ရွေးကောက်ပွဲ

အာဏာရဲ့ ရိုက်ခတ်မှုက တကယ့်ကို ကြီးမားလွန်းလှတယ်

ကျနော့်အဖေက ကျနော့်ကို မှတ်သားစရာတစ်ခု ပြောခဲ့ဖူးပါတယ်။ “တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးလောဘ၊ နိုင်ငံရေးဒေါသ၊ နိုင်ငံရေးမောဟ၊ နိုင်ငံရေးအာဃာတတွေနဲ့ လုပ်ကိုင်ပြောဆိုလာကြပြီဆိုရင် အဲ့ဒီနိုင်ငံအတွက် အန္တရာယ်ကျရောက်ဖို့ စိုးရိမ်ပူပန်ရတဲ့အချိန်ကို ရောက်နေပြီဖြစ်လို့ အမြဲသတိထားဖို့လိုတယ်” လို့ သွန်သင်ခဲ့ဖူးပါတယ်။

အဲ့ဒီတုန်းကတော့ မဆလခေတ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကိုယ့်နိုင်ငံအကြောင်းတင်မကတော့ဘဲ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအကြောင်းတွေ စာတွေဖတ်၊ သတင်းတွေဖတ်၊ နိုင်ငံရေးဖြစ်ရပ်တွေကို သိလာရတဲ့အချိန်မှာ အဖေပေးခဲ့တဲ့ မှတ်ချက်ကို အမြဲသတိရနေမိတယ်။ ကျနော့်အဖေလို ဘုန်းကြီးကျောင်းထွက်တစ်ယောက်ရဲ့ ဘဝကနေရရှိလာတဲ့ အသိအမြင်တွေဟာ တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်မှန်း သိလိုက်ရတယ်။ နိုင်ငံအတော်များများရဲ့ ကံကြမ္မာဟာ ပြောခဲ့တဲ့အတိုင်း ဖြစ်ပျက်ခဲ့ကြတာကို တွေ့လာရလို့ပါ။

စကားဝိုင်းတစ်ခုမှာ လူတွေဟာ ကုလားထိုင်ပြောင်းရင် စိတ်ပါပြောင်းတတ်ကြတယ်လို့ ကျနော်ပြောလိုက်တော့ ကိုမင်းဇင်က “ဟုတ်တယ်။ အာဏာဆိုတာကလဲ အဲ့ဒီအာဏာရတဲ့လူရဲ့ အကြောင်းကို ‘ဖော်ကောင်’ လုပ်တတ်တဲ့သဘောရှိတယ်“ ဆိုပြီး ပြောပါတယ်။ အာဏာရဲ့ဒဏ်ကို မခံနိုင်တဲ့သဘောပေါ့။ အာဏာရတဲ့အခါမှာ နကိုယ်က တိမ်မြုပ်နေတဲ့ ကိုယ့်ရဲ့ အတွင်းသဘောတွေက အများပြည်သူရှေ့မှာ ထွက်ပေါ်လာတတ်တာကို သူက “အာဏာက ဖော်ကောင်လုပ်တယ်“ လို့ တင်စားလိုက်တာ ဖြစ်ပါတယ်။ 

သူပြောတာက အဟုတ်ပဲဗျ။ ကျနော့်ကို လူကြီးလုပ်ဖို့ဆိုပြီးဖိတ်လို့ နေပြည်တော်ကိုသွားတော့ မိတ်ဆွေတချို့က ကားတံခါးဖွင့်ပေး၊ ပိတ်ပေးလုပ်ကြတယ်။ ကျနော်အိမ်ပြန်ရောက်တော့ သူတို့တွေက ခင်ဗျား ဘာတွေတိုးတက်ခဲ့သလဲလို့ ဝိုင်းမေးကြတယ်။ ကျနော်က တိုးတက်လာဖို့ နေနေသာသာ တတ်ထားတာ တစ်ခုတောင်မှ မေ့သွားတယ်ဗျာလို့ ပြောလိုက်တော့ ဘာများမေ့သွားတာလဲ ဝိုင်းမေးကြပြန်တယ်။ ကျနော်က “ကားတံခါးကို ဝိုင်းဖွင့်ဝိုင်းပိတ်ပေးကြလို့ အခုတော့ ကျနော်ဟာ ကိုယ့်ဘာသာ ကားတံခါးဖွင့်ဖို့ပိတ်ဖို့  ဘယ်လိုလုပ်ရမလဲဆိုတာကို မေ့သွားပြီး မဖွင့်တတ်၊ မပိတ်တတ်တော့ဘူးဗျ“ လို့ နောက်နောက်ပြောင်ပြောင်ပြောလိုက်တော့ ရယ်မောစရာတစ်ခု ဖြစ်ခဲ့တယ်။ ကျနော်ပြောတဲ့ ဥပမာက အသေးလေးပါ။ အာဏာရလူကြီးတစ်ယောက်သာ ဖြစ်ခဲ့ရင် ဒီ့ထက်မက ကြီးမားတဲ့မြှောက်ပင့်ပေးမှုတွေကို ကြုံရမှာက အသေအချာပါ။

