မန္တလေးတောင်ခြေရှိ ‘ပြည်တိုက်’ အမည်ရှိ စာသင်တိုက်ကြီးအတွင်း လင်းရောင်ခြည်ကျောင်း၌ သီတင်းသုံးလျက်ရှိသည့် အသက် ၅၆ နှစ်အရွယ် ဦးဣန္ဒြောဘာသသည် အင်တာနက်လူမှုကွန်ရက်ပေါ် တက်လာသည့် သတင်းတစ်ပုဒ်ကို စိတ်ဝင်တစား ဖတ်ရှုမိရင်း မျက်လုံးများ ပြူးကျယ်သွားရသည်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံနေသည့် ထိုသတင်းမှာ Myanmar Now က ရေးသားထားသည့် “မြန်မာပြည်၏ လျှို့ဝှက်နက်နဲသော နိုင်ငံရေးပါတီဥက္ကဋ္ဌ” အမည်ရှိ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ခေါ် နှင်းဆီပါတီခေါင်းဆောင် ဦးကျော်မြင့်အကြောင်း သတင်းဆောင်းပါးဖြစ်သည်။
ထိုသတင်းကိုဖတ်ရင်း ခံပြင်းစိတ်နှင့်အတူ သံဝေဂရစရာများလည်း ပေါ်ပေါက်လာသဖြင့် စိတ်သန္တာန်တွင် ညစ်ညူးစိတ်ဖြစ်ပေါ်မိကြောင်း ဝသည်ဟု မဆိုနိုင်သော်လည်း ခပ်ပြည့်ပြည့်မျက်နှာဖြင့် အသားညိုညို အရပ်အနေတော်ရှိသည့် ဦးဣန္ဒြောဘာသက မိန့်သည်။
ဆေးပေါ့လိပ်ကြိုက်သူ အချိန်ပြည့် ကွမ်းတပျစ်ပျစ်ဝါးနေတတ်သူ ဦးဣန္ဒြောဘာသသည် ဆောင်းပါးကို ဖတ်မိနေရင်း အတိတ်ကာလအချိန်တစ်ချိန်ကို သတိရလာသည်။
၁၉၉၈ ခုနှစ်ကဖြစ်သည်။ ထိုစဉ်က ဦးဣန္ဒြောဘာသမှာ မောင်အေးချမ်းအမည်ဖြင့် လက်ရှိ သီတင်းသုံးနေထိုင်ရာ ဘုန်းကြီးကျောင်းနှင့် မနီးမဝေးရှိ မန္တလေးအိုးဘိုထောင်တွင် ကြယ်တစ်ပွင့်ရာထူးဖြင့် ထောင်မှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။
ထိုနှစ်က မန္တလေးအိုးဘိုထောင်သို့ ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ်ကိုးနှစ် ကျခံနေရသူ ကျော်မြင့်အမည်ရှိ အကျဉ်းသားသည် ရန်ကုန်အင်းစိန်ထောင်မှ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
ထိုအချိန်က ထောင်မှူးမောင်အေးချမ်းသည် အိုးဘိုထောင်ရှိ နိုင်ငံရေးသမားများထားရှိသည့် အချုပ်ဆောင်နှင့် ကလေးသူငယ်ထောင်မှ မကျန်းမာသူများတက်ရောက်ရသည့် ထောင်ဆေးရုံတွင် တာဝန်ကျနေချိန်ဖြစ်သည်။ ၎င်းတာဝန်ကျရာ ထောင်ဆေးရုံသို့ ပြစ်ဒဏ်ကျခံနေရသူ ကျော်မြင့်ဆိုသူ ရောက်လာသည်။ ထိုသူသည် ထောင်ကျကျချင်း ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်သည်။
