အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့သည် မြန်မာနိုင်ငံအား ဂုဏ်သိက္ခာကျစေရန် လုပ်ဆောင်နေသည်ဟုဆိုကာ ကန့်ကွက်ရှုတ်ချပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့၌ ယနေ့ (နိုဝင်ဘာ ၂၅) ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအပေါ် လူမျိုးသုဉ်းသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်နှင့် အဖွဲ့ဝင် အစ္စလာမ်နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သည့် OIC ၏ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
“လူမျိုးသုဉ်းသတ်ဖြတ်မှု မဟုတ်ပါဘဲနဲ့ တစ်ဖက်သတ် လုပ်ကြံဖန်တီး တရားစွဲတာကို အားလုံးသိအောင်လို့ စလုပ်ပြလိုက်တယ်။ သူတို့က ကမ္ဘာ့အလယ်မှာ မြန်မာသိက္ခာကျအောင်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာကို ဘုန်းကြီးတို့က လူမျိုးသုဉ်းသတ်ဖြတ်တာမဟုတ်ဘူးလို့ ပြန်လည်ပြီးတော့ ရှင်းလင်းတင်ပြပေးတာ” ဟု ကန့်ကွက်ပွဲဦးဆောင်ကျင်းပသူ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်သည်။
ရှုတ်ချပွဲကို နစ်နာမှုများ ရှင်းလင်းတင်ပြရေးကော်မတီအနေဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အမျိုးသားရေးစိတ်ပါဝင်စားသူများက တက်ရောက်ကြသည်ဟု ၎င်းက ပြောသည်။
ယနေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီခွဲအထိ ကျင်းပခဲ့သော ကန့်ကွက်ရှုတ်ချပွဲတွင် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ၊ ကိုထိန်လင်းနှင့် နောင်တော်လေး (ဘိုကလေး) တို့က ဟောပြောခဲ့ကြပြီး လူဦးရေ ၃၀ ကျော် ပါဝင်ခဲ့သည်။
ဟောပြောမှုအစီအစဉ်အပြီးတွင် ယနေ့ကန့်ကွက်ရှုတ်ချပွဲ၏ သဘောထားကြေညာချက်ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ကန့်ကွက်ပွဲဖြစ်မြောက်ရေးကော်မတီက ဖတ်ကြားခဲ့သည်။
၎င်းအပြင် “ARSA အမည်ခံ ဘင်္ဂလီအကြမ်းဖက်များဘက်မှ ရပ်တည်သော အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများအား – ဆန့်ကျင်ကြ”၊ “လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံရခိုင်တိုင်းရင်းသားများအား သတ်ဖြတ်သွားသော ARSA အကြမ်းဖက်များအား ဖမ်းဆီးအရေးယူပေးရေး – ဒို့အရေး”၊ “အကြမ်းဖက်အားပေးသူမှန်သမျှ – ဆန့်ကျင်ကြ” “မြန်မာနိုင်ငံအား အိုင်စီဂျေတွင် တရားစွဲဆိုသော အိုအိုင်စီအဖွဲ့၏ လုပ်ရပ်အား – ဆန့်ကျင်ကြ” “အကြမ်းဖက်အားပေး အိုအိုင်စီ – အလိုမရှိ” ဟူ၍ အချက် ၅ ချက်ကိုလည်း ကြွေးကြော်ခဲ့သည်။
အကယ်၍ အနယ်နယ်အရပ်ရပ်မှ ပင့်ဖိတ်မှုများရှိပါက ၎င်းတို့အနေဖြင့် ယခုကဲ့သို့ ရှုတ်ချပွဲများတွင် သွားရောက်ဟောပြောပေးမည်ဟု ဦးပါမောက္ခက မိန့်သည်။
မြန်မာနိုင်ငံ၏အကျိုးစီးပွား ကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ The Hague မြို့သို့ စေလွှတ်မည့် ကိုယ်စားလှယ်အဖွဲ့ကို စနစ်တကျ ပြင်ဆင်စုဖွဲ့၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဦးဆောင်သွားရောက်ရန်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင် ရှေ့နေကြီးများ ငှားရမ်းထားပြီးဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တရားစွဲဆိုထားမှုကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ကြားနာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်တွင် ဂမ်ဘီယာနိုင်ငံက ပထမအကြိမ်ထွက်ဆိုခြင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံက ပထမအကြိမ်ထွက်ဆိုခြင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့က ဒုတိယအကြိမ် ပြန်လည်ထွက်ဆိုခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲများကို မနေ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းများရှိ မြို့ကြီးများတွင်လည်း ကျင်းပသွားရန် စီစဉ်နေသည်။