သတင်း

ရှမ်းလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲပြင်းထန်နေ၊ ဒေသခံတစ်ထောင်ကျော် စစ်ရှောင်နေရ 

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် ဖြစ်ပွားနေသည့် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲများတွင် စစ်တပ်ကပါ ဝင်ရောက်တိုက်ခိုက်နေပြီး ယမန်နေ့ (ဇွန် ၆) အထိ စစ်ရှောင်နေရသူ ဒေသခံ ၁၀၀၀ ကျော်ခန့် ရှိလာသည်။

ဇွန် ၁ မှစ၍ ကျေးသီးမြို့နယ် လွယ်ဟွန်းတောင်ကြောများအနီးတဝိုက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ 

ပြီးခဲ့သည့် မေလကုန်တွင် RCSS/SSA ထိန်းချုပ်ထားသည့် လွယ်ဟွန်းစခန်းကို SSPP က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာတွင် SSPP ဘက်မှနေ၍ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း RCSS/SSA ပြောခွင့်ရအရာရှိသူ ဗိုလ်မှူးခမ်းစံက ပြောသည်။

မိုင်းနောင်မြို့နယ်နှင့် ကျေးသီးမြို့နယ်လမ်းတစ်လျှောက်တွင် မိုင်းယောင်းမြို့နယ်အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၅၇၃ တပ်များ ဝင်ရောက်လှုပ်ရှားလာသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။

အဆိုပါတပ်များသည် တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ဖြစ်ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လာရောက်လှုပ်ရှားသည်မှာ ထူးခြားသည်ဟုလည်း RCSS/SSA မှ ဗိုလ်မှူးခမ်းစံက ပြောသည်။

ထို့အပြင် လဲချားမြို့အခြေစိုက် ခမရ ၅၁၅ မှ စစ်ကားအစီး ၂၀ ခန့်ကလည်း တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ရှိ လမ်းတစ်လျှောက်ကို ရောက်ရှိလာခဲ့ပြီး RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။

“သူတို့(စကစ)ယာဉ်တန်းနဲ့ တိုက်ပွဲဖြစ်တော့ သတင်းရထားတာတော့ သူတို့ (စစ်တပ်) ဘက်က ၁ ယောက် ကျထားတယ်။ ၃ ယောက် ဒဏ်ရာရတယ်လို့ ကြားတယ်၊ နောက်ဆက်တွဲဒဏ်ရာရတဲ့သူတွေလည်း ရှိမယ်လို့ သတင်းရထားတယ်ဗျ” ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် လွယ်ဟွန်းတောင်ကြောမှာ SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းနှင့် မိုင် ၂၀ ခန့်သာ ဝေးသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျေးသီးမြို့နယ်နှင့် ၉ မိုင်ခန့်ဝေးသည့် မိုင်းတောင်ကျေးရွာအုပ်စုအတွင်းမှ ဒေသခံ ၁၀၀၀ ကျော်သည် ကျေးသီးမြို့ပေါ်ရှိ ယာယီစစ်ဘေးရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။

စစ်ရှောင်အရေးကူညီပေးနေသူများ၏ စာရင်းအရ ကျေးသီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းတွင် စစ်ရှောင် ၁၀၀၀ ကျော် သောင်တင်နေပြီး အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေသည်ဟု ဆိုသည်။

ကျေးသီးမြို့ပေါ်ရှိ ဆွန်မွန်ဘုန်းတော်ကြီးကျောင်းတွင် စစ်ရှောင် ၁၆၀ ဦး၊ နောင်ဆွန်ဘုန်းတော်ကြီးကျောင်းတွင် ၃၂၀ ဦး၊ ဟုတ်ခမ်းကျေးသီးမြို့ဦးကျောင်းတွင် ၃၀၂ ဦး၊ ဟော်ခမ်းကျေးသီးမြို့လယ်ကျောင်းတွင် ၁၆၂ ဦးနှင့် ကမ္မ‌ဋ္ဌာန်းကျောင်းတွင် ၁၀၀ ဦး တို့ရောက်ရှိနေသည်ဟု သိရသည်။

ဇွန် ၄ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရွာအနီးအနားတွင် လက်နက်ကြီးအသံများ အဆက်မပြတ် နီးနီးကပ်ကပ်ကြားလာရခြင်းကြောင့် တိမ်းရှောင်လာခြင်းဖြစ်သည်ဟု မိုင်းတောင်ကျေးရွာအုပ်စုမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယာယီစစ်ရှောင်စခန်းများတွင် အစားအသောက်အခက်အခဲရှိနေသည့်အတွက် နေအိမ်ပြန်ချင်သော်လည်း တိုက်ပွဲဖြစ်ပွားသံများ ကြားနေရဆဲဖြစ်သည့်အတွက် အိမ်မပြန်နိုင်သေးကြောင်း ၎င်းက ဆိုသည်။ 

“ကျွန်တော်တို့က ရှမ်းဆိုတော့ ရှမ်းအချင်းချင်းတိုက်ပွဲဖြစ်နေတယ်ဆိုတာ သိပ်လည်းမကောင်းပါဘူးဗျာ။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုလည်း ရှိစေချင်တယ်။ ရွာသူ၊ ရွာသားတွေလည်း မထိခိုက်စေချင်ဘူး” ၎င်းက ပြောသည်။

လတ်တလောတွင် ကျေးသီးမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများရှိနေဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု RCSS/SSA ပြောခွင့်ရအရာရှိသူ ဗိုလ်မှူးခမ်းစံက ဆိုသည်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီ အာဏာသိမ်းသည့်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် RCSS/SSA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပန်ကွတ်၊ မိုင်းနောင်၊ သီပေါစသည့် မြို့နယ်များတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် မေလကုန်တွင် စတင်ကာ SSPP/SSA တပ်များက RCSS/SSA တပ်များကို ရှမ်းပြည်မြောက်ပိုင်းရှိ သီပေါ၊ နမ္မတူနှင့် ဇွန်လဆန်းတွင် ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်များတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ပွဲများတွင် စစ်တပ်က SSPP ဘက်မှနေ၍ လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု RCSS က ဆိုသည်။ 

၂၀၂၀ ဒီဇင်ဘာအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် RCSS/ SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုစဉ်က စစ်တပ်က RCSS ဘက်မှနေ၍ လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအပေါ် RCSS က ငြင်းဆိုခဲ့သည်။ 

ယခင်က တိုက်ပွဲများတွင် RCSS ဘက်မှ စစ်တပ်က ပစ်ကူခဲ့သော်လည်း စစ်အာဏာသိမ်းမှုအပေါ် RCSS က ရှုတ်ချထားသည်။

RCSS/SSA အဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို သဘောတူလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ တွင် ပါဝင်သည်။ SSPP ကမူ NCA တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။  

Show More

Related Articles

Back to top button