“သူ့မှာ ဘာရောဂါလက္ခဏာမှ ပြင်းပြင်းထန်ထန် မရှိပါဘူး။ ဘယ်လိုကြောင့် လူနာတွေနေတဲ့ ထောင်ဆေးရုံကို ရောက်လာမှန်း မသိရဘူး။ ဆရာဝန်က လက်ခံထားတာဆိုတော့ ဘာမှ စောဒကမတက်ခဲ့ပါဘူး”ဟု ထောင်မှူးဟောင်း ဦးအေးချမ်းတစ်ဖြစ်လဲ ဦးဣန္ဒြောဘာသက မိန့်သည်။
ကျန်းမာရေးကောင်းပါလျက်နှင့် ငွေကြေးချမ်းသာသော အကျဉ်းသားများသည် ထောင်အာဏာပိုင်များကို ငွေပေးပြီး မြန်မာနိုင်ငံ၏ ထောင်ဆေးရုံများတွင် လူနာအဖြစ် နေကြသည်မှာ အစဉ်အလာတစ်ရပ်ဖြစ်သည်။ ထောင်အလုပ်မလုပ်ရ၊ ဆေးရုံမှ ကျွေးမွေးသော အစားစာကို စားသောက်ခွင့်နှင့် သာမန်အကျဉ်းသားများထက် ပို၍လွတ်လပ်စွာ နေခွင့်ရကြသည်။
ဦးဣန္ဒြောဘာသ၏ ပြောပြချက်အရ ဦးကျော်မြင့်၏ ပုံပန်းမှာ အေးအေးဆေးဆေးရှိလှသည်။ မည်သူနှင့်မျှ စကားမပြောဘဲ တစ်ဦးတည်းနေကာ တစ်ခုခုကို တွေးတောကြံစည်နေဟန်ရှိသည်။ အမြဲလမ်းလျှောက်နေတတ်သည်။ ထောင်ဆေးရုံ ရောက်လာသော်လည်း တစ်စုံတစ်ရာ ရောဂါလက္ခဏာမရှိပေ။
သို့သော် ဦးကျော်မြင့် ရောဂါလက္ခဏာပြလာသည့် အချိန်တစ်ချိန်တော့ ရှိလာခဲ့သည်။
ထောင်မကျမီက ဦးကျော်မြင့် ဦးစီးလုပ်ကိုင်ခဲ့သည့် မြန်မာကျုံယွမ်ကုမ္ပဏီနှင့် ပတ်သက်၍ အာဏာပိုင်များက လာရောက်စစ်ဆေးခဲ့သည့် အချိန်ဖြစ်သည်။ “သူ့ကို စစ်ဆေးတယ်။ သူက မူးတယ် မူးတယ်ဆိုပြီး လဲကျသွားတယ်။ ဒါနဲ့ ဆက်မစစ်နိုင်ကြတော့ဘူး” ဟု ဦးဣန္ဒြောဘာသက ဆိုသည်။
ရင်းနှီးသော ထောင်တန်းစီးတစ်ဦး၏ ပြောပြချက်အရ ဦကျော်မြင့်သည် လက်နက်ကိုင် ‘ဝ’ တပ်ဖွဲ့မှ ရာထူးခပ်ကြီးကြီးဖြစ်သူဟု ဦးဣန္ဒြောဘာသ ထိုစဉ်က သိခဲ့ရသည်။ ကုဋေနှင့်ချီသော ငွေကြေးများအတွက် အစစ်အဆေးခံနေရသည်ဟုလည်း သိခဲ့ရသည်။
