သတင်း

ကလေးများကို အဓမ္မခိုင်းစေသည်ဆိုသော အလုပ်ရုံတွင် ဆူပူမှုဖြစ်ပြီး ရဲများဒဏ်ရာရရှိ

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပေါင်မုန့်နှင့် ပေါက်စီထုတ်လုပ်သည့် အလုပ်ရုံတိုက်ခန်းတွဲတစ်ခု၌ ရှစ်နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ကလေးအလုပ်သမားများကို ပိတ်လှောင် ညှဉ်းပန်းနှိပ်စက်နေသည်ဟုဆိုကာ ကလေးများကို ဝင်ရောက်ရှာဖွေခွင့်ပေးရန် ယမန်နေ့ (နိုဝင်ဘာ ၂၀) တွင် ရာချီသောလူအုပ်သည် အလုပ်ရုံအနီး ဆူပူတောင်းဆိုခဲ့သည်။ 

နိုဝင်ဘာ ၁၉ ရက် ညပိုင်းအချိန်တွင် စတင်စုဝေးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ ယမန့်နေ့ ညနေပိုင်းအထိ လူရာချီ စုဝေးတောင်းဆိုနေသည်ကို Myanmar Now က တွေ့ရှိခဲ့ရပြီး ညပိုင်းအချိန်တွင် လူစုလူဝေးထပ်မံဖြစ်ပေါ်လာသဖြင့် ရဲတပ်ဖွဲ့များက ရာဘာကျည်ပစ်ဖောက်ကာ လူစုခွဲခဲ့ရသည်။ ဆူပူနေသော လူအုပ်စုက ပေါက်စီထုတ်သည့် အလုပ်ရုံအား ခဲများဖြင့်ထုကာ၊ ကားတချို့ကိုလည်းဖျက်ဆီးခဲ့ရာတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၆ ဦးကို ဆေးရုံတင်ခဲ့ရသည်။ 

အဆိုပါအလုပ်ရုံ၌ အလုပ်လုပ်သည့် ၁၉ နှစ်အရွယ် ကိုကျော်လင်းထွန်းသည် အလုပ်ရုံမှ ထွက်ပြေးပြီး နှစ်ရက်အကြာတွင် အလုပ်ရုံရှိ ၎င်း၏ မောင်နှမများကို ထုတ်ပေးရန် အလုပ်ရုံရှေ့သွားရောက် တောင်းဆိုခဲ့သော်လည်း အလုပ်ရှင်က မထုတ်ပေးရာမှ လူစုလူဝေး စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်ရုံအနီး နေထိုင်သူများက ပြောသည်။ 

ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇) ရပ်ကွက် မဂ္ဂင်လမ်းတွင် တည်ရှိသည့် အလုပ်ရုံမှ အလုပ်သမား ကိုကျော်လင်းထွန်းသည် နိုဝင်ဘာ ၁၇ ညဉ့်သန်းခေါင်ယံအချိန်တွင် အလုပ်ရုံရှေ့ မျက်နှာစာဘေးတွင် ကွမ်းယာရောင်းသူ ကိုအောင်မျိုးသူ အမည်ရှိ အမျိုးသား၏နေအိမ်သို့ ထွက်ပြေးပုန်းခိုနေခဲ့သည်ဟု ကိုအောင်မျိုးသူက ဆိုသည်။

“ကျွန်တော်တို့က အိပ်နေတာ။ တံခါးခေါက်လို့ ထွက်ကြည့်တော့ ကောင်လေးက ငုတ်တုတ်ကလေး။ ဘာမှ မပါဘူး… ဘယ်ဘက်တစ်ခြမ်းတည်း ပါးမို့နေတာ” ဟု ကိုအောင်မျိုးသူက ပြောသည်။ 

ကိုကျော်လင်းထွန်းသည် ထွက်ပြေးပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၉ တွင် အလုပ်ရှင်က ၎င်းကို ဆဲသည်၊ ရိုက်နှက်သည်ဟု ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်း၌ ကိုယ်တိုင်လာရောက် အမှုဖွင့်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးကျော်စွာက ပြောသည်။

ကိုကျော်လင်းထွန်း ထွက်ပြေးပြီးနောက် ကိုကရင်နှင့် ကိုဆံရှည် အမည်ရှိ အလုပ်သမားနှစ်ဦးလည်း ထပ်မံ ထွက်ပြေးလာကာ ရဲစခန်း၌ သက်သေထွက်ဆိုကြကြောင်း အလုပ်သမားများကို ကူညီပေးသည့် ကွမ်းယာရောင်းသူ ကိုအောင်မျိုးသူက ဆက်ပြောသည်။ 

