ဆောင်းပါး

မြို့ကြီးများပေါ်မှ စစ်အာဏာသိမ်းသုံးနှစ်ပြည့် ဇာတ်လမ်းရှည်ကြီး

အာဏာသိမ်းအုပ်ချုပ်မှု သုံးနှစ်ကြာချိန်တွင် မြို့ပြဒေသလူမှုစီးပွား သိသိသာသာ ချွတ်ခြုံကျလာပြီး ရာဇဝတ်မှုကြီးများ၊ လောင်းကစားမှုများ ကြီးစိုးလာသည်။

ရုံးပိတ်ရက်နှင့် အားလပ်ရက်များတွင် ရှိရှိသမျှ ဘုရား၊ ပန်းခြံနှင့် ကစားကွင်းများ၌ လာရောက်အပန်းဖြေနေသူများနှင့် စည်ကားနေတတ်သည်။ မြို့တော်ရန်ကုန်သည် ပုံမှန်အတိုင်း ပြန်လည်အသက်ဝင် လှုပ်ရှားနေပြီဖြစ်သည်။ ရုံးတက်ရုံးဆင်းချိန်များတွင် လမ်းမများပေါ် လူများအုပ်လိုက် ဥဒဟိုသွားလာနေကြသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းထားသည်မှာ သုံးနှစ်တင်းတင်းပြည့်ပြီဖြစ်သည်။ ရုတ်တရက်ကြည့်မည်ဆိုပါက အိမ်နီးချင်းနိုင်ငံများမှ မြို့ကြီးများနည်းတူ ရန်ကုန်သည်လည်း နေ့နေ့ညည စည်ကားသက်ဝင်လျက်ရှိသည်။

သို့သော် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေဖြင့် သုံးနှစ်တာအတွင်း လူအများစု၏ဘဝအခြေအနေကို ဗြောင်းဆန်အောင် ပြောင်းလဲစေခဲ့သည်။ မတူညီသော နေ့စဉ်ဘဝအခက်အခဲများနှင့်အတူ မရေရာသော အနာဂတ်ကို မဖြစ်မနေလက်ခံထားရသည်။​

အသက်ဝင်နေသော ရန်ကုန်မြို့၌ ထိုထိုသော ဘဝများကို မြင်တွေ့နိုင်သည်။ 

မှောင်ရီဖြိုးဖျအချိန် ရောက်လာသည်။ မြို့တော်ခန်းမအနီး ဆူးလေလမ်းမတစ်လျှောက် မီးရောင်စုံများ လင်းလာသည်။ မြို့လယ်နှင့် အလှမ်းမဝေးသည့် လသာမြို့နယ်အတွင်း နာမည်ကျော် ၁၉ လမ်းရှိ စားသောက်ဆိုင်များတွင် လူများပြည့်နှက်ကာ ဆူညံပွက်လောရိုက်နေသည်။

ဘီယာနှင့်အကင်မျိုးစုံ တွဲရောင်းသည့် ဆိုင်တစ်ဆိုင်တွင် မစုစုတို့ သူငယ်ချင်းတစ်သိုက် ထိုင်နေကြသည်။ လက်ရှိ အလုပ်ကထွက်ပြီး မကြာမီ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်တော့မည့် မစုစုက သူငယ်ချင်းများကို နှုတ်ဆက်နေခြင်းဖြစ်သည်။ သက်လတ်ပိုင်းအရွယ် သမီးတစ်ယောက်မိခင် မစုစုမှာ တစ်ဦးတည်း ရုန်းကန် လှုပ်ရှားနေရသူဖြစ်သည်။ ကုမ္ပဏီတစ်ခုတွင် လက်ထောက်မန်နေဂျာရာထူးဖြင့် အလုပ်ရှိသော်လည်း ပြည်ပထွက်အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ရသည်။

