သတင်း

စစ်တပ်လာမည့်သတင်းကြောင့် ရေတာရှည်ဒေသခံတို့ ထွက်ပြေးနေ

နေပြည်တော်နှင့် မိုင် ၅၀ ကျော်အကွာရှိ ရေတာရှည်မြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့ရောက်နေပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးမည့်သတင်းကြောင့် နယ်ခံ ၆၀၀၀ ကျော် ဘေးလွတ်ရာ ပြေးနေကြသည်။

နေပြည်တော်နှင့် မိုင် ၅၀ ကျော်သာ ဝေးသည့် ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမည့်သတင်းကြောင့် ရွာပေါင်း ၁၅ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ပိတောက်ကုန်း၊ စည်ပိုင်း၊ ရှမ်းစု စသည့်ကျေးရွာများကို လေတပ် သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကြောင်းထိုးလာမည့်သတင်းကို အုပ်ချုပ်ရေးမှူးများထံမှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် သိရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ထိုစဉ်က ရဟတ်ယာဉ်တစ်စီး၏ တိုက်ခိုက်ဗုံးကြဲမှုကြောင့် လေတပ်က ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) ရက်နေ့ နေ့လယ်ပိုင်းတွင် သွားရောက် ပစ်ခတ်ရာ ကလေးငယ် ၃ ဦး အပါအဝင် ၇ ဦး သေဆုံးသွားသည်။ သေဆုံးသည့် ကလေး ၃ ဦးမှာ ၃ နှစ်နှင့် ၁၀ နှစ်ကျော် အရွယ်များ ဖြစ်သည်။

လေတပ်က ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) ရက်နေ့ နေ့လယ်ပိုင်းတွင် သွားရောက် ပစ်ခတ်ရာ ကလေးငယ် ၃ ဦး အပါအဝင် ၇ ဦး သေဆုံးသွားသည်ဟု သိရသည်။

လွန်ခဲ့သည့်နှစ်ကတည်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲမကြာခဏဖြစ်နေသည့် ထိုဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမည့် သတင်းကြောင့် ရေတာရှည်၊ ဆွာ၊ သာဂရ မြို့ပေါ်များသို့ တိမ်းရှောင်နေရသူ ဒေသခံအရေအတွက် ၆၀၀၀ ကျော် ရှိသည်ဟု သိရသည်။

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှ ဒေသခံတို့ စွန့်ခွာကြသည့် ရွာများထဲတွင် အင်ကြီးပေါက်၊ ရေတာရှည်လေး၊ စည်ပိုင်း၊ ကျွန်းကုန်း၊ နကျပ်၊ ဂူကြီး၊ ရွာသစ်၊ သောင်ကြီး၊ အိုးမြေတူး၊ သကြားဟင်းအိုး၊ အင်းတိုင်တော၊ ဆယ်ဝတော၊  လယ်သာအေး၊ ပိတောက်ကုန်း၊ ခင်တန်း စသည့်ကျေးရွာများ ပါဝင်သည်။

“စစ်မှုထမ်းရမယ့်သတင်းကြားလို့ ယောကျ်ားသားတွေက ပြေးရတယ်။ ခု လေယာဉ်နဲ့ လာပစ်တယ်၊ စစ်ကြောင်းထိုးမယ်၊ တိုက်ပွဲပြင်းထန်မယ်ကြားလို့ ပြေးရပြန်ပြီ” ဟု ရေတာရှည်မြို့ပေါ်သို့ တိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

တချို့က ပိုမိုလုံခြုံမည်ဟု ယူဆရသည့် ရေငံ၊ ရေကူမြှောင်၊ မြောင်းတူး၊ ကူးတို့ဆိပ် စသည့်ရွာများရှိ ဆွေမျိုးများ၊ မိတ်ဆွေများထံ သွားရောက်ခိုလှုံနေသည်ဟု ပိတောက်ကုန်းရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“ပိုက်ဆံရှိ ရှောင်နိုင်တဲ့သူက မြို့ပေါ်ကို ရှောင်၊ မြို့ပေါ်မရှောင်နိုင်တဲ့သူတွေက တိုက်ပွဲမရှိတဲ့နေရာ၊ လက်နက်ကြီးမကျနိုင်တဲ့ နေရာတွေကို ရှောင်နေကြ၊ အခြေအနေကောင်းရင် ကိုယ့်ရွာမှာ ပြန်လာနေကြတာပဲ” ဟု ၎င်းက ဆိုသည်။

ထွက်မပြေးနိုင်သူများအနေဖြင့် မိမိရပ်ရွာအတွင်း ဗုံးခိုကျင်းတူးနေရသည်ဟု အခြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်က ခြံနောက်ထဲမှာ တူးတာ၊ ခု အဲဘက်တွေကို ကျတာတွေရှိလာတော့ အိမ်အောက်နဲ့ ခြံရှေ့မှာ တူးထားကြတာ၊ တစ်အိမ်ကို ဗုံးခိုကျင်း နှစ်ခုလောက်ရှိတယ်” ဟု သူက ပြောသည်။

တော်လှန်ရေးအင်အားစု၏ လှုပ်ရှားမှု ထိုဒေသတွင် အားကောင်းလာပြီးနောက် စစ်ကောင်စီတပ်က စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းမထိုးနိုင်တော့ဘဲ ရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်လေ့ရှိကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကျေးရွာများကို မီးရှို့ခြင်းများလည်း မကြာခဏဖြစ်ပေါ်နေသည်

ပဲခူးတိုင်းအတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ဆွာ စသည့်မြို့နယ်များမှာ KNU တပ်မဟာ (၂) လှုပ်ရှားနယ်မြေအတွင်းအကျုံးဝင်သည့်နည်းတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းလှုပ်ရှားနေသည့် နယ်မြေလည်းဖြစ်သည်။

စစ်ဗိုလ်ချုပ်ကြီးများ အခြေစိုက်ရာ နေပြည်တော်နှင့် အနီးဆုံးရှိ စစ်တောင်းမြစ်ဝှမ်းဒေသတွင် ခြေကုပ်ယူနိုင်ရန်  တော်လှန်ရေးအင်အားစုက ကြိုးပမ်းနေသဖြင့် တိုက်ပွဲများလည်း အဆက်မပြတ်ဖြစ်နေသည်။

မြို့များ သိမ်းယူရန်ထက် အာဏာဗဟိုချက်ဖြစ်သည့် နေပြည်တော်ကို ထိုးဖောက်တိုက်ခိုက်ရန် လုပ်ဆောင်သွားမည်ဟု KNU ပြောရေးဆိုခွင့်ရှိသူက ယခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုထားသည်။

Show More

Related Articles

Back to top button