(မှတ်ချက်။ ဦးကျော်မြင့်မှာ ‘ဝ’ တပ်ဖွဲ့ခေါင်းဆောင်တစ်ဦး၏ သမီးတစ်ယောက်နှင့် အိမ်ထောင်ကျပြီး ထိုအဖွဲ့၏ စီးပွားရေးတာဝန်ခံအဖြစ် မြန်မာကျုံယွမ်ဆိုသည့် ကုမ္ပဏီကို ထောင်မကျမီတွင် ဦးဆောင်လုပ်ကိုင်နေသူဖြစ်သည်။ )
ထောင်ဆေးရုံသို့ ဦးကျော်မြင့်ရောက်ရှိခဲ့သည့် ငါးလကျော်အတွင်း အမြဲ ထောင်ဝင်စာလာတွေ့သူတစ်ဦးရှိခဲ့သည်။ ဦးကျော်မြင့်၏ ယောက်ဖတော်စပ်သူ ဦးဇော်ဂန်ဆိုသူဖြစ်သည်။
ဦးဇော်ဂန်မှာ ရန်ကုန်တွင် နေထိုင်သူဖြစ်ပြီး ထောင်ဝင်စာလာတွေ့သည့်အခါတိုင်း စားစရာသောက်စရာများ ပါလာတတ်သည်။ တာဝန်ကျ ထောင်ဝန်ထမ်းများကိုလည်း လိုအပ်သည်များ ပေးကမ်းလေ့ရှိသည်။ ထိုသို့ လက်ဆောင်ပဏ္ဏာများ လက်ခံရယူမိခြင်းကပင် ထောင်မှူး မောင်အေးချမ်းတစ်ယောက် ထောင်ဒဏ်နှစ်ကြီးကျခံရသည်အထိ အတိဒုက္ခရောက်လာမည်ကို ထိုစဉ်က သတိမထားမိခဲ့ပေ။
“ဘဝမှာ တစ်သက်နဲ့တစ်ကိုယ် ငွေများများကိုင်ဖူးတာ အဲဒီတစ်ကြိမ်ပဲ။ ကျပ်ငါးသောင်းပေးတယ်။ အဲဒီခေတ်က ငါးသောင်းကလည်း အတော်တန်တာကိုး” ဟု ဦးဣန္ဒြောဘာသက ခပ်ပြုံးပြုံး မိန့်ကြားသည်။
သို့သော် ထိုငွေမှာ ဦးကျော်မြင့်ထောင်ပြေးရာတွင် အကူအညီပေးရန် ရယူခဲ့ခြင်း မဟုတ်ပေ။ ထောင်ဒဏ်ကျခံနေရသူ ထောင်သား ဦးကျော်မြင့်ကို စောင့်ရှောက်ပေးရန် ဦးကျော်မြင့်၏ ယောက်ဖဖြစ်သူက ပေးခဲ့သဖြင့် လက်ခံရယူခြင်းသာ ဖြစ်ကြောင်းဆိုသည်။
ကံကြမ္မာက ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည်။ ထောင်သားများကို ထိန်းသိမ်းရသည့် ထောင်မှူး မောင်အေးချမ်းတစ်ယောက် မိမိကိုယ်တိုင် အထိန်းသိမ်းခံရမည့်နေ့ကို ရောက်ရှိလာသည်။ ထိုနေ့က အစ္စလာမ်ဘာသာဝင်များ၏ အစ်နေ့ဖြစ်သည်။ တာဝန်ကျ ထောင်တာဝန်မှူး ခွင့်ယူသည့်အတွက် မောင်အေးချမ်းက ကိုယ်စားတာဝန်ယူပေးခဲ့ရသည်။
ထိုနေ့က ထောင်ဆရာဝန် ဒေါက်တာမြင့်အောင်၏ ဆေးမှတ်ချက်တစ်ခုအရ ဦးကျော်မြင့်ကို ထောင်ပြင်ပဆေးရုံသို့ ထုတ်ခဲ့ရသည်။ ရဲတပ်သားသုံးဦး အစောင့်အရှောက်လိုက်ပါလျက် ဦးကျော်မြင့်ကို မန္တလေးပြည်သူ့ဆေးရုံကြီး ဖျားနာကုသဆောင်(၃) သို့ နံနက် ၇ နာရီအရောက် ထုတ်ပေးခဲ့ရသည်။