“နိုင်ငံခြားသွားပြီး အလုပ်မလုပ်ချင်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မသမီးလေးကို ပံ့ပိုးပေးဖို့အတွက် တည်တည်တံ့တံ့ ဝင်ငွေတစ်ခုရှိဖို့ လိုတယ်လေ။ ဒီမှာက မျှော်လင့်ချက်မရှိဘူး” ဟု လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး မစုစုက ညည်းတွားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်အခြေအနေမှာ ဘက်ပေါင်းစုံ ယိုယွင်းပျက်စီးလာသည်။ စီးပွားရေးကျဆင်းလာကာ အလုပ်အကိုင်ရှားပါးလာမှုကြောင့် ထောင်ပေါင်းများစွာသော လူငယ်များ ပြည်ပနိုင်ငံများသို့ ရောက်ရှိသွားသည်။ ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့တွင် နေ့စဉ် တန်းစီနေကြသည်။

နိုင်ငံအတွင်း စစ်မက်ဖြစ်ပွားရာ ဒေသများနှင့် အလှမ်းဝေးသော်လည်း ရန်ကုန်မြို့တွင် နေထိုင်သူများအနေဖြင့် အာဏာသိမ်းမှုနောက်ဆက်တွဲ ဆိုးကျိုးများကို ခါးစည်းခံနေရသည်။ အကြောက်တရားနှင့် ဆင်းရဲနွမ်းပါးမှုကြီးထွားလာသည့်နည်းတူ နေ့စဉ်ဘဝတွင်လည်း အခက်အခဲမျိုးစုံ ကြုံနေရသည်။

“ရန်ကုန်နဲ့ပတ်သက်ပြီး ပြောစရာတွေ အများကြီးပါ။ အလုပ်အကိုင်ရှားပါးတာ၊ ကုန်ဈေးနှုန်းမြင့်တက်လာတာ၊ မြန်မာကျပ်ငွေဈေးကျတာတွေကြောင့် စက်သုံးဆီအပြင် အခြေခံအိမ်သုံးဆေးဝါးတွေပါ ဈေးကြီးလာတဲ့အခက်တွေ့နေကြရတယ်။ လူတွေက အကြောက်တရားလည်း ပိုများလာကြတယ်” ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူ လူငယ်တစ်ဦးက ဆိုသည်။

အလုပ်အကိုင်အခွင့်အလမ်း ပိုမိုပေါများခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် ရွှေထီးဆောင်းနေ့ရက်များမှာ ယခုအခါ အိပ်မက်ပမာဖြစ်သွားပြီဟုလည်း မှတ်ချက်ပြုသည်။

ပြည်ပနိုင်ငံတစ်ခုတွင် လေးနှစ်ကြာအလုပ်လုပ်ပြီးနောက် ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံပြန်ရောက်လာသည့် လူငယ်တစ်ဦးကလည်း ကိုယ်ပိုင်စီးပွားရေးစတင်ရန် စိတ်ကူးကို လက်လျှော့ခဲ့ရသည်ဟု ပြောသည်။

“ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုစဖို့ စီစဉ်ထားပေမဲ့ ဒီကအခြေအနေတွေက သေချာရေရာမှုလည်း မရှိ၊ အမြဲပြောင်းလဲနေတာလေ။ မီးကလည်း တစ်ချိန်လုံးပြတ်နေတော့ စိတ်ထဲမှာလည်း မလုံခြုံဘူး။ အမြဲလန့်နေရတယ်။ လုပ်ငန်းလုပ်ဖို့အတွက် စကစ (စစ်ကောင်စီ) လူတွေနဲ့လည်း မပတ်သက်ချင်ဘူး” ဟု ပြည်ပသို့ နောက်တစ်ကြိမ်ပြန်ထွက်သွားပြီဖြစ်သော ထိုလူငယ်က ဆိုသည်။

အင်းစိန်မြို့နယ်မှ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကမူ ဝင်ငွေမတိုးဘဲ ကုန်ကျစရိတ်သာတိုးလာသည့်အတွက် နေ့စဉ်နှင့်အမျှ စိတ်ဖိစီးကာ သောကရောက်နေရသည်ဟု ပြောသည်။

“အကုန်လုံး ဈေးကြီးလာပြီး လခကတော့ မတိုးတာ သုံးနှစ်ရှိပြီ။ ချွေတာသုံးနေရတော့ သားသားကိုတောင် သူကြိုက်တဲ့ ကြက်ဥပေါင်း နေ့တိုင်းလုပ်မကျွေးနိုင်တော့ဘူး။ ကျွန်မလခရော၊ အမျိုးသားလခရော နေ့စဉ် အိမ်အသုံးစရိတ်ကာမိအောင် မနည်းသုံးနေရတယ်”