အာဏာရဲ့ ရိုက်ခတ်မှုက တကယ့်ကို ကြီးမားလွန်းလှတယ်ဆိုတာ ကျနော်ယုံကြည်နေမိပါတယ်။ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကို ရန်ကုန်ကျိုက္ကဆံကွင်းမှာ ကျင်းပတော့ ကျနော်တက်ရောက်ရပါတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ထားကြတဲ့ အဖွဲ့အစည်းတွေလဲ အများကြီးလာတက်ကြပါတယ်။ ဦးကျောက်ညီလိုင်းတို့၊ ဦးစိုင်းလင်းတို့၊ ဦးဆေထင်တို့လို ဝါရင့်ကြီးတွေနဲ့ တွေ့ခဲ့ရတယ်။ သူတို့ထဲက တစ်ယောက်ပြောပြတဲ့ မှတ်သားဖွယ် အဖြစ်အပျက်လေးတစ်ခုကို ပြန်လည်ဖောက်သည်ချချင်ပါတယ်။

ကျေးရွာတစ်ရွာမှာ လူငယ်လေးတစ်ယောက်ဟာ ထူးချွန်ပြီး ဆယ်တန်းအောင်ခဲ့တယ်။ သူဟာ ယဉ်ကျေးသိမ်မွေ့တယ်။ ဆက်ဆံရေးလဲ ကောင်းမွန်တယ်။ လူချစ်လူခင်လဲ များတယ်ပေါ့လေ။ အဲ့ဒါနဲ့ သူ့ကို တော်လှန်ရေးအဖွဲ့အစည်းထဲကို ခေါ်ပြီး ကေဒါအဖြစ် တာဝန်ပေးဖို့ လူကြီးတွေက ဆုံးဖြတ်တယ်။ ခေါ်ပြီး သင်တန်းတွေဘာတွေပေး၊ စစ်သင်တန်းတွေလဲ တက်ပေါ့လေ။ အားလုံးပြီးတော့ သူ့ကို ဗိုလ်အဆင့်နဲ့ သူ့ရွာမှာ ပြန်တာဝန်ချထားလိုက်တယ်။ 

အဲ့ဒီလူငယ်လေးဟာ ရာထူးရာခံနဲ့ သေနတ်ခါးကြားထိုးပြီး သူ့ရွာကို ပြန်ရောက်တော့ ဟိုးအရင်တုန်းကရှိခဲ့တဲ့ ယဉ်ကျေးသိမ်မွေ့မှုတွေ၊ ဆက်ဆံရေးကောင်းမွန်မှုတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပါသတဲ့။ ရွာသူရွာသားတွေကို ဟိန်းလိုက်ဟောက်လိုက်၊ အာဏာပြလိုက်နဲ့ အထက်စီးကပဲ ဆက်ဆံပါတော့သတဲ့။ သူတို့ဆိုချင်တာက အာဏာရတာနဲ့ နဂိုကမျိုသိပ်ထားခဲ့တဲ့ အတွင်းစိတ်တွေ ပြန်ပေါ်လာတော့တာပဲတဲ့။ ကိုမင်းဇင်ပြောသလို အာဏာက သူ့အကြောင်းကို ဖော်ကောင်လုပ်လိုက်တာပေါ့လေ။ အခုပေးခဲ့တဲ့ ဥပမာတွေကတော့ သေးသေးလေးတွေပါ။ ဒါပေမဲ့ အဲ့ဒီအချက်တွေကို ချဲ့ထွင်ပြီး အကြီးကြီးတွေအပေါ်မှာ ထည့်စဉ်းစားကြည့်လိုက်ရင်ဖြင့် ကျနော်တို့ နိုင်ငံအတွက် အတော်ကို အသုံးကျလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