ထို့နောက် ၎င်းတို့သုံးဦးသည် အလုပ်ရုံ၌ ကျန်ရှိသော မောင်နှမ ငါးဦးကို ခေါ်ထုတ်လိုသည်ဟုဆိုကာ ရဲစခန်း၌ အမှုဖွင့်အပြီး နိုဝင်ဘာ ၁၉ ရက် ည ၇ နာရီကျော်အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ အလုပ်ရုံသို့ သွားရောက်တောင်းဆိုခဲ့ပြီး အလုပ်ရှင်က မထုတ်ပေးရာမှ အစပြုကာ လူစုလူဝေး စတင်ဖြစ်ပေါ်လာကြောင်း ကိုအောင်မျိုးသူက ဆိုသည်။ 

နိုဝင်ဘာ ၁၉ ရက် ည ၁၀ နာရီခန့်တွင် အလုပ်ရှင်များက အလုပ်သမားများကို ကားဖြင့်တင်၍ ပြောင်းရွှေ့ရန် ကြိုးစားသည့်အတွက် အလုပ်ရုံရှေ့ လူစုလူဝေးက အော်ဟစ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများ ရောက်ရှိလာချိန်တွင် အလုပ်ရှင်က ထွက်ပြေးသွားသည့် အလုပ်သမား ၃ ဦး၏ မောင်နှမ ၅ ဦးကို ထုတ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း အလုပ်သမားအားလုံးကို ထုတ်ပေးရန် လူအုပ်က ဆက်လက်တောင်းဆိုသဖြင့် အလုပ်ရှင်က ထပ်မံထုတ်ပေးခဲ့ရကြောင်း၊ ထွက်ပြေးခဲ့သည့် အလုပ်သမား ၃ ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၁၈ ဦးကို လက်ရှိတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်း၌ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရဲမှူးကျော်စွာက ပြောသည်။

အလုပ်သမား ၁၈ ဦးအနက် အငယ်ဆုံးမှာ အသက် ၈ နှစ်အရွယ်သာ ရှိသေးသည့် ကလေးတစ်ဦး ပါဝင်ကြောင်းလည်း ၎င်းကပြောသည်။ 

ပထမဦးဆုံး ထွက်ပြေးခဲ့သည့် အလုပ်သမား ကိုကျော်လင်းထွန်း အမှုဖွင့်ထားသည့်အတွက် အလုပ်ရှင်တစ်ဦးဖြစ်သူ ကိုအောင်ကျော်မင်းကို အာမခံပေး၍ရသော ညစ်ညမ်းစွာဆဲဆိုမှု၊ သာမန်နာကျင်စေမှုများဖြင့် ယနေ့ (နိုဝင်ဘာ ၂၀) တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်ထားသည်။

အလုပ်များသည့်အချိန် ကြက်သွန်လှီးသည်မှာ နှေးသဖြင့် အလုပ်ရှင်က ဆဲသည်၊ ရိုက်သည်ဟု ကိုကျော်လင်းထွန်းက တိုင်တန်းထားခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးကျော်စွာက ပြောသည်။ 

ရဲစခန်း၌ ထိန်းသိမ်းထားသော အလုပ်သမား ၁၈ ဦး၏ အခြေအနေနှင့် ပတ်သက်၍ “ကလေးတွေမှာ ဘာဒဏ်ရာမှ မတွေ့ရဘူး။ သူတို့ကိုယ်၌ကလည်း သူတို့ကို မိဘလိုပဲ ဆက်ဆံပါတယ်လို့ ပြောပါတယ်” ဟု ၎င်းက ပြောသည်။ 

အလုပ်သမားများကို ယမန်နေ့တွင် မီဒီယာများက မေးမြန်းခွင့် မရရှိခဲ့ပါ။ 

လိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်မှုဖြင့် အလုပ်ရှင် ကိုအောင်ကျော်မင်းကို စည်ပင်ဥပဒေဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနကလည်း ကလေးသူငယ်ဥပဒေများဖြင့်လည်းကောင်း သက်ဆိုင်ရာဌာနများက ထပ်မံ တရားလိုပြုလုပ် တိုင်ကြားမည်ဖြစ်ပြီး ရဲစခန်းက လက်ခံအမှုဖွင့်ပေးမည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်စွာက ယမန်နေ့ညနေ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။

အလုပ်သမားများကို ပိတ်လှောင်ညှဉ်းပန်းနှိပ်စက်သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ အလုပ်ရှင်ကို ရဲစခန်း၌ ထိန်းသိမ်းစစ်မေးသည်ဟု လူအုပ်စုကို ရဲစခန်းတာဝန်ရှိသူများက ရှင်းပြသော်လည်း အဆိုပါအလုပ်ရုံတွင် မြေအောက်ခန်းရှိသည်၊ ကလေးများ ကျန်သေးသည်ဟုဆိုကာ ယမန်နေ့ (နိုဝင်ဘာ ၂၀) တွင် အလုပ်ရုံရှေ့၌ လူစုလူဝေး ထပ်မံဖြစ်ပေါ်ခဲ့သည်။ 