အလားတူပင် တောင်ဒဂုံမြို့နယ်မှ ဆိုက်တွဲ (ဘေးတွဲဆိုင်ကယ်) မောင်းသူတစ်ဦးကလည်း မိသားစုဝမ်းဝဖို့အရေး မနည်းရုန်းကန်ရှာဖွေနေရသည်ဟု ညည်းတွားသည်။

“တစ်နေ့ အုံနာခက (ဆိုက်တွဲပိုင်ရှင်ကို ပေးရသောအခ) သုံးထောင်ပေးရတယ်။ ကျန်တာက ဆီဖိုးနဲ့ စားဖို့ သောက်ဖို့အတွက် နေ့တိုင်း မနည်းရုန်းနေရတယ်” ဟု အသက် ၅၀ ကျော်အရွယ်ရှိ ဆိုက်တွဲမောင်းသူ အမျိုးသားက ဆိုသည်။

ရန်ကုန်မြို့တွင် စားအုံးဆီရရှိရန် တန်းစီဝယ်ယူနေရသည့် အဘွားအိုတစ်ဦးကို ၂၀၂၃ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ – AFP

စစ်တပ်လက်အောက်တွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအနေဖြင့် အကျပ်အတည်းမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရသည်။ ရန်ကုန်မြို့၌ပင် လူအများ ဆန်ဆီတိုးဝယ်နေရကာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်အနေအထားကို ပြန်လည်ဆိုက်ရောက်သွားသည်။ ဆင်းရဲကျပ်တည်းမှုနှင့်အတူ ရန်ကုန်မြို့ခံလူထု နေ့စဉ်ရင်ဆိုင်နေရသည့် နောက်အခက်အခဲတစ်ခုမှာ ခိုးဆိုးလုယက် အပါအဝင် ဒုစရိုက်မှု ပိုများလာခြင်းပင်။

“ဘတ်စကားစီးရင် ဖုန်းကို လက်ထဲမှာ ကိုင်ထားပြီး စီးရတယ်။ ညဘက်အလုပ်ကနေ ပြန်တာနောက်ကျရင် အိမ်ကနေ တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး ကားဂိတ်မှာ အမြဲလာစောင့်ခိုင်းရတယ်” ဟု ရန်ကုန်မြို့လယ်ရှိ လုပ်ငန်းခွင်မှ အင်းစိန်မြို့နယ်သို့ ပြန်ရသူ အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။

စစ်အာဏာရှင်လက်အောက် ကျရောက်တိုင်း ဒုစရိုက်မှုထူပြောလာခြင်းမှာ အထူးအဆန်းမဟုတ်တော့ပေ။ စစ်ကောင်စီထိန်းချုပ်ထားသည့် လုံခြုံရေးဌာနများက အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ပစ်မှတ်ထား နှိပ်ကွပ်နေသည့် အခြေအနေမှာ ခိုးဆိုးလုယက်မှု ကျူးလွန်သူတို့အတွက် အခွင့်အရေးဖြစ်နေသည်။

ငြိမ်းချမ်းစွာဆန္ဒပြသူများကိုပင် ကျည်အစစ်ဖြင့် ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းသော စစ်တပ် ဖြစ်သည်။ ဆန္ဒပြပါက ဦးခေါင်းကို ကျည်ထိမှန်မည်ဟု အာဏာသိမ်းစစ်တပ်က ၂၀၂၁ မတ်လအတွင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ အတိအလင်းခြိမ်းခြောက်ခဲ့သည်။

အမှန်တကယ်လည်း ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းရာ၌ ဦးခေါင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်။ လူငယ်လူရွယ်များကိုသာ ရွေးပစ်ခြင်းလည်းဖြစ်သည်။ ဆန္ဒပြပွဲများ ပိုမိုပြင်းထန်လာချိန်တွင် ဦးခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးခဲ့ရသည့်ဖြစ်စဉ်များလည်း နေ့စဉ်လိုလိုဖြစ်ပေါ်ခဲ့သည်။