ထောင်ဆရာဝန်၏ ဆေးမှတ်ချက်အရ ထုတ်ပေးလိုက်ရခြင်းဖြစ်ပြီး ထောင်မှူးဦးအေးချမ်းအနေဖြင့် စောဒကတက်ခွင့် မရှိခဲ့ပေ။
ထိုနေ့က ထောင်သို့ ပြန်လည်ရောက်ရှိရမည့်အချိန်တွင် ဦးကျော်မြင့် ပြန်မရောက်လာသည့်အတွက် ဆေးရုံကို လိုက်သွားသည်။ တာဝန်ကျရဲတပ်သားက ဓာတ်မှန်ရိုက်နေသည်ဟု သတင်းပေးသည့်အတွက် အချိန်မှတ်ကာ ပြန်လာခဲ့သည်။ သို့သော် ညနေအထိတိုင် ဦးကျော်မြင့် ပြန်မရောက်လာသောအခါ ထောင်တစ်ခုလုံး ပွက်လောရိုက်ကုန်ကြသည်။
ဦးကျော်မြင့်တစ်ယောက် ထောင်ပြေးပြီဟု သိရပြီး ထောင်မှူးအေးချမ်းတစ်ယောက် အထက်သို့ အစီရင်ခံစာများ တင်ရတော့သည်။ နောက်နေ့နံနက် ဂျူတီဝင်ချိန်တွင် ထောင်ပိုင်က ခေါ်သောကြောင့် အပြေးအလွှားသွားခဲ့ရသည်။
ရဲတပ်သားသုံးဦးနှင့် ထောင်မှူးအေးချမ်းကို ထောက်လှမ်းရေးက စစ်ကြောရေးဖြင့် လူခွဲစစ်ဆေးသည်။ သူ့အား စစ်ဆေးနေချိန်တွင် အခြားစစ်ဆေးခံရသူများ၏ နာကျင်စွာအော်ဟစ်သံများကိုလည်း ကြားခဲ့ရသည်။
ထောင်အတွင်း လအတန်ကြာ ထိန်းသိမ်းပြီးနောက် ‘ရာဇဝတ်သားလွတ်မြောက်စေရန် အားပေးကူညီမှု’၊ ‘လာဘ်ပေးလာဘ်ယူမှု’ တို့ဖြင့် ထောင်မှူးဦးအေးချမ်းကို ထောင်ဒဏ်ကိုးနှစ် ချမှတ်လိုက်သည်။ ဦးကျော်မြင့်ကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရာတွင် လုံခြုံရေးလိုက်ပါပေးခဲ့သူ ရဲတပ်သားသုံးဦးသည်လည်း ထောင်ဒဏ်ကိုးနှစ်စီ ချမှတ်ခံခဲ့ရသည်။
ငယ်ရွယ်စဉ်အချိန်တွင် အကျဉ်းဦးစီးဌာနသို့ တပ်သားအဆင့်ဖြင့် အလုပ်ဝင်ခဲ့ပြီး ထောင်မှူးအဆင့်သို့ တက်လှမ်းခဲ့သူ ဦးအေးချမ်းတစ်ယောက် ထောင်ဒဏ်ကျခံနေရစဉ်အတွင်း အလုပ်ကြမ်းမလုပ်ခဲ့ရသော်လည်း အချုပ်ထောင်အဆောင်ဘေးတွင် သီးနှံများစိုက်ပျိုးရင်း နေထိုင်ခဲ့ရသည်။ ထိုသို့နေထိုင်ပြီး တစ်နှစ်ခွဲကြာသည့်အခါ မိန်းမဖြစ်သူက ထောင်ဝင်စာလာတွေ့ရင်း ကွာရှင်းခွင့်တောင်းသဖြင့် ခွင့်ပြုလိုက်ရသည်။