“ကလေးတွေကို သတ်ပြီး ရေခဲသေတ္တာထဲထည့် ပေါက်စီလုပ်နေကြတယ်” ဟု နိုဝင်ဘာ ၂၀ တွင် အလုပ်ရုံအနီး ဆူပူနေကြသည့် လူအုပ်အတွင်းရှိ အချို့က အော်ဟစ်ကြကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၈၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက Myanmar Now ကို ပြောသည်။

Myanmar Now က ယမန်နေ့ နေ့လယ်ပိုင်းတွင် အလုပ်ရုံရှိရာနေရာသို့ ရောက်ရှိခဲ့ပြီး လူအုပ်ကိုယ်စားပြုသည့် အမျိုးသမီးတစ်ဦးသည် ရဲတပ်ဖွဲ့နှင့်အတူ အလုပ်ရုံအတွင်း ဝင်ရောက်ကြည့်ရှုရှာဖွေခဲ့ရာ သံသယဖြစ်ဖွယ်ရာများ မတွေ့သည့်အတွက် လူစုခွဲရန် အသံချဲ့စက်ဖြင့် အော်ပြောခဲ့သည်ကို တွေ့ရသည်။ 

ယမန်နေ့ ညဉ့်သန်းခေါင်အချိန်တွင် လူစုလူဝေး ထပ်မံဖြစ်ပွားခဲ့ပြီး အလုပ်ရုံအဆောက်အအုံအတွင်း ထပ်မံဝင်ရောက်ရှာဖွေရန် ကြိုးစားသဖြင့် လုံခြုံရေးတာဝန်ယူနေသည့် ရဲများနှင့် အချင်းဖြစ်ပွားခဲ့သည်များလည်း ရှိသည်။ 

ထွက်ပြေးခဲ့သည့် အလုပ်သမားသုံးဦးကို ကူညီခဲ့သူ ကိုအောင်မျိုးသူသည် အလုပ်ရုံရှေ့ဘက်တွင် ကွမ်းယာရောင်းသူဖြစ်ပြီး အလုပ်ရုံတိုက်ခန်းတွဲ ဝရန်တာ၌ အလုပ်သမားတစ်ဦး ပါးရိုက်နှိပ်စက်ခံရခြင်း၊ အလုပ်သမ တစ်ဦး ထွက်ပြေးသည်ကို အလုပ်ရှင်ဟု ယူဆရသူက လိုက်လံဖမ်းဆီးကာ “အဲ့သူခိုးမကို ခေါ်ခဲ့” ဟု ဆံပင်ဆွဲ ရိုက်နှက်ခြင်းတို့ ပြုလုပ်သည်ကို မြင်တွေ့ဖူးကြောင်း Myanmar Now ကို ပြောသည်။

အလုပ်ရှင်မှာ တရုတ်နိုင်ငံသားဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနအများအပြားက ရေးသားဖော်ပြနေသော်လည်း မြန်မာနိုင်ငံသား တရုတ်လူမျိုးသာဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးသန်းဌေးမြင့်က Myanmar Now ကို ပြောသည်။ 

 လက်ရှိတွင် အလုပ်သမားတစ်ဦးကို နှိပ်စက်မှုဖြင့် အလုပ်ရှင်ညီအစ်ကိုနှစ်ဦးအနက် ညီဖြစ်သူ ကိုအောင်ကျော်မင်းကို  အများပြည်သူပိုင်နေရာတွင် ညစ်ညမ်းစွာ ပြုလုပ်ပြောဆိုမှု ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ တို့ဖြင့် အမှုဖွင့်ထားပြီး ယင်းပုဒ်မများမှာ အာမခံ ရရှိနိုင်သည့် ပုဒ်မများ ဖြစ်သည်။

ပုဒ်မ ၂၉၄ မှာ အများဆုံး ထောင်ဒဏ်သုံးလအထိဖြစ်စေ၊ ငွေဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ ပုဒ်မ ၃၂၃ မှာ အများဆုံး ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေ ၁,၀၀၀ ကျပ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

အလုပ်ရုံဝန်းကျင်တွင်နေသူများက ဘာပြောသလဲ

အလုပ်ရုံတိုက်ခန်းတွဲမှာ ဆောက်လက်စ တိုက်တစ်လုံးဖြစ်ပြီး အောက်ခြေတွင် အခန်းခြောက်ခန်း ပါရှိကာ ဒုတိယထပ်တွင် ဝရန်တာ ကျယ်ကျယ်ဝန်းဝန်းနှင့် အခန်းခွဲများဖြင့် ဖွဲ့စည်းထားသည်။ အထပ်များ ဆက်လက်တည်ဆောက်နေဆဲ ဖြစ်သည်ကိုလည်း တွေ့ခဲ့ရသည်။