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများမှာ ထိုမျှနှင့် ရပ်တန့်မသွားခဲ့ပေ။ လွန်ခဲ့သည့် သုံးနှစ်တာအတွင်း လက်နက်ကိုင်ခုခံတော်လှန်သူများကို လိုက်လံဖြိုခွင်းရာတွင် ရွာလုံးကျွတ်၊ မြို့လုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းများအပြင် အစုလိုက်အပြုံလိုက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့သည်။

ကချင်ပြည်နယ်၊ မုန်လိုင်ခက်ရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ၏ ဈာပနကို ၂၀၂၃ အောက်တိုဘာလအတွင်း ပြုလုပ်နေစဉ်။ ဓာတ်ပုံ-Myanmar Now

ပျော်ရွှင်မှုအတုများနှင့် နေပြည်တော်

“ကုန်ဈေးနှုန်းကတက်၊ ဝင်ငွေကနည်း၊ ဆီဈေးကတက်၊ ခရီးသွားကမရှိ အတော်ခက်ခဲတဲ့ အခြေအနေပဲ” ဟု ဆိုလာသူမှာ နေပြည်တော်မှ အသက် ၄၂ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမား ဦးသောင်းပင်။

လူတန်းစားပေါင်းစုံခရီးသည်တို့ကို စစ်ဗိုလ်ချုပ်ကြီးများ တစ်စုတစ်ဝေးတည်းရုံးစိုက်ရာ နေပြည်တော်အတွင်း ဆိုင်ကယ်တစ်စီးဖြင့် လိုက်လံပို့ဆောင်ရင်း အသက်မွေးနေသူ ဦးသောင်းအတွက် လက်ရှိအခြေအနေက အဆိုးဆုံးဖြစ်နေသည်။

စီးပွားရေးသမားများ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံတကာသံတမန်များ ဝင်ထွက်နေသည့် နေပြည်တော်၌ အာဏာမသိမ်းမီက  ကျပ်ငါးသောင်းမှ ခုနှစ်သောင်းအထိ နေ့စဉ်ဝင်ငွေရခဲ့ဖူးသည်ဟု ၂၀၁၀ ကတည်းက ဆိုင်ကယ်ကယ်ရီဆွဲခဲ့သူ ဦးသောင်းက ဆိုသည်။

“နေပြည်တော်ကို လာတဲ့သူက လမ်းအကျယ်ကြီးထဲမှာ သွားမဲ့နေရာလည်းမသိ၊ မေးစရာလူလည်းမရှိ၊ အဲအချိန်က ကျွန်တော်တို့ ကယ်ရီသမားတွေအတွက် တတယ့်ငွေတွင်းပဲ”

လဆိုင်ကယ်ရီဆွဲသည့်အလုပ်ဖြင့် မိသားစုရပ်တည်ရန် ခက်ခဲလာချိန်တွင် လူကြိုက်များနေဆဲဖြစ်သော နှစ်လုံးထီနှင့် ဘော လုံးပွဲလောင်းကစားကို ကော်မရှင်စားဖြင့် ဝင်လုပ်နေရသည်ဟု ဆိုသည်။ အာဏာသိမ်းပြီး လအတန်ကြာကတည်းက နေပြည်တော်သို့ ဝင်ထွက်သွားလာသူ နည်းသွားကာ တည်းခိုခန်းနှင့် ဟိုတယ်များသာမက လွှတ်တော်အမတ် ရာထောင်ချီတို့နှင့် စည်ကားခဲ့ရာ စည်ပင်ရိပ်သာလည်း ခြောက်ကပ်နေသည်။

ဟိုတယ်မန်နေဂျာအချို့သည်ပင်လျှင် ဧည့်သည်မဝင်၍ အခြားအသက်မွေးဝမ်းကျောင်း ပြောင်းလုပ်နေရပြီး ဟိုတယ်အများစုသည်လည်း ဖျော်ဖြေရေးလုပ်ငန်းမျိုးစုံ ပြောင်းလုပ်နေသည်ဟု သိရသည်။ နေပြည်တော်ကို ဝင်ထွက်သူနည်းသည်ထက် နည်းလာရသည့် အကြောင်းရင်းတွင် အကန့်အသတ် အတားအဆီးများခြင်းလည်း ပါဝင်သည်ဟု ဦးသောင်းက ဆိုသည်။

