
မြန်မာနိုင်ငံတွင် စစ်တပ်က မတရားသောနည်းဖြင့် ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းယူခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်မှယနေ့အချိန်အထိ အမြို့မြို့အနယ်နယ်တွင် သန်းနှင့်ချီသော ပြည်သူလူထုက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ စစ်အာဏာရှင်အလိုမရှိကြောင်း နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်လျက်ရှိရာ စစ်ကောင်စီ၏ လက်နက်ကိုင်များက ကျည်အစစ်များအသုံးပြုကာ ပြင်းပြင်းထန်ထန် အကြမ်းဖက်ဖြိုခွင်းလျက်ရှိသည်။
စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ၏ ဆက်လက်အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ယနေ့ (မတ် ၁၁) ညနေပိုင်း ၅ နာရီအချိန်ထိ ဆက်သွယ်မေးမြန်းချက်များအရ မြိုင်၊ မြင်းခြံ၊ မန္တလေး၊ ပဲခူးနှင့် မြောက်ဒဂုံတို့တွင် လူ ၁၁ ဦး အထိသေဆုံးခဲ့ပြီး မကွေးတိုင်း အနောက်မြောက်ပိုင်းမြိုင်မြို့တွင် အဆိုးရွားဆုံးဖြစ်ကာ ၇ ဦးအထိ သေဆုံးခဲ့ရသည်။
မြိုင်

မြိုင်မြို့လယ်တွင် ယနေ့ နံနက်ပိုင်းက ဆန္ဒပြရန် လူစုရုံးနေစဉ် ၃ ယောက်စတင်အဖမ်းခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် အချင်းများရာမှ ပစ်ခတ်မှု စတင်ဖြစ်ပွားကာ ၇ ဦးသေဆုံးပြီး အနည်းဆုံး ၁၀ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“မနက်က သုံးယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အချိန် ပထမတစ်ကြိမ် မျက်ရည်ယို ဗုံးတွေ လက်နက်တွေနဲ့ပစ်တယ်။ ပစ်တော့ သုံးယောက်ကျတယ်။ နောက်တစ်နာရီလောက် ကြာတော့ ဒုတိယအကြိမ် ထပ်ပစ်တယ်။ ထပ်ကျတယ်။ အားလုံးပေါင်း ၇ ယောက်ကျ တယ်” ဟု မြိုင်မြို့ခံတစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။
မြိုင်မြို့တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသူအားလုံးမှာ အမျိုးသားများဖြစ်ပြီး မြို့ပေါ်နှစ်ဦးနှင့် ကျန်သူများမှာ ရွာများမှဖြစ်ကြောင်း အသက်အားဖြင့် ၃၀ အထက် သုံးဦးနှင့် ကျန်သူများမှာ ၃၀ အရွယ်လူငယ်များဖြစ်သည်ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။
“ပထမတစ်ယောက်က ဆီးခုံထိပြီး ဆုံးသွားတဲ့ အတွက် ရေခဲတိုက်ကို တန်းပို့လိုက်တယ်။ နောက်တစ်ယောက်ကလည်း ခေါင်းထက်ခြမ်းကွဲပြီး ဦးနှောက်တောင် ပါမလာတော့ဘူး။ ဒါကြောင့် ရေခဲတိုက်ပဲ တန်းပို့လိုက်တယ်” ဟု ဆေးရုံရောက်ရှိနေသူ အထက်ပါမြို့ခံက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။
မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို ဖေဖော်ဝါရီလဆန်းကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။
“ပစ်တာကတော့ ရဲတွေပါပဲ။ အရင်နေ့ ရဲက လာညှိတယ်။ ဒီနေ့မထွက်ဖို့ပေါ့။ ပစ်မိန့်ကျထားတယ် ပြောတယ်။ ပစ်ခတ်ဖြိုခွင်းတာကတော့ မြိုင်မှာ ပထမဆုံးပါပဲ။ အရင်နေ့တွေက မရှိပါဘူး။ ဖမ်းတာ ဆီးတာတွေလည်း မရှိပါဘူး” ဟု အထက်ပါ မြို့ခံက ပြောသည်။
ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူ ၇ ဦးအထိ သေဆုံးခဲ့ရသော မြိုင်မြို့သို့ ယနေ့ မွန်းလွဲပိုင်း တွင် ပခုက္ကူဘက်မှ စစ်ကားများရောက်ရှိလာကာ မြို့ခံများကို လိုက်လံဖမ်းဆီးမှုများ ရှိနေသည်ဟု သိရသော်လည်း အသေးစိတ် မသိရသေးပေ။
မန္တလေး
မန္တလေးမြို့တွင်လည်း ယနေ့တွင် မြတောင်သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီလက်နက်ကိုင်များက ၎င်းတို့ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်သော်လည်း ချော်လဲရာမှ သျှာကိုက် မိသဖြင့် သေဆုံးဖြစ်ကြောင်း မည်သူမှန်းမသိရသော အရပ်ဝတ်တစ်ဦးကို သက်သေခံကာ လိမ်လည်မှတ်တမ်း ယူခဲ့သည့် ရုပ်သံဖိုင်တစ်ခုလည်း ထွက်ပေါ်ခဲ့သည်။
“ကျွန်တော်တို့က မြတောင်စစ်ကြောင်းဒိုင်းကာအဖွဲ့ လမ်း ၉၀ ကိုလုံးတကာဘုရားရှေ့အရောက် ဖြိုခွဲတာ သေနတ် ၁၂ ချက်လောက်ပစ်တယ်၊ မျက်ရည်ယိုဗုံးရောပစ်တယ်။ ကျွန်တော်ရှေ့တင်တစ်ယောက်က ကျတာ အလောင်းသူတို့ဘက်က ကောက်သွားတယ်။ ကျွန်တော်လည်းပစ်ခံရတော့ မကယ်လိုက်နိုင်ဘူး”ဟု မျက်မြင် တွေ့ရှိခဲ့ရသူ ကိုထက်တေဇာအောင်က ပြောသည်။ ၎င်းကိုယ်တိုင်လည်း သေနတ်ကျည်ဆန်ထိမှန်သဖြင့် ခြေထောက်ဒဏ်ရာရရှိခဲ့သည်။

