အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်အနီး မီးရှို့ခံရသည့်ရွာမှ ၁၇ ဦးကို စစ်တပ်ဖမ်းထား

နေပြည်တော်နှင့် မိုင် ၅၀ကျော်သာ ဝေးသည့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်သည့်နေရာအနီးရှိ ရွာကို စစ်တပ်က မီးရှို့ပြီး ဒေသခံ ၁၇ ဦးကို ဖမ်းထားသည်။

ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) နေ့လယ်ပိုင်းတွင် နေပြည်တော်နှင့် မိုင် ၅၀ ကျော်သာ ဝေးသည့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ရွာတစ်ရွာကို စစ်တပ်က မီးရှို့ပြီး ဒေသခံ ၁၇ ဦးကို ဖမ်းထားသည်ဟု ဒေသခံများက ပြောသည်။

အိမ်ခြေ ၁၅၀ နီးပါးရှိသည့် သဖန်းစင်ရွာကို နေ့လယ် ၁နာရီမှ စတင်၍ မီးရှို့ရာ မီးငြှိမ်းသတ်နိုင်ခြင်းမရှိ၍ ရွာလုံးကျွတ် လောင်ကျွမ်းနိုင်သည်၊ စစ်တပ်ရောက်လာချိန်အထိ ထွက်မပြေးနိုင်သူများ အဖမ်းခံရသည်ဟု မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးက ညနေပိုင်းတွင် ပြောသည်။

“ရွာကို မီးရှို့ပြီး မပြေးတဲ့ ဒေသခံ ၁၇ယောက်ကို ကြိုးတုပ်ပြီး ဖမ်းထားတယ်“ ဟု ရေတာရှည်မြို့ပေါ်သို့ ထွက်ပြေးလာသည့် သဖန်းစင်ဒေသခံ အမျိုးသားက ပြောသည်။

အမျိုးသားအများစု ပါဝင်သည့် အဆိုပါ ၁၇ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်တောင်းမြစ်အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်သည် သဖန်းစင်ရွာတွင် စခန်းချခဲ့သည်၊ ၆ ရက်နေ့ ညပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ ပုဝါနီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“တိုက်ပွဲမဖြစ်တဲ့ ဒီနေ့လယ်မှာ ရွာကို မီးရှို့ခံလိုက်ရတာပဲ၊ နေကလည်း ပူတော့ တစ်ရွာလုံး ကုန်မှာပါပဲ” ဟု ပုဝါနီစစ်ကြောင်းအဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားစုများကို ထောက်ခံသည့် စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရွာများကို စစ်တပ်က အလွယ်တကူဝင်ရောက်နိုင်ပြီး မီးရှို့သွားနိုင်သည်ကို ပြလို၍ သဖန်းစင်ရွာကို မီးရှို့ရခြင်းဖြစ်သည်ဟု သူက ယူဆသည်။

သဖန်းစင်ရွာကို မီးရှို့နေသည့် စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ်သော်လည်း သေဆုံးမှုအရေအတွက်ကို မသိရသေးဟု သူက ပြောသည်။

“ရွာက မီးရှို့ခံရ၊ ထွက်ပြေးတဲ့သူနဲ့ ဖမ်းဆီးခံရတဲ့သူနဲ့ ခွဲခြားမနိုင်သေးဘူး၊ ခုနောက်ပိုင်း စစ်တပ်က ဒီဘက်မှာ တိုက်ပွဲဖြစ်ပြီဆိုရင် လူသားတံတိုင်းအနေနဲ့ ဒေသခံတွေကို ဖမ်းတယ်” ဟု သူက ပြောသည်။

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရွာမှ ဒေသခံများသည် လက်နက်ကြီးဒဏ်နှင့် လေကြောင်းဒဏ်များ ခံခဲ့ကြရပြီး မြို့ပေါ်များသို့ တိမ်းရှောင်နေကြရသည်။

နိုင်ငံအလယ်ပိုင်းရှိ ပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်း တောင်တန်းများကြားတွင် တည်ရှိသည့် စစ်တောင်းမြစ်ဝှမ်းဒေသသည် စစ်ရေးအရ အချက်အချာကျသောကြောင့် ယင်းဒေသကို ခြေကုပ်ရယူနိုင်ရန် တော်လှန်ရေးအင်အားစုက ကြိုးပမ်းနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button