ခြောက်နှစ်ခန့် ထောင်ဒဏ်ကျခံပြီးနောက် လျှော့ရက်ဖြင့် လွတ်မြောက်ခဲ့သည်။ သို့သော် ထောင်မှူးဟောင်း ဦးအေးချမ်း၏ ဘဝကား တစ်ဆစ်ချိုးပြောင်းလဲခဲ့သည်။
အိမ်ထောင်ကွဲ ထောင်ထွက်တစ်ယောက်အနေဖြင့် မိဘများအိမ် ပြန်လာခဲ့ရသည်။ ထိုအိမ်မှာလည်း မန္တလေးတောင်ခြေအနီးတွင်ပင်ဖြစ်သည်။ ဇနီးဟောင်းဖြစ်သူမှာ နောက်အိမ်ထောင်ဖြင့် သားသမီးများပင် ရရှိနေပြီဖြစ်သည်။ ဦးအေးချမ်း၏ တစ်ဦးတည်းသော သမီးလေးမှာလည်း မိခင်ဖြစ်သူနှင့်အတူ နေထိုင်လျက်ရှိသည်။
ထောင်မှူးဟောင်း ဦးအေးချမ်းတစ်ယောက် ထောင်ထွက်ချိန်တွင် အလုပ်အကိုင်မရှိဘဝသို့ ရောက်ရှိခဲ့သည်။ ထောင်ဝန်ထမ်းအလုပ်မှလွဲ၍ ဘာအလုပ်မှလည်း မလုပ်တတ်ပါချေ။ သို့သော် စားဝတ်နေရေးက ရှိသေးသည်။
နေထိုင်မကောင်းသော မိခင်ကြီးမှာ အသက်အရွယ်လည်း ကြီးရင့်နေပြီဖြစ်သည်။ ညီမဖြစ်သူနှင့် ညီဖြစ်သူအားကိုးဖြင့် မိသားစုရုန်းကန်နေရသည်။ ထို့ကြောင့် ဦးအေးချမ်းတစ်ယောက် ကြုံရာကျပန်း လက်သမား၊ ပန်းရန်အလုပ်များ လုပ်ကိုင်ခဲ့ရသည်။ များမကြာမီ မိခင်ကြီး ဆုံးပါးသွားသည်။
ဦးအေးချမ်း၏ မိခင်ကြီးမှာ သေသည့်တိုင် ထောင်ထွက်ဖြစ်သူ သားကို ယုံကြည်ခြင်းမရှိခဲ့ကြောင်း ဦးဣန္ဒြောဘာသက မိန့်သည်။
“မသေခင် အမြဲမေးခဲ့တယ်။ ဒီလူထွက်ပြေးလို့ရအောင် ကူညီတာ ပိုက်ဆံတွေ သိန်းပေါင်းများစွာ ရခဲ့တယ်လို့ ငါကြားထားတယ်။ အဲဒီငွေတွေ ဘယ်မှာလဲလို့ အမေက အမြဲမေးတယ်” ဟု ဦးဣန္ဒြောဘာသက မချိပြုံးပြုံးရင်း မိန့်ကြားသည်။
မိခင်ကြီးဆုံးပါးပြီးနောက် ဦးအေးချမ်းတစ်ယောက် အလုပ်မျိုးစုံလုပ်ကိုင်ခဲ့သည်။ မိုးမိတ်ဘက်သို့ ဆောက်လုပ်ရေးအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။ ဂိတ်စာရေးအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ညီမဖြစ်သူထံမှ ငွေချေးကာ ဆိုင်ကယ်ဝယ်ပြီး ဆိုင်ကယ်ကယ်ရီမောင်းခဲ့သည်။
