အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်အနီးရွာများကို လေတပ်ပစ်ခတ်၊ သေဆုံးသူ ၇ ဦးတွင် ကလေးတချို့ ပါဝင်

နေပြည်တော်နှင့် မိုင် ၅၀ ခန့်ဝေးသည့် ရေတာရှည်မြို့နယ်အတွင်း ရဟတ်ယာဥ်တစ်စီး၏ တိုက်ခိုက်ဗုံးကြဲမှုကြောင့် သေဆုံးသည့် ကလေးများမှာ ၃ နှစ်နှင့် ၁၀ နှစ်ကျော် အရွယ်များ ဖြစ်သည်။

နေပြည်တော်နှင့် မိုင် ၅၀ ခန့်ဝေးသည့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် ကျေးရွာများကို လေတပ်က ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) ရက်နေ့ နေ့လယ်ပိုင်းတွင် သွားရောက် ပစ်ခတ်ရာ ကလေးငယ် ၃ ဦး အပါအဝင် ၇ ဦး သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသူများထဲတွင် ၃ နှစ်အရွယ်ကလေး ၁ ဦး၊ ၁၀ နှစ်ကျော်အရွယ် ၂ ဦး၊ အသက် ၇၀ ကျော် အမျိုးသမီး ၁ ဦး၊   သက်လတ်ပိုင်း အမျိုးသမီး ၁ ဦးတို့ ပါဝင်သည်။

စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ပိတောက်ကုန်း၊ ရှမ်းစု၊ စည်ပိုင်းစသည့်ကျေးရွာများသို့ ရောက်လာသည့် ရဟတ်ယာဉ်က ဗုံးကြဲ၊ စက်သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများ၊ PDF တပ်ဖွဲ့ဝင်များက အတည်ပြုသည်။

စည်ပိုင်းရွာတွင် ဗုံးက နေအိမ်ပေါ် ကျသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စည်ပိုင်းရွာမှာက အိမ်ထဲကို ဗုံးသီးချပြီး မိခင်ရော၊ ၁၀နှစ်ကျော် ကလေးရော သေတာ။ တင်ပါးထဲ ကျည်ဝင်တဲ့သူ၊ ခြေထောက်ထိတဲ့သူ၊ မျိုးစုံပဲ” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

Myanmar Now က ကြည့်ရှုခွင့်ရသည့် မှတ်တမ်းဓာတ်ပုံများထဲတွင် အသက် ၁၀ နှစ်ကျော် ကလေးတစ်ဦး၏ ရုပ်အလောင်းပုံ ပါဝင်ပြီး သူ၏လည်ပင်းနှင့် ပါးပြင်ပေါ်တွင်  ဒဏ်ရာများ တွေ့ရသည်။ ထို့ပြင် ပျက်စီးနေသည့် နေအိမ်များ၊ လမ်းပေါ် သေဆုံးနေသည့် နွားတချို့ကိုလည်း  တွေ့ရသည်။

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင် တည်ရှိသော၊ ကရင်ပြည်နယ်နှင့် နီးကပ်နေသော ထိုဒေသတွင် တိုက်ပွဲများ ရပ်တန့်နေသည်မှာ တစ်လနီးပါး ကြာမြင့်ပြီဖြစ်ပြီး ရံဖန်ရံခါ လက်နက်ကြီးများဖြင့် လှမ်းပစ်လေ့သာရှိသည်ဟုလည်း သိရသည်။

ရဟတ်ယာဉ် လာရောက်ပစ်ခတ်သော်လည်း တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဟု ယင်းနယ်မြေအတွင်း လှုပ်ရှားနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“တိုက်ပွဲအခြေအနေအရ ပစ်သွားတာမဟုတ်ဘူး၊ အသားလွတ် ဒီအတိုင်း ပျံလာပြီးတော့ ပြည်သူနေကျေးရွာအပေါ် ဒီအတိုင်းပဲ ချလိုက်တာပေါ့” ဟု သူက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က ခင်တန်းကျေးရွာသို့ ရောက်ရှိနေသည့် တော်လှန်ရေးအင်အားစုကို တိုက်ခိုက်ခြင်းဖြစ်နိုင်သည်၊  နေရာမှားပြီး ပစ်ခတ်မိခြင်း  ဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုသည်။ 

တော်လှန်ရေးအင်အားစုများကမူ စစ်ကောင်စီတပ်က မြစ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးရန် လမ်းရှင်းသည့်အနေဖြင့်  လာရောက်ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။

ထိုပစ်ခတ်မှုနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိပေ။ လေကြောင်းတိုက်ခိုက်မှု မရှိကြောင်း ငြင်းဆိုတတ်သလို အရပ်သားထိခိုက်မှုများမှာ တော်လှန်ရေးသမားတို့၏လက်ချက်ဟုလည်း သတင်း မကြာခဏ ထုတ်ပြန်နေသည်။

လေတပ်က ရန်သူရှိနိုင်သည်ဟု မြေပြင်တပ်မှူးများ ညွှန်ပြသည့်နေရာကို သွားရောက် ပစ်ခတ်တတ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် စစ်အရာရှိများထံမှ သိရသည်။

တောင်ငူ-ရေတာရှည်- ဆွာ စသည့်မြို့နယ်တို့သည် ကရင်အမျိုးသား အစည်းရုံး (KNU)၏ တပ်မဟာ (၂) လှုပ်ရှားနယ်မြေဖြစ်သည်။  PDF ကလည်း KNU နှင့် ပူးပေါင်းလှုပ်ရှားနေသည်။

နိုင်ငံအလယ်ပိုင်း ပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်း တောင်တန်းများကြားတွင် တည်ရှိသည့် စစ်တောင်းမြစ်ဝှမ်းဒေသသည် စစ်ရေးအရ အချက်ချာကျသောကြောင့် ယင်းဒေသကို ခြေကုပ်ရယူနိုင်ရန် တော်လှန်ရေးအင်အားစုများဘက်က ကြိုးပမ်းနေသည်။

စစ်ကောင်စီကလည်း ထိုဒေသသည် ယင်းတို့ ရုံးစိုက်ရာ နေပြည်တော်နှင့် မဝေးလှခြင်းကြောင့် အပြင်းအထန် ပြန်လည်တုံ့ပြန်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button