
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် အောက်တိုဘာလဆန်းမှစ၍ ဖြစ်ပွားနေသည့် တိုက်ပွဲများသည် တစ်ဖက်လက်နက်ကိုင်အဖွဲ့၏ နယ်မြေကျော်လွန်လှုပ်ရှားမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း တပ်မတော်နှင့် RCSS/SSA တို့က အပြန်အလှန်စွပ်စွဲကြသည်။
အောက်တိုဘာ ၃ ရက်မှစ၍ ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာအုပ်စုအနီး တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၈ ရက်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု နှစ်ဖက်လက်နက်ကိုင်အဖွဲ့က အတည်ပြုသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်တိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) စာချုပ်မတိုင်ခင် နှစ်ဖက်သဘောတူညီချက်အရ RCSS/SSA တပ်များ၏ နယ်မြေသည် ရှမ်းပြည်နယ်တောင်ပိုင်းမှာသာဖြစ်ပြီး NCA စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းကို နယ်မြေကျော်လွန်လှုပ်ရှားလာခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“ဘယ်နေရာတွေသည် သူတို့အတွက် ခွင့်ပြုထားတဲ့ နယ်မြေတွေဖြစ်တယ်၊ ဘယ်နေရာတွေသည် သူတို့အတွက် အသိအမှတ်ပြုထားတဲ့ နယ်မြေတွေဖြစ်တယ်ဆိုတာကို သူတို့ကိုယ်တိုင် သိပြီးသားဖြစ်ပါတယ်ခဗျ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့အပြင် အောက်တိုဘာ ၅ ရက်နေ့က ကျောက်မဲမြို့နယ်နှင့် နောင်အန်းရွာအနီး ပြည်ထောင်စုလမ်းမကြီးအနီး လမ်းလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့များကို RCSS/SSA မှ အရပ်ဝတ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်သားတစ်ဦးဒဏ်ရာရခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
RCSS/SSA အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီးစိုင်းအုမ်ခေးကမူ NCA စာချုပ်တွင် တပ်ရွှေ့ပြောင်းမှုများပြုလုပ်သည့်အခါ ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး တပ်မတော်က ၎င်းတို့တပ်များလှုပ်ရှားရာ တောတွင်းသို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်သည့်အတွက် မလွှဲမရှောင်သာ ပြန်လည်ခုခံရခြင်းဖြစ်ကြောင်း ပြောသည်။
ထို့အပြင် NCA စာချုပ် အခန်း ၃ တွင် နှစ်ဖက်တပ်များလက်ရှိရှိသည့်နေရာမှ ရှေ့ဆက်မတိုးကြရန်သာ ပါရှိပြီး နယ်မြေအတိအကျသတ်မှန်ရန် ဆွေးနွေးခဲ့ခြင်းမရှိသေးကြောင်း ၎င်းက တုံ့ပြန်ပြောကြားသည်။
“RCSS က တောင်ပိုင်း(ရှမ်းပြည်)မှာပဲ နေရမယ်၊ မြောက်ပိုင်းကမဆိုင်ဘူးဆိုတာမျိုး တစ်ချက်မှ မပါဘူး” ဟု ဒုတိယဗိုလ်မှူးကြီးစိုင်းအုမ်ခေးက ပြောသည်။
၂၀၁၂ ခုနှစ်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် အစိုးရနှင့် RCSS/SSA တို့ နှစ်ကြိမ်ဆွေးနွေးခဲ့ပြီး သဘောတူစာချုပ်လက်မှတ်ထိုးရာတွင် RCSS/SSA တပ်များ၏ ထိန်းချုပ်နယ်မြေများကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် သတ်မှတ်ပေးခဲ့သည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ(JMC-U) အတွင်းရေးမှူး ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောသည်။
NCA စာချုပ်တွင် ယခင်သဘောတူထားသည့်အချက်များကို ထပ်လောင်းအတည်ပြုသည်ဆိုသည့်အချက်ပါဝင်ပြီး စာချုပ်တွင်လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအားလုံး NCA ပါအချက်အားလုံးကို လိုက်နာရမည်ဖြစ်သည်ဟု ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောသည်။
၂၀၁၂ ဆွေးနွေးပွဲရလဒ်အရ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းတော့၊ မိုင်းထနှင့် ဟိုမိန်း စသည့် ဒေသများကို RCSS ဗဟိုဌာနချုပ်၏ တပ်ဖွဲ့ဝင်မိသားစုများနေထိုင်ဖို့ လူရာဂဏန်းနှင့် အိမ်ခြေဆယ်ဂဏန်းခန့်ကို နေထိုင်ဖို့ သဘောတူထားတာရှိသည်ဟု ဒုတိယဗိုလ်မှူးကြီးစိုင်းအုမ်ခေးက ပြောသည်။
“အခုကျတော့ သူတို့က အဲဒီအချက်ကို အသုံးချပြီးတော့ RCSS တပ်ဖွဲ့ဝင်အားလုံး အဲဒီမှာသွားနေရမယ်ဆိုပြီးတော့၊ စာချုပ်ထဲမှာ သဘောတူထားတယ်ဆိုပြီးတော့ ပြောနေကြတာ အဲဒါလုံးဝ မတရားဘူးနော်” ဟု ဗိုလ်မှူးကြီးစိုင်းအုပ်ခေးက ပြောသည်။
လတ်တလောတွင် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS/SSA တပ်များအကြား စစ်ရေးဆက်လက်တင်းမာလျက်ရှိသော်လည်း တိုက်ပွဲများရပ်တန့်နေသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့်ရက်များအတွင်း ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ရှည်၊ ပုံဝိုး၊ စိုင်းကွီ၊ နားခေါ်၊ ကောင်းဟူး စသည့် ကျေးရွာအုပ်စု ဆယ်ခုခန့်တွင် တပ်မတော်နှင့် RCSS/SSA တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် အဆိုပါကျေးရွာများမှ လူ ၂၀၀၀ ကျော်သည် ကျောက်မဲမြို့ပေါ်က ယာယီစစ်ရှောင်စခန်း ၇ ခုတွင် ရောက်ရှိခိုလှုံလျက်ရှိသည်။