအထားတွေ ဖြစ်နေတယ်။ အဲဒီဒေသက အလုပ်သမားတွေကို ပြန်လွှတ်ရမဲ့ သတင်းတွေကြားပြီး အဆောင်တွေကလည်း မထားချင်ဘူး” ဟု အထက်ပါအလုပ်သမားက ဆက်ပြောသည်။
အလုပ်ထုတ်ခံရပါက နေထိုင်စားသောက်ရေးအပြင် နေရပ်ပြန်ရန်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
ယခုအလုပ်ထုတ်ခံရသည့် အလုပ်သမား ၄ ဦးမှာ နေ့စားအလုပ်သမားများဖြစ်သည်။
စစ်ကောင်စီလက်ထက်တွင် စက်ရုံပိုင်ရှင်များက နေ့စားအလုပ်သမားများအဖြစ်သာ ခန့်ထားရာ အလုပ်ထုတ်ပါက နစ်နာကြေးမပေးကြပေ။
စက်ရုံများက အလုပ်သမားလိုအပ်လျှင် အခြားဒေသမှ လာသူများကိုသာ အလုပ်ခန့်မည်ဟု IWFM ထံမှ သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်နံပါတ်၏ ရှေ့ဆုံးဂဏန်းကို ကြည့်ပြီး မည်သည့် တိုင်း၊ ပြည်နယ်မှ ထုတ်ပေးထားသည့်ကတ်ဖြစ်ကြောင်း အလွယ်တကူ သိနိုင်သည်။
ရန်ကုန်တွင် အလုပ်အကိုင်အတွက် ရောက်နေကြသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကယား (ကရင်နီ) ဒေသခံတို့ကို အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့် ပိတ်ပင်နေခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုဒေသများတွင်လည်း စစ်ကောင်စီတပ်က နေအိမ်များ၊ လုပ်ငန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခံရမှုမှ အကာအကွယ်ရစေရန် အရပ်သားများကို ဓားစာခံအဖြစ် ဖမ်းခေါ်ထားခြင်း စသည့် ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်။
စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ထဲတွင်ပင် စက်ရုံအလုပ်ရုံ အများအပြားပိတ်သိမ်းသွား၍ အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။
လက်ရှိတွင် စက်ရုံများ၌ အချိန်ပိုကြေးမပေးခြင်း၊ ပိတ်ရက်တွင် အခကြေးငွေရဘဲ အလုပ်ဆင်းရခြင်း၊ မဆင်းလျှင် အလုပ်ပျက်ရက်အဖြစ် သတ်မှတ်ခြင်း၊ ကုန်ထုတ်လုပ်ပေးရသည့် အရေအတွက်ကို မြှင့်တင်လိုက်ခြင်း၊ ကိုယ်ထိ လက်ရောက် ရိုက်နှက်ခံရခြင်း၊ ဆဲဆိုခြင်း၊ ခွင့်မပေးခြင်း စသည့် ဖိနှိပ်မှုအခြေအနေများ ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ပြောထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)