လမ်းမများပေါ်တွင် အတားအဆီးများနှင့် လုံခြုံရေးဘန်ကာများ နေရာယူထားသည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ယူနီဖောင်းဝတ်များက အချိန်ပြည့်စောင့်ကြပ်နေသည်။ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရာ၌ ဆိုင်ကယ်ကို ဆင်းတွန်း၍ သွားကြရသည်။ ဝန်ကြီးဌာနရုံးများသည်လည်း ဝင်ထွက်ရန် မလွယ်ကူတော့ပေ။ ခွင့်ပြုချက် စာရွက်စာတမ်း၊ နိုင်ငံသားစိစစ်ရေးကတ်တို့ ပြသနိုင်မှသာ ဝင်ရောက်ခွင့်ရနိုင်သည်။

လုံခြုံရေးအကြောင်းပြပြီး ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်စစ်ဆေးသည့် လက်နက်ကိုင်များက ငွေအတင်းအကျပ်တောင်းလေ့ရှိသည်ဟုလည်း ဦးသောင်းက ဖောက်သည်ချသည်။ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်းနှင့် လိုင်စင်မပြနိုင်ခြင်းတို့ အတွက် ဒဏ်ကြေးကျပ်ငါးသောင်း ရုံးသို့ သွားပြီး ပေးဆောင်ရမည် ဖြစ်သော်လည်း လမ်းပေါ်ရှိ ယာဉ်ထိန်းရဲများက ကျပ်နှစ်သောင်း၊ သုံးသောင်းဖြင့် ယူသည့်နည်းဖြင့် ပြဿနာကို လမ်းပေါ်တွင် နှစ်ဦးနှစ်ဖက် ပြေလည်အောင် ရှင်းလေ့ရှိသည်။

အခြေခံလူတန်းစားများအတွက် နေ့စဉ်အကျပ်အတည်း ကြုံတွေ့နေရသော်လည်း အရာရှိအရာခံများ ပြည့်နှက်နေသည့် နေပြည်တော်၌ ဖျော်ဖြေရေးလုပ်ငန်းမျိုးစုံရှိကာ မူးယစ်ဆေးဝါးကိုပင် ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်သည်ဟု သိရသည်။ စစ်တပ်နှင့် အုပ်ချုပ်ရေးပိုင်းမှလူများ နည်းမျိုးစုံ အပျော်ကြူးရာ နေရာများ မှိုလိုပေါက်နေသည်။ အထင်ကရ ပန်းဥယျာဉ်များ၌သာမက ကျေးရွာများအထိ မကြာခဏ တွေ့နိုင်သော ပွဲလမ်းသဘင်မျိုးစုံဖြင့် နိုင်၏အခြေအနေဆိုးကို ဖုံးကွယ်ထားသည်ဟု နေပြည်တော်မှ အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။

“နေပြည်တော်က အများအမြင်မှာ အလုံခြုံဆုံး၊ အခိုင်မာဆုံးမြို့ပေါ့။ ကျွန်တော့်အထင်တော့ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်နေတဲ့ မြို့တစ်ခုပါပဲ။ ယူနီဖောင်းဝတ်တွေ တွေ့ရင် အလိုလိုကြောက်နေရတာ”

နေပြည်တော်ကို ထူးထူးခြားခြား ဝင်ရောက်သူများလည်းရှိသည်။ ၎င်းတို့မှာ စစ်ဘေးလာရှောင်ကြသူများဖြစ်ကာ အများစုမှာ စစ်တပ်နှင့် ဝန်ထမ်းမိသားစုဝင်များ ဖြစ်ကြသည်။ ၎င်းတို့အတွက် ဗုံးသံ၊ သေနတ်သံနှင့် ဝေးရာ နေပြည်တော်သည်သာ တစ်ခုတည်းသော အားကိုးရာဖြစ်သည်။

စစ်ကောင်စီရုံးစိုက်သည့် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ ဇီဇဝါအဝိုင်းအနီး ယခုလဆန်းပိုင်း မြင်ကွင်း။ ဓာတ်ပုံ – Myanmar Now