မြင်းခြံ
မြင်းခြံမြို့တွင်လည်း မတ်လ ၁၀ ရက် ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း မျက်လုံးကို ကျည်ဆန်ထိမှန်ခဲ့သူ အသက် ၂၂ နှစ်အရွယ် အမျိုးသားမှာ ယနေ့နေ့လယ်ပိုင်းတွင် သေဆုံးခဲ့ကြောင်း BBC Burmese သတင်းဌာနက ရေးသား ထားသည်။
မြောက်ဒဂုံ

ရန်ကုန်မြောက်ဒဂုံမြို့နယ်တွင်လည်း ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ရာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းကိုကျည်ထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့ရသည်။
သေဆုံးသွားသူမှာ ၄၉ ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ကိုချစ်မင်းသူဖြစ်ပြီး အိမ်ထောင်ရှိအမျိုးသား တစ်ဦးဖြစ်ကာ ဇနီးဖြစ်သူနှင့် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးကျန်ရှိခဲ့ကြောင်း မြောက်ဒဂုံအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မနက် ၁၀ နာရီလောက်က သွားတယ်ပေါ့။ သူဒိုင်းကာတွေ ဘာတွေယူပြီးတော့ သပိတ်စစ်ကြောင်းကို သွားတယ်။ ၁၀ နာရီခွဲလောက်မှာ ဒိုင်းကာကိုပေါက်ပြီးတော့ နားထင်ကနေပြီး မျက်လုံးကိုထိတယ်လို့ ကျွန်တော်သိထားရတယ်” ဟု ၎င်းက ပြောသည်။
သေဆုံးသူ ကိုချစ်မင်းသူ၏ ရုပ်အလောင်းကို နေအိမ်သို့ သယ်ဆောင်ထားပြီးဖြစ်သော်လည်း ဆရာဝန်က သေစာရင်းမထုတ်ပေးသေးကြောင်းလည်း အထက်ပါ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုသည်။
ပဲခူး
ပဲခူးမြို့တွင်တွင်လည်း ယနေ့ ဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခံရသဖြင့် တစ်ဦးသေဆုံးကာ အခြားသူ တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ မျက်ရည်ယိုဗုံးနှင့် ရာဘာကျည်ဆန်ထိပြီး ဒဏ်ရာရရှိသူများ လည်းရှိနေကြောင်း ပဲခူးမြို့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုမျိုးကိုက Myanmar Now ကို ပြောသည်။
“တစ်ယောက်သေတယ်။ တစ်ယောက်က အရိုးပေါ်တဲ့အထိကို ပွင့်သွားတယ်။ ခေါင်းထိပြီးတော့ သေဆုံးသွားတယ်။ သေဆုံးတဲ့သူက ဘယ်သူလဲဆိုတာ စုံစမ်းတုန်းပဲ။ အခုသိရတာက စကားမပြောတတ်တဲ့သူဖြစ်တယ်။ လူလတ်ပိုင်းလို့ သိရတယ်။ ခေါင်းကို ကျည်မှန်ပြီးမှ ဦးခေါင်းခွံပွင့်ပြီး ကြေသွားတာပေါ့။ ဦးခေါင်းခွံကြေပြီးတော့မှ လမ်းမပေါ်မှာ ကျန်ခဲ့တဲ့ သူ့ရဲ့ လျှာထိုးဦးထုပ်ထဲမှာ ဦးခေါင်းခွံအပိုင်းအစစေတွကျန်ခဲ့တယ်ပေါ့” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီလက်နက်ကိုင်များက စစ်ကားအစီး ၂၀ ခန့်ဖြင့် အင်အားအလုံးအရင်းသုံးကာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ဘူတာကုန်း ပလက်ဖောင်းပေါ်တွင် အပစ်ခံရခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာကြောင့် ဘူတာခုံးတံတားပေါ်ကျခဲ့ကြောင်း ကိုမျိုးကိုက ဆိုသည်။
“အင်အားအပြည့်နဲ့ ပတ်လည်ကနေပြီး ခါလည်းကရော ပိတ်ပြီးတော့ ဖြိုခွင်းတယ်ပေါ့။ ဖြိုခွင်းတဲ့အခါမှာ မျက်ရည်ယိုဗုံးသုံးတယ်။ ကျည်အစစ်သုံးတယ်။ အိမ်တွေထဲကို ဝင်ပုန်းတဲ့ကျောင်းသားပြည်သူတွေကို ဝင်ပြီးတော့မှ အိမ်ထောင်စုဇယားနဲ့ တိုက်စစ်ပြီးတော့မှ အကုန်လုံးကို ရိုက်ပြီးတော့မှ ဖမ်းသွားကြတယ်” ဟုလည်း ယနေ့ ပဲခူးသပိတ်စစ်ကြောင်း ဖြိုခွင်းခံရသည့်အခြေအနေကို ပြောပြသည်။