မြန်မာပြည်မှာ ကိုဗစ်နိုင်တင်းရဲ့ ဒုတိယလှိုင်းရိုက်ခတ်ခံရတော့ အခုအချိန်အထိ နေ့စဉ် လူတစ်ထောင်ကျော် ပိုးတွေ့နေရပြီး နေ့စဉ် လူသုံးလေးဆယ်လောက် သေဆုံးနေပါတယ်။ ဆေးရုံတွေမှာလဲ လူနာတွေပြည့်သိပ်နေလို့ အစီအစဉ်သစ်တွေကို အရေးပေါ် ရေးဆွဲလုပ်ဆောင်နေကြရပါတယ်။ တကယ်ဆိုရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ဟာ ၄၄ မြို့နယ်စလုံး Stay at Home လုပ်ထားရတာပါ။ (အစိုးရဘက်က lock down ဆိုတဲ့ စကားလုံးကို မကြိုက်လို့  မသုံးကြဘူးဆိုတာကို အတည်မပြုနိုင်တဲ့ သတင်းတွေကလဲ ဆိုနေပါတယ်။) ဒါပေမဲ့လည်း  အောက်တိုဘာလ ၁၆ ရက်နေ့ ကော်မရှင်ဘက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရဆိုရင် ရန်ကုန် ၄၅ မြို့နယ်စလုံး ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုံခြုံမှုကတော့ စျေးသွားတာ၊ ဘတ်စကားစီးတာထက် ပိုပြီးလုံခြုံတယ်လို့  ဆိုထားပါတယ်။

ထူးတာက တိုက်ပွဲဖြစ်ပွားမှုနှုန်း ၉၀ ရှိနေတဲ့ ပလက်ဝမြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပပေးမှာဖြစ်ပေမဲ့ တိုက်ပွဲလုံးဝမဖြစ်ဖူးတဲ့ ပေါက်တောမြို့နယ်ကိုတော့ လုံခြုံရေးအရ ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်တဲ့ ၁၅ မြို့နယ်မှာ ငါးမြို့နယ်ကတော့ အရင်ကတည်းက မကျင်းပခဲ့လို့ မထူးခြားလှပေမဲ့  ယခင်ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ၁၀ မြို့နယ်၊ အသေးစိတ်ပြောရရင် ရခိုင်ပြည်နယ်က ၉ မြို့နယ် နဲ့ ရှမ်းပြည်နယ်ထဲက ၁ မြို့နယ်တို့မှာ လက်ရှိအာဏာရပါတီက ၂ဝ၁၅ တုန်းက “အားလုံးရှုံး” ထားတဲ့နေရာတွေ ဖြစ်နေပြန်ပါတယ်။ တိုက်ပွဲပေါင်းများစွာကြားကနေ ရွေးကောက်ပွဲကျင်းပမယ့် ပလက်ဝမြို့နယ်ကို ကြည့်လိုက်ပြန်တော့ လက်ရှိအာဏာရပါတီက အနိုင်ရခဲ့တဲ့မြို့နယ် ဖြစ်နေပြန်ပါတယ်။

ရန်ကုန် ၄၅ မြို့နယ်မှာ ၄၄ မြို့နယ်က လက်ရှိအာဏာရပါတီက ၂ဝ၁၅ တုန်းက အနိုင်ရခဲ့တဲ့ အပိုင်နယ်မြေတွေ ဖြစ်ပါတယ်။ အခုတော့ ကိုဗစ်နိုင်တင်းကပ်ရောဂါကို အကြိတ်အနယ်တွန်းလှန်နေရတဲ့အချိန်မှာပဲ အဲ့ဒီ ၄၅ မြို့နယ်စလုံးမှာ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဟုတ်တာ၊ မဟုတ်တာ အပထားပြီး ပြောရရင် စာရင်းဇယားတွေအရ ကြည့်လိုက်တဲ့အခါ အာဏာရပါတီဘက်က အနိုင်ရခဲ့တဲ့ နေရာတွေကိုတော့ တိုက်ပွဲတွေဖြစ်နေပါစေ၊ ရောဂါကူးစက်မှုတွေ ရှိနေပါစေ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ အနေအထားဖြစ်နေပြီး ကပ်ရောဂါဖြစ်ပွားမှုရော၊ တိုက်ပွဲဖြစ်ပွားမှုရော မရှိတဲ့ မြို့နယ်တွေမှာတော့ အာဏာရပါတီဘက်က ရှုံးထားတဲ့အနေအထားမှာ ရွေးကောက်ပွဲမကျင်းပတော့ဘဲ ပယ်ဖျက်လိုက်တာကတော့ ထင်ရှားလွန်းနေတာမို့လို့ ဝေဖန်နေသူတွေကို အပြစ်တင်လို့ မရနိုင်ပါဘူး။ ဒီလောက်ထင်ရှားနေတာကို မဝေဖန်ရင်သာ မဝေဖန်သူတွေကို အပြစ်တင်ရမှာ ဖြစ်ပါတယ်။