ဆရာဝန်နှင့် သံဃာ့အသိုင်းအဝိုင်းမကျန် နှိပ်ကွပ်ခံရသည့်မြို့

လူများပြည့်သိပ်နေသည့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် လျှပ်စစ်မီးပြတ်တောက်နေသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့ခံလူထု၏ သပိတ်မှောက်ဆန့်ကျင်မှုနှင့်အတူ ဆရာဝန်နှင့် သူနာပြုအများအပြားက အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) တွင် ပါဝင်သွားကြသည့်အတွက် လည်ပတ်နိုင်ခြင်း မရှိခဲ့သော ဆေးရုံကြီးမှာ ယခုအခါ လူနာပြည့်နေတတ်သည်။

၂၀၂၂ ဒီဇင်ဘာတွင် မန္တလေးမြို့ရှိ နာမည်ကျော် ပုဂ္ဂလိကဆေးရုံငါးခုကို အာဏာဖီဆန်သည့် ဆေးဝန်ထမ်းများကို လက်ခံထားသည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ပိတ်သိမ်းခဲ့သည်။ ထို့နောက် ၂၀၂၃ နှစ်ဆန်းပိုင်းတွင် အခြား ဆေးရုံဆေးခန်းအများအပြားကို ထပ်မံပိတ်သိမ်းခဲ့သည်။

ထိုဆေးခန်းများ လုပ်ငန်းရပ်ထားရသဖြင့် ပြည်သူ့ဆေးရုံကြီးကိုသာ မဖြစ်မနေအားကိုးလာရသည်ဟု မြို့ခံသူနာပြုတစ်ဦးက ဆိုသည်။

“ဆေးရုံတွေ အတော်များများ ပိတ်ခံကြရတော့ လူများစုက အရေးပေါ်ဆို ဒီဆေးရုံကိုပဲ ပြန်အားကိုးလာရတယ်။ ဆေးရုံကြီးမှာက ပြင်ပထက် ကုန်ကျစရိတ်ကလည်း သက်သာတော့ ရွေးချယ်စရာမရှိတဲ့ အခြေအနေမှာ ဒီကိုပဲ ပြန်အားကိုးကြရတယ်” 

၂၀၂၂ ဒီဇင်ဘာတွင် မန္တလေးမြို့ရှိ နာမည်ကျော် ပုဂ္ဂလိကဆေးရုံငါးခုကို အာဏာဖီဆန်သည့် ဆေးဝန်ထမ်းများကို လက်ခံထားသည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ပိတ်သိမ်းခဲ့သည်။ ထို့နောက် ၂၀၂၃ နှစ်ဆန်းပိုင်းတွင် ဆေးရုံဆေးခန်းများကို ထပ်မံပိတ်သိမ်းခဲ့သည်။

အာဏာစစ်တပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြခဲ့သူများတွင် မန္တလေးမြို့မှ ကျန်းမာရေးဝန်ထမ်းများသည် ထိပ်ဆုံးမှဖြစ်သည်။ မန္တလေးတိုင်းရှိ ကျန်းမာရေးဝန်ထမ်း ၈၀ ရာခိုင်နှုန်းခန့် CDM ပြုလုပ်ခဲ့ကြသည်။ စစ်ကောင်စီကလည်း ကထိကနှင့် ပါမောက္ခအဆင့် ဆရာဝန်ကြီးများအပါအဝင် မန္တလေးမြို့မှ ဆေးဝန်ထမ်းအများအပြားကို ဖမ်းဆီးခဲ့သည်။

ဆရာဝန်နှင့် ဆေးလောကကျွမ်းကျင်သူများ ဖိနှိပ်ခံရခြင်း အကျိုးဆက်နှင့်အတူ မန္တလေးပြည်သူ့ဆေးရုံကြီးသည်လည်း အရပ်သားအစိုးရလက်ထက်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ ဆုတ်ယုတ်ပျက်စီးသွားသည်ဟု အထက်ပါ သူနာပြုဆရာမက ဆိုသည်။

“အခန်းတွေကျပ်တယ်။ အရေးပေါ်ရောက်လာရင်တောင် ခုတင် တန်းမရလို့ စောင့်ရတယ်။ ဆေးဝါးကုသပိုင်းမှာလည်း အရင်လို လုံလောက်တဲ့ ကုသမှုမရှိဘူး။ ကိရိယာတွေလည်း မပြည့်စုံဘူး” ဟု သူနာပြုက ပြောသည်။

