သတင်း

မြန်မာ့အရေး ခြေရှုပ်သူစာရင်းတွင် ‘တရုတ်အစိုးရ’ အစား ‘အနောက်နိုင်ငံများ’ ဟု အစားထိုးကာ စစ်ကောင်စီက ဆန္ဒပြခိုင်း

စစ်ကောင်စီက နေပြည်တော်နှင့် နိုင်ငံအနှံ့တွင် ကျင်းပခွင့်ပေးထားသည့် စစ်တပ်ထောက်ခံရေး ဆန္ဒပြပွဲများတွင် တရုတ်အစိုးရအပေါ် ပြစ်တင်ဝေဖန်ခြင်းမပြုရန် ကန့်သတ်လိုက်ပြီး မြန်မာ့အရေးခြေရှုပ်သူစာရင်းတွင် ‘တရုတ်အစိုးရ’ အစား ‘အနောက်နိုင်ငံများ’ ဟု အစားထိုးကာ ဆန္ဒပြစေခဲ့သည်။

အဆိုပါကန့်သတ်ချက်သည် စစ်တပ်က ကျောထောက်နောက်ခံပေးထားသော ‘အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ’ အမည်ခံထားသည့် မဘသလူဟောင်းများ၏ နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်နှင့် ရန်ကုန်တရုတ်သံရုံးရှေ့တို့တွင် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများအပြီး စတင်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်ထောက်ခံသူတို့က နိုဝင်ဘာ ၁၉ ဆန္ဒပြပွဲများတွင် မြောက်ပိုင်းမဟာမိတ်တို့၏ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် နိုင်ငံအနှံ့အပြားတွင် စစ်ကောင်စီတပ်များ အထိနာနေသည့် တိုက်ခိုက်မှုများနောက်ကွယ်တွင် တရုတ်အစိုးရရှိနေကြောင်း ပေါ်ပေါ်တင်တင်ပြစ်တင်ခဲ့ကြသည်။

စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ဆန္ဒပြသူများက နိုဝင်ဘာ ၁၉ ရက်နေ့က တရုတ်သံရုံးရှေ့တွင် ဆန္ဒပြကြစဉ်။

အမည်ပြောင်းမဘသများ၏ စွပ်စွဲမှုကို ဘေဂျင်းမှ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိကိုယ်တိုင် ဖြေရှင်းချက်ထုတ်ခဲ့ရပြီး၊ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများအတွက် တရုတ်အစိုးရ၏ ငြိုငြင်မှုကို ခံနေရသည့် နေပြည်တော်မှစစ်ဗိုလ်ချုပ်များအတွက် တရုတ်အစိုးရနှင့် နောက်ထပ်မျက်နှာပျက်စရာဖြစ်လာခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီက ၎င်းတို့အကာအကွယ်ပေးထားသည့် အမျိုးသားရေးအမည်ခံ စစ်ကောင်စီဘက်ယိမ်းသူများကို နေပြည်တော်နှင့် နိုင်ငံအနှံ့တွင် စစ်တပ်ထောက်ခံရေး ဆန္ဒပြပွဲများ ဆက်လုပ်ပြုလုပ်ခွင့်ပြုထားသော်လည်း ‘တရုတ်’ အစား ‘အနောက်နိုင်ငံများ’ ဟု အစားထိုးကာ ဆန္ဒပြစေခဲ့သည်။

·   ကျူးကျော်စစ်ဟု တံဆိပ်ကပ်ကာ စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေး မီးစမွှေး

·   မင်းအောင်လှိုင် ဖန်တီးခိုင်းသည့် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ

·   အမေရိကန်အပြင် တရုတ်ဆန့်ကျင်ရေးပါ ဖန်တီးလာတဲ့ စစ်ကောင်စီမူဝါဒကို NUG ဘာပြောလဲ

‘တရုတ်’ နေရာ အစားထိုးခဲ့ရသည့် နေပြည်တော်ဆန္ဒပြပွဲများ

မြန်မာ့အမျိုးသားရေးကွန်ရက်ဟု အမည်ပေးထားသည့် လူတစ်ဒါဇင်ခန့်သည် ယမန်နေ့ (ဒီဇင်ဘာ ၄) ညနေပိုင်းက စစ်ကောင်စီရုံးထိုင်ရာ နေပြည်တော် ပျဉ်းမနား-တောင်ညိုလမ်းမထက်တွင် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် မြန်မာ့အရေးတွင် ခြေရှုပ်နေကြသူများမှာ ‘အနောက်နိုင်ငံများ’ ဖြစ်ကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။

ထိုသူတို့သည် ထိုလမ်းမကြီးထက်တွင် လွန်ခဲ့သည့် လဝက်ခန့် နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက အလားတူ ဆန္ဒပြခဲ့ကြသည်။ ထိုစဉ်က မြောက်ပိုင်းမဟာမိတ်တို့၏ နောက်ကွယ်တွင် တရုတ်ရှိနေကြောင်း ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲနှစ်ခုတွင် ကွာခြားသည်က ‘တရုတ်’ နေရာ ‘အနောက်နိုင်ငံများ’ ဟု အစားထိုးခဲ့ခြင်းသာဖြစ်သည်။

ဒီဇင်ဘာ ၄ ရက် နေပြည်တော်မှ ဆန္ဒပြပွဲများနောက်တွင် စစ်ကောင်စီရဲများကို တွေ့နိုင်သည်။

နေပြည်တော်မှ ဆန္ဒပြပွဲနှစ်ခုစလုံးကို စစ်တပ်ကျောထောက်နောက်ခံသတင်းဌာန မြန်မာနေရှင်နယ်ပို့စ်ကို တည်ထောင်သူ နောင်တော်လေးက ဦးဆောင်သည်။

နောင်တော်လေးသည် NLD အစိုးရလက်ထပ်တွင် စစ်တပ်အလိုကျ အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ဆန့်ကျင်ရေးလှုပ်ရှားမှု ဦးဆောင်သူဖြစ်ပြီး ၂၀၁၇ အတွင်းက အမေရိကန်သံရုံးရှေ့ ရိုဟင်ဂျာအလိုမရှိကြောင်း ခွင့်ပြုချက်မဲ့ ဆန္ဒပြသဖြင့် ထောင် ၆ လ ကျခံခဲ့ရသူလည်းဖြစ်သည်။

အမေရိကန်သံရုံး (ရန်ကုန်) ရှေ့ မဘသများ၏ ရိုဟင်ဂျာဆန့်ကျင်ပွဲ ၂၀၁၅ တွင် နောင်တော်လေးကို တွေ့ရစဉ် (ဓာတ်ပုံ – Myanmar Now)

“သမ္မတကြီး ရှီကျင်းဖျင်အနေနဲ့ (၂၀၂၀ မြန်မာခရီးစဉ်အတွင်း နယ်စပ်တည်ငြိမ်ရေး ကတိပေးထားတဲ့အတိုင်း) မင်းမှာ သစ္စာ၊ လူမှာ ကတိ ဆိုသည့်အတိုင်း သစ္စာစောင့်သိပေးဖို့ တောင်းဆိုလိုပါတယ်” “ဦးတရုတ်ကြီးအနေနဲ့ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် မလုပ်ပါနဲ့” ဟု နိုဝင်ဘာ ၁၉ ၊ နေပြည်တော် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် နောင်တော်လေးက သူ၏ မြန်မာနေရှင်နယ်ပို့စ် တယ်လီဂရမ်ချန်နယ်တွင် ရေးသားသည်။

Show More

Related Articles

Back to top button