ဒါတွေက ရွေးကောက်ပွဲ ကော်မရှင်ဘက်က လွတ်လပ်စွာ ဆုံးဖြတ်တာလို့ဆိုနိုင်ပေမဲ့ ဒါကို ယုံကြည်သူကတော့ အတော့်ကို နည်းပါးပါတယ်။ ဒါဟာ လက်ရှိအာဏာရပါတီကိုလဲ ထိခိုက်မှု ဖြစ်စေပါတယ်။ သိရသလောက်ဆိုရင် ခရိုင်ကော်မရှင်တွေက ရွေးကောက်ပွဲကျင်းပခွင့် မရတော့တဲ့ မြို့နယ်ကော်မရှင်တွေဆီကို ကနဦးက မေးမြန်းမှုတွေ မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲကျင်းပမှုကို ပယ်ဖျက်လိုက်တယ်လို့ ကြေညာလိုက်တော့မှ ဆိုင်ရာမြို့နယ်ကော်မရှင်တွေ သိရပြီး အံ့အားသင့်နေခဲ့ကြတာပါ။ မကျင်းပတော့ဘူးလို့ ထုတ်ပြန်ပြီးခါမှ ကျင်းပသင့်၊ မသင့်  မေးမြန်းမှုတွေကို နောက်ပိုင်းမှ ပြန်မေးနေတယ် လို့သိရပါတယ်။ ဝိုင်းအော်လိုက်ကြလို့ ထင်ပါရဲ့ ။ 

ဘယ်လိုနားလည် သဘောပေါက်ရမလဲတောင် မသိနိုင်တော့ပါဘူးဗျာ။ ခက်တာက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးရဲ့ သဘောထားမှတ်ချက်ကိုလဲ ပါဝင်သုံးသပ်ပြီးမှ ကြေညာခဲ့တယ်လို့  ( ၂ဝ−၁ဝ−၂ဝ၂ဝ) နေ့ မှာ လုပ်တဲ့ ကော်မရှင်ရဲ့ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြန်ပါတယ်။ ပိုပြီးအထင်လွဲစရာ ဖြစ်ကုန်တာပေါ့။ နောက်ပြီး “အခု ပယ်ဖျက်မှုတွေဟာ လုံခြုံရေးအဖွဲ့အစည်းများရဲ့ အကြံပြုချက်အတိုင်း မဟုတ်သလို ထိုသို့ ကြေညာတဲ့ ပမာဏအထိလည်း မရှိဘူး” ဆိုပြီး တပ်မတော်ဘက်ကလဲ ထုတ်ဖော်ပြောလိုက်တဲ့အတွက် ပိုပြီး သံသယတွေ ဖြစ်စေခဲ့ပါတယ်။

ဆိုခဲ့သလို လူတွေ အထင်အမြင်လွဲစေတဲ့ လုပ်ဆောင်ချက်တွေကို ကော်မရှင်အနေနဲ့ရော၊ အစိုးရဘက်ကပါ ပြန်လည်သုံးသပ်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ တကယ်ဆိုရင် နိုင်ထားခဲ့တဲ့ ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကို မကျင်းပလဲ ထိခိုက်မှုက သိပ်မရှိလှပါဘူး။ ရခိုင်ပါတီတွေ နိုင်ခြေများတဲ့ ပေါက်တောမြို့နယ်လိုမျိုးကို ရွေးကောက်ပွဲကျင်းပပေးပြီး ရခိုင်ပါတီထဲက တစ်စုံတစ်ယောက်နိုင်လာခဲ့လဲ အစိုးရဖွဲ့စည်းရေးကို အနှောင့်အယှက်ကြီးကြီးမားမား မဖြစ်နိုင်ပါဘူး။ စေ့စပ်ဆွေးနွေးရေးတွေမှာ ရခိုင်ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦး တိုးလာတဲ့အတွက် ပိုလို့တောင်မှ တန်ဖိုးရှိမယ်လို့  မြင်မိပါတယ်။

