
တော်လှန်ရေးသမားများကို ဖိနှိပ်ရန်သာ အာရုံစိုက်နေသော စစ်ကောင်စီကြောင့် မန္တလေးမြို့တွင် အသက်ကို ရန်ရှာသည်အထိ လုယက်မှုများလာရာ မြို့ခံများ အထူးစိုးရိမ်နေကြပြီး ယခုလအတွင်း၌ပင် ဓားထိုးလုယက်မှု ၁၀ ခုထက်မနည်းရှိပြီဖြစ်သည်။
အာဏာသိမ်းစစ်တပ်က အတင်းကျပ်ဆုံး ထိန်းချုပ်ထားသည့် မန္တလေးမြို့၌ အုပ်စုဖွဲ့လုယက်မှု များသည်ထက်များလာကြောင်း၊ လွန်ခဲ့သည့် သီတင်းပတ်အတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
အသက် ၃၅ နှစ်အရွယ် ကိုကျော်မင်းထွန်းဆိုသူ မန္တလေးမြို့ခံကို ယခုလ ၁၀ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်တွင် အောင်မြေသာစံမြို့နယ်၊ ညောင်ပင်ဈေးအနီး လူ ၆ ဦးက နောက်ဘက်မှနေ၍ ဓားဖြင့် ထိုးကာ စီးနင်းလာသည့် ဆိုင်ကယ်ကို လုယူသွားသည်။
မန္တလေးမြို့တော်စည်ပင်သာယာကော်မတီ၊ သန့်ရှင်းရေးဌာနမှ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့် ကိုကျော်မင်းထွန်းကို ဆေးရုံသို့ ပို့ခဲ့သော်လည်း နောက်တစ်ရက်တွင် ဓားထိုးခံရသည့် ဒဏ်ရာဖြင့် ဆုံးပါးသွားကာ ဇနီးသည်နှင့် လသားအရွယ်ကလေးတစ်ဦး ကျန်ရစ်သည်ဟု မိသားစုနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“အသက်ကို ချမ်းသာပေးပါ၊ ပစ္စည်းယူသွားပါဆိုတာကို လူမိုက်လားဆိုပြီး ဓားနဲ့ ကျောကုန်းကို ထိုးသွားတယ်။ ဓားတန်းလန်းကြီးနဲ့ ထားခဲ့ပြီး ဆေးရုံပို့ပေမဲ့ နောက်တစ်နေ့မှာတော့ ဆုံးသွားတယ်”
အောက်တိုဘာ ၅ ရက် ညဦးပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော်အနီး အလုပ်မှ ပြန်လာသည့် အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦး လုယက်ခံရသည်။
အမျိုးသမီးငယ် စီးလာသည့် ဆိုင်ကယ်ကို လူတစ်စုက ဆိုင်ကယ်နှစ်စီးဖြင့် ညှပ်ပိတ်ကာ တွန်းလှဲ လုယက်ခဲ့ခြင်းဖြစ်သည်။ ကားလမ်းပေါ်သို့ လဲကျနေခဲ့သော ထိုအမျိုးသမီးငယ်ကို ကားတစ်စီးက ဝင်ကြိတ်မိ၍ ဆုံးပါးသွားရသည်။
အခြား လုယက်မှုများနှင့် ပတ်သက်၍ အသေးစိတ် မသိရပေ။
လုယက်မှုများဖြစ်ပွားရာ နေရာများသည် စစ်ကောင်စီ၏ လုံခြုံရေးဂိတ်များနှင့် နီးကြောင်း၊ စစ်တပ်က တော်လှန်ရေးသမားများကို ဖိနှိပ်ရန်သာ အာရုံစိုက်နေကြောင်း အသက် ၄၀ အရွယ် အမည်မဖော်လိုသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“လုယက်မှုတွေက တော်တော်လေး ဆိုးရွားနေတယ်။ ဖုန်းလေးတစ်လုံး။ ဆိုင်ကယ်တစ်စီးနဲ့လည်း လူသတ်နေကြတယ်။ စစ်ကောင်စီကလည်း ခိုးဆိုးလုယက် ဒုစရိုက်သမားတွေကို လျစ်လျူရှုထားတော့ ရမ်းကားနေကြတယ်”။
“စစ်ကောင်စီ (လုံခြုံရေး) ဂိတ်တဲတို့ ဆိုတာလည်း သူတို့လုံခြုံရေးအတွက်ပဲ သူတို့လုပ်နေကြတယ်။ ပြည်သူ့လုံခြုံရေး ထည့်တွက်တာမဟုတ်ဘူး။ ပြည်သူက လမ်းသွားရင်းလာရင်းတောင် အသက်စိုးရိမ်နေရတဲ့ အခြေအနေ” ဟု အထက်ပါ မြို့ခံက ဆက်ပြောသည်။
ဆိုင်ကယ်မြို့တော်အဖြစ် လူသိများသည့် မန္တလေးတွင် အာဏာသိမ်းပြီးနောက်ပိုင်း မြို့လယ်ကောင်နှင့် လူစည်ကားရာနေရာများပါမကျန် နေ့ခင်းကြောင်တောင်၌ပင် အုပ်စုဖွဲ့လုယက်ခံရမည့်အရေးကို စိုးရိမ်ထိတ်လန့်နေကြရသည်။
လုယက်သူများ ဖမ်းဆီးရမိခြင်းရှိမရှိ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုလေ့မရှိပေ။ မြို့ပြတော်လှန်ရေးသမားများကိုမူ လုံခြုံရေးကင်မရာ (CCTV) များမှတစ်ဆင့် ခြေရာခံ ဖမ်းဆီးနိုင်ကြောင်း ထုတ်ပြန်လေ့ရှိသည်။
မန္တလေးမြို့တွင် စစ်ကောင်စီက လမ်းဘေးဈေးဆိုင်များတွင် CCTV ကင်မရာများ တပ်ဆင်ရန် ဖိအားပေးကာ လိုက်နာခြင်းမရှိပါက လိုင်စင်ချမပေးသည့်အပြင် သက်တမ်းတိုးခွင့်မပြုဟု ဩဂုတ်လအတွင်း ဖိအားပေးခြိမ်းခြောက်ခဲ့သည်။
အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေဆဲဖြစ်သော မန္တလေးမြို့တွင် မြို့ပြအခြေစိုက် တော်လှန်သူများ အားပျော့သွားရန် စစ်ကောင်စီက လုံခြုံရေးကို အထူးတင်းကျပ်ထားသည်။ မြို့နေရာအနှံ့တွင် လုံခြုံရေးဂိတ်များချကာ လမ်းသွားလမ်းလာများကို အချိန်မရွေး စစ်ဆေးလေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)