
ဆက်သွယ်ရေးအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများ၏ ခွင့်ပြုချက်မရှိဘဲ သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အစိုးရက တိုက်ရိုက်ရယူနိုင်ရန် ရည်ရွယ်နေကြောင်း မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနော (မြန်မာ) က ပြောဆိုလိုက်သည်။
တယ်လီနော (မြန်မာ) က ဒီဇင်ဘာ ၃ တွင် ထုတ်ပြန်ခဲ့သည့် ‘ရေရှည်တည်တံ့သော စီးပွားရေးဆောင်ရွက်ချက်များဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ထိုကဲ့သို့ ပြောဆိုထားခြင်းဖြစ်ပြီး သုံးစွဲသူများ၏ အခြေခံလူ့အခွင့်အရေးအပေါ် မေးခွန်းထုတ်ဖွယ် သက်ရောက်မှုများ ရှိနေသည်ဟု ဆိုသည်။
မိုဘိုင်းဆက်သွယ်ရေးကွန်ရက် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ တောင်းယူခြင်း၊ ဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်နားဆင်ခြင်း၊ အင်တာနက်လိုင်းများဖြတ်တောက်ခြင်း၊ ဝက်ဘ်ဆိုက်များပိတ်ဆို့ခြင်းတို့ ဆောင်ရွက်ရာတွင် အစိုးရက အော်ပရေတာများ၏ ပံ့ပိုးမှု တောင်းခံနေခြင်းနှင့်ပတ်သက်၍ တယ်လီနောက ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။
ဆက်သွယ်ရေးကွန်ရက် အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများနှင့် ပတ်သက်၍ ၂၀၁၄ အောက်တိုဘာမှ ယခုနှစ် နိုဝင်ဘာလအထိ အာဏာပိုင်များက အကြိမ်ပေါင်း ၃၂၇ ကြိမ် တောင်းခံခဲ့ရာ လူသတ်မှု၊ မူးယစ်ဆေးနှင့် လူပျောက်ဆုံးမှုနှင့်ဆိုင်သော တောင်းခံမှု ၂၁၇ ကြိမ်အတွက်သာ ပံ့ပိုးပေးခဲ့ကြောင်း တယ်လီနောက ဆိုသည်။
အစိုးရအာဏာပိုင်များ တရားဝင်တောင်းဆိုပါက ပံ့ပိုးပေးသည်ဟုလည်း ဆိုသော်လည်း တယ်လီနောက ပံ့ပိုးပေးရန် ငြင်းဆိုခဲ့သည့် ကျန်တောင်းခံမှုများသည် မည်သည့်ကိစ္စရပ်များဖြစ်သည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
တရားရုံးအမိန့် သို့မဟုတ် တရားဥပဒေနှင့်အညီ အစိုးရအဖွဲ့အစည်းများက ကွန်ရက်အသုံးပြုသူတို့၏ ဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်နားထောင်ခွင့်ရှိသော်လည်း ထိုကဲ့သို့ လုပ်ဆောင်မှုများအတွက် အော်ပရေတာအနေဖြင့် ပံ့ပိုးနိုင်သောစနစ် တယ်လီနော၏ ကွန်ရက်တွင် မရှိဟုလည်း ဆိုသည်။
“နိုင်ငံတော်တော်များများက လိုင်စင်ရဆက်သွယ်ရေးအော်ပရေတာတွေအနေနဲ့ ဒီလိုတရားဝင်ကြားဖြတ်ရယူမှုတွေ ပံ့ပိုးပေးနိုင်ဖို့ သူတို့ရဲ့ ကွန်ရက်ထဲမှာ Gateways တွေ၊ Nodes တွေကို ပံ့ပိုးပေးထားရပါတယ်။ တယ်လီနောရဲ့ ကွန်ရက်ထဲမှာ အဲ့ဒီစနစ်တွေ တစ်ခုမှ ရှိမနေပါဘူး” ဟု တယ်လီနော (မြန်မာ) က အီးမေးမှတစ်ဆင့် Myanmar Now ကို ပြောသည်။
လုံလောက်သော ဥပဒေအကာအကွယ်များ မရှိပါက ထိုကဲ့သို့ လုပ်ဆောင်ခြင်းများသည် သုံးစွဲသူတို့၏ အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ အလွဲသုံးခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း တယ်လီနောက ဆိုသည်။