“အဓိကက ဆေးဝါးပြဿနာပေါ့။ ဆေးရုံကြီးမှာက မပြည့်စုံဘူး။ ဆေးလိုရင် အပြင်ဆိုင်တွေကို ထွက်ဝယ်ခိုင်းတယ်။ လိုချင်တဲ့ဆေးက မရတာများတယ်။ လျှပ်စစ်မီးကလည်း ဆေးရုံလိုနေရာတောင် အလှည့်ကျနဲ့ ပေးနေတယ်။ တစ်နေ့မှာ ၆ နာရီလောက်ပဲ ရတယ်”

 လျှပ်စစ်မီးပြတ်တောက်လျက်ရှိသည့် ချမ်းအေးသာစံမြို့နယ်အတွင်း တစ်နေရာကို ​​ပြီးခဲ့သည့် မေလ ညပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ- ပေးပို့

အခြားမြို့ကြီးများနည်းတူ အာဏာသိမ်းစစ်တပ် လက်အောက်မှ မန္တလေးမြို့သည်လည်း ကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေးခက်ခဲနေသည့်အပြင် လောင်းကစားနှင့် မူးယစ်ဆေးဝါးပြဿနာ၊ အကြမ်းဖက်လုယက်မှု စသည့် ဒုစရိုက်မျိုးစုံ ကြီးစိုးလာသည်။

ရပ်ကွက်နေပြည်သူများသည် နှစ်လုံးထီ သုံးလုံးထီမှစ၍ ဖဲဝိုင်း ဂျင်ဝိုင်းအပြင် “တန်ပိုလာ” ဟု ခေါ်သည့် ကတ်ထူချပ်ဖြင့် ငွေထိုးကစားရသည့် လောင်းကစားအသစ်အဆန်းတစ်ခုကို ဘိန်းစွဲသလို စွဲလမ်းနေကြပြီး ပေါ်ပေါ်တင်တင် ကစားနေကြသည်။​

“မိန်းမတွေ ကစားကြတာများတယ်။ တချို့အိမ်ရှင်မတွေကလည်း ဈေးဖိုးလေးရရ ဆိုပြီး လောင်းကစားကြတယ်။ တချို့ကျလည်း တစ်နေကုန် မထတမ်းကို စွဲပြီး ကစားကြတယ်။ အထက်ကလည်း ဒါတွေကို နိုင်ငံရေးမလုပ် ပြီးရောဆိုသလို ပစ်ထားပုံရတယ်။ အာဏာရှင်နဲ့အတူ ပါလာတဲ့ စရိုက်ဆိုးတွေပေါ့ဗျာ” ဟု မန္တလေးမြို့ခံ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။​

“နှစ်လုံးထီ သုံးလုံးထီဆိုလည်း အရင်တုန်းက ပုန်းလျှိုးကွယ်လျှိုး။ အခုများ အွန်လိုင်းကနေလည်း ပေါ်တင် ရောင်းတယ်။ ထိုးသားတွေကလည်း အွန်လိုင်းစနစ်နဲ့ ထိုးကြ၊ လျှော်စားကြတယ်”

မန္တလေးမြို့သည်လည်း အခြားမြို့ကြီးများနည်း မူးယစ်ဆေးဝါး အလွယ်တကူ ဝယ်ယူရရှိနိုင်သည်ဟု ကိုယ်တိုင် မူးယစ်ဆေးဝါးသုံးစွဲနေသူ လူငယ်တစ်ဦးက ဆိုသည်။

“WY (ယာဘစိတ်ကြွဆေး) က အခုတစ်ပြားကို ၁၀၀၀ ကနေ စဝယ်လို့ရတယ်။ အစားစားပေါ့။ ၁၀၀၀ ကတော့ အမျိုးအစားအညံ့ဆုံးပေါ့။ ဝယ်တာက ၄၉ လမ်း တမန်းကုန်းမှာ။ ဘိ ခေါ်တာပေါ့။ အဲ့လိုဘိတွေမှာ သွားပြီး သုံးလို့ရတာပေါ့။ အလွယ်တကူ။ သူတို့က ရဲလာရင် ကြိုသတိပေးပြီး အပြင်ထွက်ခိုင်းတယ်”

