
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့သိမ်းတိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီလက်နက်ကိုင် ၅၀ နှင့်အတူ မိသားစုဝင် ၇၀ ပါဝင်ကြောင်း၊ ထိုအထဲတွင် မိဘမဲ့ကလေးများ၊ ကျန်းမာရေးနှင့် အာဟာရချို့တဲ့နေသည့် ကလေးငယ်များ ပါဝင်နေသဖြင့် စောင့်ရှောက်ထားရကြောင်း မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည့် ချင်းညီနောင်အဖွဲ့ထံမှ သိရသည်။
တိုက်ပွဲဖြစ်နေစဉ် ကလေးများက မိသားစုနှင့်အတူ တောထဲ ထွက်ပြေးကြရာ ခရီးလမ်းကြမ်းတမ်းမှု၊ မိုးဒဏ်၊ လေဒဏ်၊ အစာငတ်ပြတ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု CDF – Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက Myanmar Now ကို ယနေ့ (ဇူလိုင် ၂၃) တွင် ပြောသည်။
လမ်းခရီးတွင် မိသားစုဝင်များအားလုံး အသက်သေဆုံးသွားသဖြင့် မိဘမဲ့သွားသည့် ကလေးတချို့လည်း ရှိသည်ဟု သိရသည်။
မိဘမဲ့ကလေးများနှင့် တွေ့ဆုံမေးမြန်းမှု မှတ်တမ်း ရုပ်သံဖိုင်ကိုလည်း CDF – Matupi တပ်မဟာ (၁) က ၎င်းတို့ Facebook စာမျက်နှာတွင် ဇူလိုင်လ ၂၀ ရက်နေ့က တင်ထားသည်။
စစ်ကောင်စီ၏ ခလရ (၁၄၀) တပ်မှ မိဘမဲ့သွားသည့် မိန်းကလေးတစ်ဦးနှင့် ယောက်ျားလေးတစ်ဦးတို့ကို တော်လှန်ရေးအဖွဲ့က စားရေးသောက်ရေးနှင့် ကျန်းမာရေးအခြေအနေ မေးမြန်းထားသည်ကို ရုပ်သံတွင် တွေ့ရသည်။
မိန်းကလေး ၁ ဦးက တောထဲ ထွက်ပြေးနေစဉ် ၉ ရက်ခန့် ထမင်းမစားဘဲနေခဲ့ရကြောင်း ပြောပြနေသည်။
ကလေးအများစု၏ ခြေထောက်များတွင် သဲဝဲစားထားသည့် ဒဏ်ရာများရှိနေပြီး ကလေးများ၏ ဒဏ်ရာကို ဆေးကုပေးထားသည်ဟုလည်း CDF – Matupi တပ်မဟာ (၁) က သတင်းထုတ်ပြန်သည်။
Myanmar Now က မိဘမဲ့ ကလေးအရေအတွက် မေးမြန်းသော်လည်း CDF – Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက အတိအကျပြန်မပြောပေ။
ချင်းညီနောင်အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကလေးငယ်များတွင် လသားမှသည် အသက် ၁၇ နှစ်အထိ အရွယ်မျိုးစုံပါဝင်သည်ဟုလည်း CDF – Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက ပြောသည်။
“၁ နှစ်ခွဲတွေလည်း ပါတယ်။ ကြားမှာ ၁၃ နှစ်တွေ ၁၀ နှစ်တွေ ရှိပါတယ်။ ၁၀ နှစ်အောက် ကလေးဆိုရင်လည်း ၁၀ ယောက်လောက် ရှိပါတယ်” ဟု သူက ပြောသည်။
ကလေးငယ်များကို ဆေးကုပေးထားသလို ကျွေးမွေး စောင့်ရှောက်ထားသည်၊ ရေရှည်အစီအစဉ်ကို တိတိကျကျမဆုံးဖြတ်ရသေးဟုလည်း သူက ဆက်ပြောသည်။
“ရေရှည်ကျရင် ထပ်ပြီးတော့မှ ဘာလုပ်ကြမလဲပေါ့။ ပြည်သူတွေအကုန်လုံး စစ်ဘေးရှောင်တွေလည်း မြို့ထဲရွာထဲ အကုန်ပြန်ရောက်တဲ့အခါ မွေးစားတဲ့သူများ ရှိလာမလားပေါ့။ အဲဒီလိုပဲ မွေးစားမလား။ ဘယ်လိုလုပ်ကြမလဲဆိုတာ ပြန်ပြီးမှ တိတိကျကျ ဆုံးဖြတ်ချက်ချဖို့ရှိပါမယ်” ဟု သူက ပြောသည်။
ချင်းညီနောင်အဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုယောမန်ကလည်း အဖေနှင့် အမေဖြစ်သူ ဆုံးသွားသည့် ကလေးများ၏ ဆွေမျိုးဖြစ်သူတချို့က ကလေးကို ၎င်းတို့ထံ အပ်နှံရန် ဆက်သွယ်လာသည်ဟု ဆိုသည်။
“အမျိုးတွေက လာဆက်သွယ်တာ ၁ ယောက်၊ ၂ ယောက်တော့ ရှိတယ်။ အမျိုးတွေရဲ့လက်ထဲကို ပြန်ထည့်ပေးဖို့တော့ ရှိတယ်။ လောလောဆယ်တော့ သူတို့ကို လုံလုံခြုံခြုံ အေးအေးဆေးဆေး ထိန်းသိမ်းထားပါတယ်။ ဘာမှ ကန့်သတ်ထားတာမရှိပါဘူး။ လွတ်လွတ်လပ်လပ်ပဲ ရှိပါတယ်” ဟု သူက ပြောသည်။
