အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ရွှေ့မည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ယနေ့အတည်ပြုလိုက်သည်။
ယင်းဆုံးဖြတ်ချက်ကြောင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးရုံးများမှ တိုင်းဒေသကြီးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးများသည် တပ်မတော်က တိုက်ရိုက်ခန့်အပ်သည့် တပ်မတော်သားဝန်ကြီးတစ်ဦးအုပ်ချုပ်သည့် ပြည်ထဲရေးဌာနလက်အောက်မှ အရပ်သားအစိုးရလက်အောက်သို့ ရောက်ရှိလာမည် ဖြစ်သည်။
နိုဝင်ဘာလအတွင်းက တပ်မတော်လေမှ ဗိုလ်မှူးကြီးဟောင်း ဦးမင်းသူအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းမှာ ယင်းအတွက်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အရပ်သားအုပ်ချုပ်မှုအောက်ထားခြင်းမှာ သမ္မတ ဦးဝင်းမြင့် အစောပိုင်းက ကတိပေးခဲ့သည့် အနာဂတ်တွင် ဖက်ဒရယ်စနစ်ခိုင်မာရေး၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးတို့အတွက် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ယင်းဆုံးဖြတ်ချက်သည် တစ်စုံတစ်ယောက်၏ တိုက်တွန်းချက်ကြောင့်မဟုတ်ဘဲ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသည့် နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးကပြောသည်။
အခန်း(၅) ပုဒ်မ ၂၂၇ တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် “ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ယင်းသို့ဖွဲ့စည်းရာတွင် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်”၊ “လိုအပ်သောဝန်ထမ်းများကို ခန့်အပ်နိုင်သည်” ဟု ပါရှိသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ အစိုးရအုပ်ချုပ်ရေးဗျူရိုကရေစီယန္တရားတွင် အဓိကကျသော ဌာနတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ အခြားမည်သည့်အစိုးရဌာနကမှ ထွေအုပ်ကဲ့သို့ တစ်နိုင်ငံလုံးအား လွှမ်းခြုံထားခြင်းမရှိပါ။ ထွေအုပ်သည် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းခြင်း၊ ဆက်သွယ်ခြင်းတို့ကို ပံ့ပိုးဆောင်ရွက်လျက်ရှိပြီး နေပြည်တော်နှင့် တစ်နိုင်ငံလုံးရှိ ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၁၆,၇၀၀ တို့နှင့် ဆက်သွယ်ရာတွင် အုပ်ချုပ်ရေးယန္တရား၏ အဓိကကျသောကျောရိုးဖြစ်ကြောင်း ၂၀၁၆ ခုနှစ်ထုတ် Asia Foundation အဖွဲ့၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ထွေအုပ်၏ တာဝန်များမှာ အခွန်ကောက်ခံခြင်း၊ မြေစီမံခန့်ခွဲခြင်းနှင့် မှတ်ပုံတင်ခြင်း/သက်သေခံလက်မှတ် ထုတ်ပေးခြင်းတို့အပြင် နေပြည်တော်ကောင်စီတွင် လိုအပ်သည့် စီမံခန့်ခွဲမှုများဆောင်ရွက်ပေးခြင်းအထိ ကျယ်ပြန့်များပြားလှကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လက်ရှိ ဖွဲ့စည်းပုံ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
(က) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)
(ခ) တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
(ဂ) နေပြည်တော်ကောင်စီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
(ဃ) ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
(င) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
(စ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(ဆ) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
(ဇ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
(ဈ) မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
(ည) ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံး