သတင်း

ကမ္ဘာ့အကြီးဆုံးသင်္ဘောလိုင်း Maersk က တပ်ပိုင်ဆိပ်ကမ်းများ အသုံးပြုမှုရပ်ဆိုင်းမည်

ကမ္ဘာ့အကြီးဆုံး ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Maersk သင်္ဘောလိုင်းက မြန်မာနိုင်ငံရှိ စစ်တပ်ပိုင်ဆိပ်ကမ်းများတွင် ဆိုက်ကပ်အသုံးပြုခြင်းကို ရပ်ဆိုင်းတော့မည်ဟု အကြောင်းကြားခဲ့ကြောင်း ယူကေအခြေစိုက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ Burma Campaign (UK) အဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၈) တွင် ကြေညာလိုက်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသည့် မြန်မာစစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများကို Burma Campaign (UK) က မေလတွင် “နာမည်ပျက်စာရင်း” အဖြစ် စုစည်းထုတ်ပြန်ခဲ့ရာ ဒိန်းမတ်အခြေစိုက် Maersk သင်္ဘောလိုင်းလည်း ပါဝင်သည်။ 

Maersk သင်္ဘောလိုင်း၏ ကုန်တင်သင်္ဘောများကို တပ်ပိုင်မဟုတ်သည့် သီလဝါရှိ MITT ဆိပ်ကမ်း၊ အလုံရှိ မြန်မာ့စက်မှုဆိပ်ကမ်း (MIP) တို့တွင်သာ ဆိုက်ကပ်တော့မည်ဟု ကုမ္ပဏီက Burma Campaign (UK) ကို အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။ 

“ယခုလ (အောက်တိုဘာ) မကုန်ခင် လုပ်ငန်းဆောင်တာများ အပြီးသတ်နိုင်ရန် မျှော်လင့်သည်” ဟု ကုမ္ပဏီကဆိုကြောင်း Burma Campaign (UK) အဖွဲ့၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။ 

ထိုကဲ့သို့သော တုံ့ပြန်မှုကြောင့် Maersk သင်္ဘောလိုင်းကို အဖွဲ့၏ နာမည်ပျက်စာရင်းမှ ပယ်ဖျက်မည်ဟုလည်း Burma Campaign (UK) က ဆိုထားသည်။ 

“ကမ္ဘာ့အကြီးဆုံးသင်္ဘောလိုင်းက စစ်တပ်ပိုင်ဆိပ်ကမ်းတွေကို အသုံးမပြုတော့ဖို့ ဆုံးဖြတ်တာဟာ သိပ်ကိုအရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။ ၎င်းရဲ့ ဆောင်ရွက်ချက်က အခြားသင်္ဘောလိုင်းကုမ္ပဏီတွေကိုလည်း အလားတူလုပ်ဆောင်ဖို့ ဖိအားပေးနိုင်ပါလိမ့်မယ်” ဟု Burma Campaign (UK) အဖွဲ့ ဒါရိုက်တာ Mark Farmaner က ဆိုသည်။

အဖွဲ့၏ နာမည်ပျက်စာရင်းတွင် ပါဝင်သည့် ဆိပ်ကမ်းနောက်တစ်ခုမှာ တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမြေပေါ် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ရရှိထားသည့် TMT ဆိပ်ကိမ်းဖြစ်သည်။ 

Burma Campaign (UK) အဖွဲ့၏ နာမည်ပျက်စာရင်း ထွက်ရှိပြီးနောက် ဗြိတိန်အခြေစိုက် ဆိပ်ကမ်းစီမံခန့်ခွဲမှုဝန်ဆောင်မှုကုမ္ပဏီ Portia Management ကလည်း TMT ဆိပ်ကိမ်းနှင့် ပူးပေါင်းဆောင်ရွက်နေမှုကို ရပ်ဆိုင်းမည်ဟု ဩဂုတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

၂၀၁၉ ဩဂုတ်တွင် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့သည် မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းတွဲဖက်မလုပ်ကိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်။ 

နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့် တွဲဖက်လုပ်ကိုင်ခြင်းမှ ရရှိလာသည့် ငွေကြေးအမြတ်အစွန်းများသည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထောက်ပံ့ပေးနေသကဲ့သို့ ဖြစ်စေသည်ဟု ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က ဆိုသည်။ 

ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်း Western Union ကလည်း ၎င်း၏ ဝန်ဆောင်မှုလုပ်ငန်းများအတွက် တပ်ပိုင်မြဝတီဘဏ်ကို အသုံးပြုခြင်း ရပ်ဆိုင်းမည်ဟု ဇန်နဝါရီတွင် ကြေညာခဲ့သည်။ 

“နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ အခြေအနေတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုတဲ့ ဒီလှုပ်ရှားမှုကမ်ပိန်းဟာ အောင်မြင်မှုအရှိန်အဟုန် ရနေသလို ဆက်ပြီးလည်း အားကောင်းလာမှာ ဖြစ်ပါတယ်” ဟု Mark Farmaner က ပြောသည်။ 

“ယူကေ၊ ဥရောပနဲ့ ကမ္ဘာတစ်ဝန်းက အခြားနိုင်ငံတွေဟာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အကြံပေးချက်တွေကို လိုက်နာအကောင်အထည်ဖော်ဖို့၊ တပ်ပိုင်ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ ပျက်ကွက်တာကြောင့် ဒီလှုပ်ရှားမှုကမ်ပိန်းတွေဟာ လိုအပ်တာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံရှိ တပ်ပိုင်ဆိပ်ကမ်းများကို အသုံးပြုနေဆဲ သင်္ဘောလိုင်းများအနက် ဂျာမန်ကုမ္ပဏီများဖြစ်သည့် Carsten Rehder ၊ Harren & Partner ၊ MPC Capital နှင့် ဗြိတိန်-စင်ကာပူကုမ္ပဏီ Norse Group တို့ ပါဝင်သည်။

Show More

Related Articles

Back to top button