CDF – Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားကလည်း မတူပီမြို့သိမ်းတိုက်ပွဲမဖြစ်မီက တိုက်ပွဲတွင် ရသည့် စစ်သုံ့ပန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ လွှဲပြောင်းပေးခဲ့ဖူးသည်ဟု ပြောသည်။ လက်ရှိထိန်းသိမ်းထားသည့် သုံ့ပန်းများအရေးနှင့် ပတ်သက်၍ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
စစ်သုံ့ပန်းလူဦးရေ ၁၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် လူ့သုံးကုန်ပစ္စည်းများကို တော်လှန်ရေးတပ်၏ ခွဲတမ်းထဲမှ ပေးရသည့်အတွက် အကူအညီများ လိုနေသည်ဟုလည်း သူက Myanmar Now ကို ပြောသည်။
“စားနပ်ရိက္ခာကအစ ပြည်တွင်းပြည်ပ အလှူရှင်တွေဆီကနေ မှီခိုပြီး ဝယ်ယူထားတဲ့ ရိက္ခာတွေ၊ စောင်တွေ၊ အဝတ်အစားတွေ၊ ဆေးတွေကအစ ဝယ်ရတဲ့အထဲက ပြန်မျှနေရတာဖြစ်လို့ ကူညီမှုတွေလည်း အများကြီးလိုပါတယ်” ဟု သူက ပြောသည်။

ချင်းညီနောင်နှင့် မဟာမိတ်လက်နက်ကိုင်တပ်များသည် မတူပီမြို့ရှိ စစ်ကောင်စီတပ်ရင်း ၂ ရင်းနှင့် စစ်ဗျူဟာကို ဇွန်လ ၉ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ဇွန်လ ၁၇ ရက်တွင် ခြေမြန်တပ်ရင်း ခမရ (၃၀၄) ကို သိမ်းယူခဲ့သည်။
ကျန်ရှိသည့် စစ်ဗျူဟာကုန်းနှင့် ခလရ (၁၄၀) တို့ကို ဇွန်လ ၂၉ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ပြီး မတူပီမြို့ကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် မတူပြီမြို့နယ်တွင် ချင်းညီနောင်အဖွဲ့နှင့် ချင်းပြည်ကောင်စီ လက်အောက်ခံတပ်များအကြား စစ်ရေးတင်းမာနေပြီး အပြန်အလှန် နယ်မြေဖြတ်သန်းခွင့် ပိတ်ပင်မှုများရှိနေသဖြင့် စစ်ရေးလည်း တင်းမာနေသည်။
မတူပီမြို့နယ်တွင် စစ်ရှောင် ၃၀၀၀ ကျော်ရှိနေပြီး ၎င်းတို့အတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်မှ သယ်သည့် ရိက္ခာများသယ်ယူခွင့်သည်လည်း ချင်းပြည်ကောင်စီ လက်အောက်ခံတပ်များက ကန့်သတ်ထားသဖြင့် သယ်မရဖြစ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် မီဇိုရမ်ပြည်နယ်ရောက် ချင်းအမျိုးသားတစ်ဦးက ပြောသည်။ ရိက္ခာများသယ်ယူရန် ချင်းပြည်ကောင်စီ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့ရာ နှုတ်မိန့်ဖြင့် ခွင့်ပြုသော်လည်း မြေပြင်တွင် သယ်ခွင့်မရဟု ဆိုသည်။
ချင်းပြည်နယ် မတူပီမြို့နယ်ထဲတွင် နေထိုင်သည့် စစ်ရှောင်များကို ကူညီနေသူ အမျိုးသားတစ်ဦးကလည်း စစ်ဘေးရှောင် ၃၀၀၀ ကျော်အတွက် ကူညီရန် အလှူငွေ ကျပ်သိန်း ၁၀၀ သာ ရရှိထားပြီး ကူညီထောက်ပံ့မှု ထပ်မံလိုအပ်နေသည်ဟု ဆိုသည်။
စစ်ဘေးရှောင်များအတွက် ရိက္ခာသယ်ခွင့်မရဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး ချင်းပြည်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည်။ အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ဆိုသည့် အဖွဲ့ ၆ ဖွဲ့ ပါဝင်သည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်နေသည့် ချင်းအမျိုးသားတပ် (CNA) နှင့် မဟာမိတ်များလည်း အခြေစိုက်ပြီး အဆိုပါအဖွဲ့များသည် ချင်းပြည်ကောင်စီ၏ ဩဇာကို ခံယူကြသည်။