သတင်း

မတ္တရာမြို့တွင် လက်နက်ကြီးကျည်ကျ၊ ဒဏ်ရာရသူများထဲတွင် ကလေး ၂ ဦး ပါဝင်

ယမန်နေ့ (ဒီဇင်ဘာ ၃) နံနက်ပိုင်းက မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရပြီး တိရစ္ဆာန်တချို့ သေဆုံးသွားသည်ဟု သိရသည်။

မတ္တရာမြို့ပေါ်တွင် အထိုင်ချထားသည့် စစ်တပ်က ပစ်ခတ်ခြင်း ဖြစ်သည်၊ ဆိတ်သာကျေးရွာမှ ၆ နှစ်နှင့် ၇ နှစ်အရွယ် ကလေးနှစ်ဦး၊ ၃၃ နှစ်နှင့် ၆၃ နှစ်အရွယ် အမျိုးသား ၂ ဦး၊ ရှားစေးချက်ရွာမှ ၂၅ နှစ်အရွယ် အမျိုးသမီးတို့ ဒဏ်ရာရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်လို့ ပစ်တာမဟုတ်ဘူး။ အခုဖြစ်တဲ့ရွာတွေမှာ တိုက်ပွဲမရှိဘူး။ မတ္တရာမြို့ဘက်ကနေမှ ရွာတွေကို သက်သက်လက်နက်ကြီးနဲ့ ထုပြီးတော့ ပြည်သူကို ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ ထုတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။

ဒီဇင်ဘာ ၁ နေ့မှ စတင်ကာ လက်နက်ကြီးပစ်ခတ်သံ ကြားရပြီးနောက် နေအိမ်တချို့ ထိခိုက်ပျက်စီးသည်၊ နွားတချို့နှင့် အိမ်မွေးခွေးတို့ သေဆုံးဒဏ်ရာရသည်ဟုလည်း သူက ဆိုသည်။

မန္တလေးတူးမြောင်း၊ ဒေသအခေါ် ချောင်းမကြီးချောင်း၏ အရှေ့ဘက်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးဖြင့် အပစ်ခံရသည့်ရွာမှာ ချောင်းမကြီးချောင်း၏ အနောက်ဘက်ဖြစ်သည်၊ တိုက်ပွဲဖြစ်သည့်နေရာနှင့် ၁၅ မိုင်ခန့် ကွာဝေးသည်ဟု ဒေသခံက ဆိုသည်။

တိုက်ပွဲများကြောင့် လက်ဝဲကြီး၊ လမိုင်း၊ အောင်ချမ်းသာ၊ ကင်း၊ စခန်းသာ၊ ဆီးဖြူပင်၊ ကျောက်ဆည်လေး၊ ကြာပင်၊ ကျွန်းပင် အစရှိသည့် ရွာများမှ ဒေသခံများ တိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။

“တချို့က မန္တလေးမြို့မှာ သွားရောက်နေထိုင်ကြတယ်။ တချို့က တိုက်ပွဲမဖြစ်ပွားတဲ့ ရွာတွေမှာ နေကြတယ်။ တချို့ကတော့ ဘေးလွတ်ရာ တောတောင်ထဲမှာ ရှောင်တိမ်းနေကြရတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

စစ်ရောင်လာသူတို့အတွက် ရိက္ခာ၊ နေစရာနှင့် ယာယီအလုပ်အကိုင် ဝိုင်းဝန်း စီစဉ်ပေးထားနိုင်သော်လည်း ကျန်းမာရေးပိုင်းအတွက် ခက်ခဲနေသည်ဟု မတ္တရာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ရှောင်အချို့မှာ ကိုယ်ဝန်သည်တွေပါတယ်။ ရောဂါသည်တွေပါတယ်။ သူတို့အတွက် ဆေးဝါးကုသဖို့အပိုင်းမှာတော့ အခက်အခဲတွေရှိတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ အသက် ၃၀ ကျော်အရွယ် ထိုအမျိုးသမီးက ပြောသည်။

“တိုက်ပွဲမဖြစ်တဲ့ရွာတွေမှာ ပြောင်းတို့ ပဲတို့ စိုက်ပြီး ဝင်ငွေပေးထားတယ်။ လုပ်အားခကို သူတို့ယူ။ ထမင်းနဲ့ နေစရာက … ဒီဘက်က ကူညီသူတွေက အားလုံး အကူအညီပေးထားကြတယ်”

စစ်ကောင်စီသည် နိုဝင်ဘာ ၁၃ မှ စတင်ကာ မတ္တရာအရှေ့ခြမ်း ကင်းရွာအနီးတွင် MDY-PDF အပါအဝင် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

မတ္တရာအရှေ့ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားနေသလို မတ္တရာမြို့ အနောက်ခြမ်း သုံးဆယ်ပေးရွာနှင့် အနီးတစ်ဝိုက်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေသည်။

နိုဝင်ဘာ ၁၉ ရက်နေ့တွင် မတ္တရာအနောက်ခြမ်း၊ ဧရာဝတီမြစ်ဘေးတွင် ရှိသည့် မန္တလေးနှင့် ၅ မိုင်အကွာ သုံးဆယ်ပေးရွာရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ခန့် သေသည်ဟု GZP တာဝန်ခံက Myanmar Now ကို ပြောထားသည်။

စစ်ကောင်စီတပ်သားများ သေဆုံးမှုကို Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။

စခန်းကို တိုက်ခိုက်သည့် အဖွဲ့များထဲတွင် မတ္တရာမြို့နယ်ပကဖ၊ ပုသိမ်ကြီးမြို့နယ်ပကဖ၊ Generation Z Power (GZP) တို့လည်း ပါဝင်သည်။

နိုဝင်ဘာ ၂၇ နေ့တွင်လည်း အဆိုပါ သုံးဆယ်ပေးရွာနှင့် ကပ်လျက်တည်ရှိသည့် ကျွဲခြံကုန်းကျေးရွာ တပ်စခန်းကို အထက်ပါ တော်လှန်ရေးပူးပေါင်းအဖွဲ့များကပင် ဒရုန်းဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် နိုဝင်ဘာ ၂၉ တွင် ကျွဲခြံကုန်းကျေးရွာအနီး ထိုစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၂ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button