သတင်း

လားရှိုးတိုက်ပွဲတွင် ၁၂ နှစ်သားနှင့် သူ၏ဖခင် သိန္နီဒုအုပ်ချုပ်ရေးမှူး သေဆုံး 

လက်နက်ကြီးပစ်ခတ်မှု၊ လေတပ်ဗုံးကြဲမှုတို့ ပါဝင်သည့် လားရှိုးမြို့ တိုက်ပွဲများတွင် သေဆုံးသူများထဲတွင် ၁၂ နှစ်သားတစ်ဦးနှင့် သူ၏ မိဘများ ပါဝင်သည်။

တိုက်ပွဲများပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အစိုးရဧည့်ရိပ်သာပေါ်သို့ ဇူလိုင် ၁၆ နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အဆိုပါရိပ်သာတွင် တည်းခိုနေသည့် ၁၂ နှစ်အရွယ် ကလေး၊ ၎င်း၏မိဘများ သေဆုံးသွားသည်ဟု သိရသည်။

၎င်း၏ ဖခင်ဖြစ်သူမှာ သိန္နီမြို့ အထွေထွေ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကြည်ဝင်း ဖြစ်သည်ဟု သိရသည်။

သိန္နီမြို့ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ကိုးကန့်တပ်(MNDAA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူစဉ် ထိုမိသားစု  လားရှိုးမြို့သို့ ရောက်နေခြင်းဖြစ်သည်။

“ဒီနေ့မနက် သွားကြည့်တာ ကမ္ဘောဇရိပ်သာ ခေါင်မိုးတစ်ခုလုံး လန်ထွက်နေပြီး စုတ်ပြတ်နေတာပဲ၊ တည့်တည့်ကို ကျသွားတဲ့ သဘောပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး သားအမိနှစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားသည်ဟု အထက်ပါ ဒေသခံကဆိုသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း ၎င်းတို့၏  ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင်မူ  ဒုအုပ်ချုပ်ရေးမှူး သတင်း တင်ထားပြီး MNDAA ၏ ရှော့တိုက်ဒုံးကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ရေးသားထားကြသည်။

ယနေ့တွင် လားရှိုးမြို့တွင်း တိုက်ပွဲများဆက်ဖြစ်နေပြီး ယမန်နေ့ (ဇူလိုင် ၁၆ရက်)ကလည်း လားရှိုးမြို့ ရပ်ကွက်(၅)အနီးတွင်ရှိသည့် ခမရ(၅၀၇)တပ်အနီး တောင်ကုန်းတွင် တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်သည်၊ မြို့တွင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့ပြင် မိုးရွာနေသည့်ကြားမှပင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခမရ(၅၀၇)အနီးဝန်းကျင်နှင့် မြို့အထွက်ရှိ ဟိုပိတ်ရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

ဟိုပိတ်ရွာသို့ ဗုံးကြဲတိုက်ခိုက်မှုတွင် နေအိမ်များပျက်စီးခဲ့သလို အရပ်သား သေဆုံး၊ ဒဏ်ရာရမှုများရှိသည်ဟု သိရသော်လည်း အသေးစိတ်ကို မသိနိုင်သေးကြောင်း ကူညီသူများနှင့် မြို့ခံအချို့က ပြောသည်။

“မနေ့က တစ်နေကုန်ပစ်တာ၊ လက်နက်ကြီးရော လက်နက်ငယ်ရော အစုံပဲ လေယာဉ်လည်း ဘယ်နှစ်ကြိမ်မှန်းတောင်မသိတော့ဘူး ခဏခဏ လာပစ်တာ၊ (ခမရ တပ်ရင်း)၅၀၇ ဘက်ကို အဓိက ထားပစ်တာပဲ” ဟု လားရှိုးဒေသခံ အမျိုးသားက ပြောသည်။

ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းက ခမရ(၅၀၇)ဘက်တွင် ပစ်ခတ်သံများ ကြားခဲ့ရသည်၊ မြို့တွင်းမှလည်း လက်နက်ကြီးများ ပစ်ကူခဲ့ပြီး မွန်းလွဲပိုင်းတွင်‌ တိုက်ပွဲဖြစ်သံများ ငြိမ်သက်သွားသည်ဟု MNDAA အဖွဲ့ ဦးစီးဌာနမှူး ရန်က ပြောသည်။

MNDAA ဦးဆောင်သည့် ပူးပေါင်းတပ်များက လားရှိုးမြို့ အရပ်လေးမျက်နှာတွင် ရောက်ရှိနေပြီး အရှေ့ဘက်နှင့် တောင်ဘက်တွင် ရပ်ကွက်(၅)အနီး၊ မြောက်ဘက် ဟိုပိတ်ရွာအနီးနှင့် အနောက်ဘက်တွင် နားမခေါ်ရွာနားအထိ ရောက်ရှိနေသည်ဟု ဒေသခံအချို့က ပြောသည်။

မြို့တွင်းတွင်လည်း ခြေမြန်တပ်ရင်း ခမရ(၅၀၇)၊ ခြေလျင်တပ်ရင်း ခလရ(၆၈)နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်ရုံးတပ်များက ခံစစ်ပြင်ထားပြီး မြို့တော်ခန်းမတွင်လည်း တပ်စွဲထားသည်ဟု သိရသည်။ 

ဇူလိုင် ၃ ရက်နေ့မှ စတင်သည့် လားရှိုးမြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံများ၏ သုံးပုံနှစ်ပုံကျော်မှာ မြို့မှစွန့်ခွာသွားကြပြီဖြစ်ပြီး ကျန်ရှိနေသူများမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အခြေခံစားသောက်ကုန် ပြတ်လပ်မှုတို့ကို ရင်ဆိုင်နေရသည်။

လားရှိုးမြို့ပြင်ရှိ ကျေးရွာများအပြင် မြို့ပေါ်ရှိ အချို့ရပ်ကွက်များမှ စစ်ရှောင်သူ ၁၀၀၀ ခန့်မှာ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ရောက်ရှိခိုလှုံနေကြရသည်။ လားရှိုးမြို့ရပ်ကွက် ၁၂ တွင်ရှိသည့် ကန်မိန်းဘုန်းကြီးကျောင်းတွင်လည်း ရာနှင့်ချီသည့် စစ်ရှောင်များရောက်ရှိနေကြသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

ရှမ်းမြောက်တွင် ဇူလိုင် ၁၅ ရက်မှ ၁၈ ရက်အထိ အပစ်ရပ်ထားမည်၊ တိုက်ခိုက်ခံရလျှင် ခုခံမည်ဖြစ်ကြောင်း တအာင်းတပ်(TNLA)နှင့် ကိုးကန့်တပ်(MNDAA)တို့က ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်။

ဇွန် ၂၅ ရက်မှ  စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် နောင်ချိုမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ရှမ်းမြောက်ရှိ ကျောက်မဲ၊ မိုးမိတ်၊ လားရှိုး၊ မန္တလေးတိုင်း မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

Show More

Related Articles

Back to top button