အလုပ်မျိုးစုံလုပ်ကိုင်ရင်း ဦးအေးချမ်းတစ်ယောက် အရက်သေစာ သောက်စားတတ်လာသည်။ တစ်နေ့ ထောင်အတွင်းက ခင်မင်ခဲ့သူတစ်ဦးနှင့် ပြန်လည်တွေ့ဆုံဖြစ်သည်။ ထိုသူက ဦးအေးချမ်းထံမှ ဆိုင်ကယ်နှင့် ငွေအချို့ လိမ်လည်ယူဆောင်သွားခဲ့ရာ လက်မဲ့ဘဝသို့ ပြန်လည်ရောက်ရှိခဲ့သည်။
မိဘအမွေဆိုင်အိမ်လေးကို ရောင်းကာ မောင်နှမများ အမွေခွဲယူခဲ့ကြသည်။ ထောင်မှူးဘဝမှ ထောင်ထွက်ဖြစ်ခဲ့သူ ဦးအေးချမ်းတစ်ယောက် အရက်သေစာကို နေ့နေ့ညည သောက်တတ်လာသည်။
တွေ့ကရာနေရာ လမ်းဘေးတွင် အိပ်တတ်လာသည်။
ထိုသို့ ပေပေတေတေနေထိုင်ရင်း အရက်က လူကိုနိုင်ကာ လမ်းမလျှောက်နိုင်သည့် အခြေအနေထိ ကျန်းမာရေးဆိုးရွားခဲ့သည်။ ညီမဖြစ်သူက ပြန်လည်စောင့်ရှောက်ချိန်တွင် အသိတရားရကာ သာသနာ့ဘောင်သို့ ဝင်ရန် ဆုံးဖြတ်ခဲ့သည်။
ယခုဆိုလျှင် ထောင်မှူးဟောင်းတစ်ဖြစ်လဲ ထောင်ထွက် ဦးအေးချမ်းတစ်ယောက် သာသနာ့ဘောင်ဝင်ရောက်ခဲ့သည်မှာ ငါးဝါတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ တရားဓမ္မ၌ ပျော်မွေ့လာသည်။ တစ်ခါတစ်ရံ ငယ်ဘဝကို ပြန်စဉ်းစားမိသည့်အခါ စိတ်မချမ်းမသာဖြစ်ရသည်မှလွဲ၍ ရဟန်းဝတ်ဘဝဖြင့် စိတ်အေးချမ်းလျက်ရှိသည်။
ထိုအတိတ်က အဖြစ်ကို ပြန်တွေးမိတိုင်း ခံပြင်းစိတ်ဖြင့် ဒေါသထွက်မိသည်။ ထောင်မှူးဘဝမှ ထောင်သား၊ ထောင်ထွက်ဘဝမှ အလုပ်မျိုးစုံလုပ်ကိုင်ရင်း အရက်သမားလုံးလုံးဖြစ်သည်အထိ ဘဝပျက်ခဲ့ရသည်။
ဦးဣန္ဒြောဘာသတစ်ဖြစ်လဲ ဦးအေးချမ်းတစ်ယောက် ထိုသို့ဖြစ်စေရန် အကြောင်းဖန်ခဲ့သည့် ထောင်ပြေးစစ်စစ်တစ်ယောက်ဖြစ်သူ ဦးကျော်မြင့်မှာမူ ယနေ့အချိန်တွင် နိုင်ငံရေးပါတီဥက္ကဋ္ဌကြီးအဖြစ် ပြောင်ပြောင်တင်းတင်း လူလုံးသူလုံးပြလျက်ရှိသည်။ သူ့အတွက်တော့ တရားဥပဒေကို လှောင်ပြောင်နေသည့်နှယ်ပင်။
“ဦးဇင်းတို့က လုံခြုံရေးအနေနဲ့ တာဝန်ရှိခဲ့လို့ ပြစ်ဒဏ်ခံခဲ့ရတယ်။ ဒါကိုကျေနပ်ပါတယ်။ ထောင်ပြေးတစ်ယောက်က ခုလို လူထုရှေ့ရောက်နေတာ စိတ်မချမ်းသာစရာပဲ။ ဒီလူသာ နိုင်ငံ့အကြီးအကဲဖြစ်သွားမယ်ဆိုရင် စိတ်မချမ်းသာစရာပါပဲ” ဟု ဦးဣန္ဒြောဘာသက ခပ်လေးလေးမိန့်သည်။