
စစ်ကောင်စီ၏ လက်ထဲမှ မြို့ကြီးများကို တိုက်ခိုက်သိမ်းယူနိုင်ရေးထက် အာဏာဗဟိုချက်မဖြစ်သည့် နေပြည်တော်ကို ထိုးဖောက်တိုက်ခိုက်ရန် လုပ်ဆောင်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်သည်။
“မြို့တွေကို အသေခံပြီး လျှောက်ယူစရာမလိုဘူး။ ဒါပေမဲ့ လိုရင်လိုသလိုတော့ ဝင်တိုက်မှာပဲ။ အဓိကကျတာတော့ သူတို့ရဲ့အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ကို ဘယ်လိုထိုးဖောက်မလဲဆိုတာ ကျွန်တော်တို့ စဉ်းစားရမှာပဲ” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂) တွင် KNU ပြန်ကြားရေးဌာနက ပဒိုစောတောနီးနှင့် တွေ့ဆုံမေးမြန်းမှုကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
မကြာသေးမီက KNU ၏ တပ်မဟာ-၁ သထုံခရိုင်၊ တပ်မဟာ-၃ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ-၆ ဒူးပလာယာခရိုင်တို့ရှိ ရှေ့တန်းစစ်စခန်းများကို သွားရောက်ကြည့်ရှုစဉ် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားနိုင်သည်ကို တွေ့ရှိခဲ့ရသည်ဟုလည်း ပဒိုစောတောနီက ထည့်သွင်းပြောဆိုသည်။
ဘားအံမြို့နယ်၊ သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ် စသည့် ဒေသများ၌ KNU တပ်မဟာ ၁ သထုံခရိုင်၏ နယ်မြေစိုးမိုးမှု အားကောင်းသည်ဟု သူက ဆိုသည်။ ထို့ပြင် တပ်မဟာ ၆ ဒူးပလာယာခရိုင် (ကြာအင်းဆိပ်ကြီးမြို့နယ်) ရှိ အချက်အချာကျသော အာရှလမ်းမကြီးကို ထိန်းချုပ်ထားနိုင်သည်၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင် (ပဲခူးတိုင်းအရှေ့ခြမ်း) ရှိ ရွှေကျင်၊ ကျောက်ကြီး၊ မုန်းမြို့တို့ကို သွားရောက်ခဲ့ရာ တော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုးမှုကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ လက်လွှတ်ရသည့် မြို့များကို အကောင်းအတိုင်းမရှိစေဘဲ ဖျက်ဆီးခဲ့သည်ကို သာဓကများတွေ့ရခြင်းကြောင့် မြို့သိမ်းနိုင်ရန်ထက် နယ်မြေစိုးမိုးမှုကို ပိုမိုလုပ်ဆောင်ရမည်ဟု KNU ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပြုသည်။
စစ်တပ်တွင် နှစ် ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ကြီးဟောင်းတစ်ဦးကမူ KNU ၏ နယ်မြေစိုးမိုးနိုင်မှု အခြေအနေကို လက်ခံသော်လည်း KNU ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်တပ်အခြေစိုက်စခန်းများ၊ တပ်ရင်းများကို တိုက်ခိုက်သိမ်းယူမှု ဦးစွာလုပ်သင့်သည်ဟု ဆိုသည်။
“ကရင်နယ်ထဲမှာရှိတဲ့ စစ်တပ်ရဲ့ အထိုင်စခန်းတွေ ဌာနချုပ်တွေကို အရင်ဆုံး ဖျက်ဆီးရမယ်။ သိမ်းပိုက်ရမယ်။ မောင်းထုတ်ရမယ်။ အဲ့ဒီကနေမှတစ်ဆင့် ဆက်သွားရမယ်လို့ ထင်ပါတယ်” ဟု ၂၀၂၁ စစ်အာဏာသိမ်းပြီး လပိုင်းအကြာတွင် စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့သူ အထက်ပါ ဗိုလ်ကြီးက ပြောသည်။
“နေပြည်တော်အထိ တက်သိမ်းမယ်ဆိုရင် သူတို့ရဲ့ ထောက်ပံ့မှုလမ်းကြောင်းက ရှည်သွားတယ်။ အဲ့လိုဆို ကရင်ထဲမှာပဲ ရှိတဲ့စစ်တပ်ရဲ့ နယ်မြေခံတပ်တွေက ပြန်ပြီးတော့ ဖြတ်တောက်ထိန်းချုပ်တာ မဟုတ်ရင်တောင် နှောင့်ယှက်လို့ရတယ်”
လက်ရှိအနေအထားအရ စစ်ကောင်စီ အာဏာဗဟိုချက် နေပြည်တော်နှင့် အနီးကပ်ဆုံးဖြစ်သည့် တောင်ငူ၊ ရေတာရှည် စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
စစ်ကောင်စီ အာဏာသိမ်းယူခဲ့သည့် သုံးနှစ်တာ ကာလအတွင်း KNU အပါအဝင် PDF တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ သံတောင်၊ လိပ်သို၊ ကျောက်ကြီး၊ ရွှေကျင်၊ မုန်း စသည့် ဒေသများတွင် စိမ့်ဝင်ရောက်ရှိနေသည်။ ထိုမှတစ်ဆင့် စစ်တောင်းမြစ်ကို ဖြတ်ကာ နေပြည်တော် တောင်ဘက်ခြမ်း စစ်တောင်းမြစ်ဝှမ်းဒေသကို စိုးမိုးရန် ကြိုးစားလာနေသည်။
ယင်းမှတစ်ဆင့် ပဲခူးရိုးမကို ခြေကုပ်ယူပြီး နိုင်ငံအနောက်တောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်လှုပ်ရှားနိုင်ရန် တော်လှန်သူများက ရည်မှန်းထားသည်ဟု သိရသည်။
ရှမ်းမြောက်အခြေစိုက် ညီနောင် ၃ ဖွဲ့ဖြစ်သော MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်)၊ ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့ကလည်း ရှမ်းပြည်မြောက်ပိုင်းရှိ မြို့များနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့များကို သိမ်းပိုက်ထားသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခမ်းပတ်၊ မော်လူး၊ ရွှေပြည်အေးမြို့တို့ကို သိမ်းယူထားကာ ချင်းပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များကလည်း မြို့တချို့ကို သိမ်းယူထားသည်။ ကရင်နီဒေသတွင် ရှားတော၊ မယ်စဲ့၊ မော်ချီးနှင့် ရွာသစ်မြို့တို့ကို ကရင်နီတော်လှန်ရေးအင်အားစုများ သိမ်းယူထားသည်။