“(အစိုးရ၏) ကြားဝင်ဆောင်ရွက်မှုတွေက လူ့အခွင့်အရေးအပေါ် သက်ရောက်မှုမရှိဘူး ဆိုတာကို သေချာစေဖို့ နိုင်ငံသားတွေနဲ့ အော်ပရေတာတွေအတွက် ခိုင်မာတဲ့တရားဥပဒေအရ အကာအကွယ်ပေးမှုတွေ လိုအပ်ပါတယ်” ဟု တယ်လီနော (မြန်မာ) က ဆိုသည်။
အစိုးရက အချက်အလက်များရယူမှုနှင့် ပတ်သက်၍ စည်းမျဉ်းမူဘောင်များ စနစ်တကျမရှိပါက အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်သည်ဟု ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (MIDO) ၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ထိုက်ထိုက်အောင်က ပြောသည်။
“Lawful Interception ဆိုတဲ့ Framework ကောင်းကောင်း ရှိရမယ်။ ဒါကြီးမရှိဘူးဆိုရင်တော့ ကျွန်မတို့ရဲ့ ဒေတာ (အချက်အလက်) တွေကို အစိုးရကနေ အချိန်မရွေး ယူလို့ရတယ်။ စောင့်ကြည့်လေ့လာခွင့်တွေ လုပ်လို့ရတယ်။ အဲ့ဒီနေရာမှာ ပိုပြီး အန္တရာယ်ရှိသွားတဲ့သူတွေက ဥပမာ ဂျာနယ်လစ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ ဆိုရင်တော့ ပိုပြီးတော့ စိုးရိမ်ရမယ့် အနေအထားတွေရှိတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးစျေးကွက်ဖွင့်လှစ်လိုက်ပြီးနောက် ပြည်ပဆက်သွယ်ရေးအော်ပရေတာများကို ဝင်ရောက်လုပ်ကိုင်ခွင့်ပြုချိန်မှစ၍ ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်ခြင်းဆိုင်ရာ စည်းမျဉ်းမူဘောင်များ ချမှတ်ရန် အစိုးရကို တိုက်တွန်းခဲ့သော်လည်း ယခုအချိန်အထိ ထွက်ပေါ်ခြင်းမရှိကြောင်းလည်း ၎င်းက ဆိုသည်။
အစိုးရက အော်ပရေတာများ ခွင့်ပြုချက်မရှိဘဲ ကွန်ရက်များထဲ တိုက်ရိုက်ဝင်ရောက်ရယူနိုင်မှု ရှိလာနိုင်သည်ဟူသော ပြောဆိုချက်များနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်ရမည်ဟု ဆိုသော်လည်း အသေးစိတ်ဖြေဆိုခြင်း မရှိပေ။
အစိုးရ၏ လုပ်ဆောင်ချက်များသည် ဆက်သွယ်ရေးကွန်ရက်အသုံးပြုသူများ၏ လူ့အခွင့်အရေးနှင့်ပတ်သက်၍ မေးခွန်းထုတ်ဖွယ်ရှိနေသည့်အပြင် ဝက်ဘ်ဆိုက်များပိတ်ပင်ခြင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းများသည်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချုပ်ချယ်ရာ ရောက်နေသည်။
၂၀၁၉ နှင့် ၂၀၂၀ တွင် ရခိုင်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၈ ခုတွင် ဆက်သွယ်ရေးအင်တာနက်ကွန်ရက်ပိတ်ပင်ရန် ညွှန်ကြားခဲ့ပြီး ညစ်ညမ်းရုပ်ရှင်၊ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု၊ သတင်းမှားနှင့် ကောလာဟလ၊ လောင်းကစားနှင့် ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုနှင့် ငြိစွန်းသည်ဟုဆိုကာ ဝက်ဘ်ဆိုက်ပေါင်း ၂,၂၀၀ ကို အစိုးရက ပိတ်ပင်ခဲ့သည်။