အခုအချိန် ဆောင်ရွက်ချက်မှန်သမျှဟာ နောင်လာမယ့်အစိုးရအပေါ် သက်ရောက်မှုတွေ အများကြီးရှိနိုင်ပါတယ်။ အနောက်ဘက်ခြမ်းက တောက်လောင်နေတဲ့ မီးတောက်ကြီးကို အခုထက် ပိုပြီးကြီးထွားမလာရလေအောင် ထိန်းသိမ်းထားရမယ့်တာဝန်က လက်ရှိလူတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ကျနော်တို့ဟာ ဘယ်သူက အုပ်ချုပ်သူဖြစ်လာပါစေ ကိုယ်နေထိုင်တဲ့နိုင်ငံ (ကိုယ်ချစ်တဲ့နိုင်ငံ) နဲ့ ပတ်သက်လာရင် အနာဂတ်မှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့ကိစ္စတွေကို မလုပ်မိဖို့ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ငါတို့ခံရမှာမှ မဟုတ်ဘဲ၊ နောက်လူတွေဘဲ ခံကြရမှာဆိုတဲ့ စိတ်ဓာတ်မျိုးဟာ လုံးဝမထားသင့်တဲ့ စိတ်ဓာတ်မျိုးပါ။

နိုင်ငံတော်တာဝန်တွေကို ရယူဆောင်ရွက်တဲ့အခါမှာ ပြည်သူပြည်သားအားလုံးဟာ ကိုယ့်ရဲ့ ရင်ဝယ်သားသမီးတွေလို သဘောထားဖို့လိုပါတယ်။ သူ့လူကိုယ့်လူ၊ သူ့အဖွဲ့ကိုယ့်အဖွဲ့ ခွဲခြားဆက်ဆံလို့ မရပါဘူး။ ကိုယ့်ဘက်ကလူတွေ မထိခိုက်ရင်ပြီးရော ၊ တခြားလူတွေ ထိခိုက်နေတာ သိပ်ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ စိတ်မျိုးဟာ လုံးဝမရှိသင့်ပါဘူး။ ကျနော်တို့ နိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ အဲ့ဒီအချက်တွေက အဓိကအရေးကြီးလှတယ်လို့ မြင်မိပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် အဓိကတော့ တာဝန်ရှိသူတွေဘဲ ဖြစ်ဖြစ်ပေါ့လေ။ ဝေဖန်ရေးကို လက်မခံ၊ ဒါဟာ အစိုးရအားနည်းချက်ကို ထောက်ပြပြီး ပြဿနာဖြစ်အောင် တွန်းပို့တဲ့လူတွေလို့  မြင်နေသမျှကာလပတ်လုံး ကျနော်တို့ရဲ့ခေါင်းတွဲတွေဟာ Derail လမ်းလွဲနေကြအုန်းမှာပါ။ ခေါင်းတွဲဆိုတာ အားလုံးကို တွဲခေါ်သွားတဲ့အရာ ဖြစ်ပါတယ်။ ချောက်ထဲလဲ ကျနိုင်သလို၊ လိုရာခရီးလဲ ရောက်နိုင်တာမို့ ဂရုပြုကြစေလိုပါတယ်။ အပြစ်တင် တိုက်ခိုက်တာမျိုးမဟုတ်တဲ့ ထောက်ပြဝေဖန်မှုမျိုးကိုတော့ အမျက်တော်မဝင်ဘဲ လက်ခံစဉ်းစားစေချင်တယ်လို့ ပြောချင်ပါတယ်။

(စာရေးသူ စိုင်းညွန့်လွင်သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဒုတိယဥက္ကဋ္ဌဖြစ်သည်။ ဤဆောင်းပါးသည် စာရေးသူ၏ ဝေဖန်သုံးသပ်ချက်သာဖြစ်ပြီး Myanmar Now ၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။) 

Show More

Related Articles

Back to top button