မန္တလေးတွင်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းနှင့် သုံးစွဲခြင်းက အရေးမပါလှသော အမှုအမျိုးအစား ဖြစ်လာသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာများ စုဝေးရာဟုဆိုသည့် မန္တလေးရွှေမြို့တော်တွင် အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှု ပေါများလာသည်။ နေ့ခင်းကြောင်တောင် အနုကြမ်းစီးသည့်ဖြစ်စဉ်များ၊ အသက်ကိုပင် ရန်ရှာသည့် ဆိုင်ကယ်လုယက်မှုများ ခပ်စိပ်စိပ်ဖြစ်လာသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့ ညနေခင်းပိုင်းက မန္တလေးမြို့လယ်ကောင်အရပ်၌ ဆိုင်ကယ်စီးလာသူတစ်ဦးကို လူနှစ်ဦးက ဝိုင်းဝန်းရိုက်နှက်ကာ ဓားဖြင့် ထိုးသွားသည်။ ဆိုင်ကယ်ကို အရအမိလုယက်ရင်း ရန်ပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဆိုင်ကယ်ကို ရိုက်လုတာ။ သူက အော်လိုက်တော့ ဆိုင်ကယ်မရတဲ့အဆုံး ဓားနဲ့ နောက်ကျောကို နှစ်ချက်ထိုးသွားတာ” ဟု နီးစပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီက လုံခြုံရေးချထားသည့် စစ်ဆေးရေးဂိတ်များနှင့် နီးသော၊ မြို့လည်ကောင်ကဲ့သို့သော နေရာများတွင် လုယက်မှုဖြစ်ပွားနေရာ အာဏာသိမ်းစစ်တပ်က တော်လှန်ရေးသမားများကိုသာ ဖိနှိပ်ရန် အာရုံစိုက်နေသည်ဟု မြို့ခံတို့က ဝေဖန်သည်။

၂၀၂၁ ခုနှစ်တွင် မန္တလေးမြို့ပေါ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်ဆန္ဒပြနေသည့် သံဃာ့သမဂ္ဂသပိတ် စစ်ကြောင်း။ ဓာတ်ပုံ – Myanmar Now

ပဋိပတ္တိ၊ ပရိယတ္တိစာသင်တိုက်များရှိရာ မန္တလေးမြို့သည် သံဃာထုအားအကောင်းဆုံး မြို့တစ်မြို့လည်းဖြစ်သည်။​ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သည်ဆိုသော အကြောင်းပြချက်ဖြင့် အချိန်ပြည့် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်နေသည့် စစ်ကောင်စီက စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို နှိမ်နင်းရာ၌ မန္တလေးမြို့မှ သံဃာထုကိုပင် ချမ်းသာခွင့်မပေးပေ။​

မန္တလေးသံဃသမဂ္ဂစာရင်းအများအရ သုံးနှစ်တာအတွင်း မန္တလေးမြို့မှ သံဃာ ၁၂၀ ပါးထက်မနည်း အာဏာသိမ်းမှုဆန့် ကျင်ဆန္ဒပြပွဲများတွင် ပါဝင်လှုပ်ရှားသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထောင်ချခံရသည်။

စစ်ကောင်စီဖိနှိပ်မှုကြောင့် မြင့်မြတ်သော ရဟန်းဘဝကို စွန့်လွှတ်ကာ လက်နက်ကိုင်လမ်းစဉ်နောက် လိုက်သွားသည့် သံဃာအရေအတွက် ၃၀ နီးပါးရှိသည်ဟုလည်း သိရသည်။​ မန္တလေးမြို့ရှိ စာသင်တိုက်ကြီးများတွင် သံဃာအရေအတွက် သိသိသာသာ လျော့နည်းလာပြီဖြစ်သည်။

“တချို့က ဇာတိပြန်သွားကြတယ်။ တချို့လည်း သပိတ်မှောက်ရင်း ကျောင်းတိုက်တွေ စွန့်ခွာထွက်ပြေးကြရတယ်။ တချို့လည်း အပြီးကို လူဝတ်လဲ လက်နက်ကိုင်သွားကြတယ်” ဟု မြို့ခံရဟန်းတစ်ပါးက မိန့်သည်။

Show More

Related Articles

Back to top button