အဆိုပါ တိုက်ခန်းတွဲကို၂၀၁၄ ခုနှစ်ကတည်းက အလုပ်သမားနှစ်ဦးတည်းဖြင့် စတင်ဆောက်လုပ်နေခြင်းဖြစ်ပြီး ၂၀၂၀ ရောက်သည့်တိုင် အကြမ်းထည်အဆင့် မပြီးသေးသည်ကို မြင်တွေ့ရကြောင်း အလုပ်ရုံတိုက်ခန်းတွဲဘေး ညာဘက်ကပ်ရက်ရှိ ‘ရဲထွန်း’ အိမ်ဆောက်လုပ်ရေးပစ္စည်းဆိုင်နှင့် ဆေးဆိုင်ပိုင်ရှင် ကိုစည်သူအောင်က ဆိုသည်။ ၎င်းသည် ဒဂုံဆိပ်ကမ်းတွင် နေထိုင်လာခဲ့သည်မှာ ၁၅ နှစ်ခန့် ရှိပြီဟုလည်း ဆိုသည်။ 

ပေါင်မုန့်နှင့် ပေါက်စီ ထုတ်လုပ်နေသည်ကို ဆေးလာဝယ်သည့် ဆောက်လုပ်ရေးအလုပ်သမားများ ပြောပြ၍ လွန်ခဲ့သည့် သုံးနှစ်ခန့် ၂၀၁၇ တွင်မှ သိရှိရကြောင်း ကိုစည်သူအောင်က ဆိုသည်။ 

ထိုတိုက်ခန်းတွဲမှ အမျိုးသမီးတစ်ဦး ထွက်ပြေးသည်ကို အလုပ်ရှင်များက လမ်းလယ်ကောင်ထိ လိုက်ဖမ်းကာ “ရဲစခန်းတိုင်မယ်” ဟု ခြိမ်းခြောက်ပြောဆိုပြီး ယင်းအမျိုးသမီးကို အမျိုးသားအလုပ်သမားများက ထမ်း၍ တိုက်ခန်းတွဲပေါ် ခေါ်သွားခဲ့သည်ကို တွေ့မြင်ဖူးကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

တိုက်ခန်းတွဲရှိ အလုပ်ရှင်များနှင့် စကားစမြည်မပြောဖူးဘဲ အလုပ်ရှင်များမှာ ပတ်ဝန်းကျင်နှင့် သီးသန့် နေထိုင်တတ်သူ ဖြစ်ကြောင်း ကိုစည်သူအောင်က ဆိုသည်။ ထိုတိုက်ခန်းတွဲတွင် ၈ နှစ်အရွယ် ကလေးအပါအဝင် ကလေးအလုပ်သမားများ ရှိနေသည်ကို ယခုအခင်းဖြစ်ပွားမှသာ သိရှိရကြောင်း ၎င်းက ဆိုသည်။

အလုပ်ရုံ၌ အလုပ်လုပ်သည့် အလုပ်သမားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်လှဌေးက ၎င်း၏သား မောင်ဝေလင်းမောင် (ခေါ်) ကရင်လေးနှင့် သမီးသုံးယောက်သည် အလုပ်ရုံအပေါ်ထပ်တွင် အလုပ်လုပ်နေသည်မှာ ၆ လ ခန့်ရှိပြီ ဖြစ်ကြောင်း၊ မိန်းကလေးအလုပ်သမားများမှာ တိုက်အောက် ဆင်းခွင့်မရှိသဖြင့် သမီးများနှင့် မတွေ့ရဘဲ တစ်ခါတစ်ရံမှသာ ဝရန်တာမှတစ်ဆင့် စကားပြောရကြောင်း Myanmar Now ကို ပြောသည်။

၎င်းတို့မိသားစုမှာ ဧရာဝတီတိုင်း အိမ်မဲမြို့ဇာတိဖြစ်ပြီး ၎င်းနှင့် ခင်ပွန်းမှာ ဆေးကုရန် လွန်ခဲ့သည့် ၆ လကျော်က ရန်ကုန်သို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး အလုပ်ရှင်၏ ခွင့်ပြုချက်ဖြင့် အလုပ်ရုံတိုက်ခန်းတွဲ၏ အောက်ခြေအခန်းတွင် နေထိုင်နေကြောင်း၊ ၈ နှစ်အရွယ် သမီးတစ်ဦး အပါအဝင် သားသမီး ၄ ဦး၏ လုပ်ခအတွက် တစ်လလျှင် ၁၅၀,၀၀၀ ရကြောင်း ဒေါ်လှဌေးက ပြောသည်။

Show More

Related Articles

Back to top button