ဆောင်းပါးသတင်း

လွတ်လပ်ခွင့်အတွက်  ကိုယ်လက်စွန့်လွှတ်နေရသည့် ကရင်နီလူငယ်များ

KA ဟု ဘယ်ဘက်လက်မောင်းတွင် ဆေးမှင်ကြောင် ခပ်ကြမ်းကြမ်းထိုးထားသည့် ၁၈ နှစ်အရွယ် ကိုချစ်ကိုသည် Karenni Army ခေါ် ကရင်နီတပ်မှ ပြောက်ကြားတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည်။ကိုဗစ်ကပ်ဘေးကာလ မတိုင်မီ  ၈ တန်းကျောင်းသားဘဝတွင် ကျောင်းဘောလုံးအသင်း၏ လက်ရွေးစင်တစ်ဦးလည်းဖြစ်သည်။

ကိုဗစ်ကာလအတွင်း ကျောင်းများပိတ်ထားရချိန် ဇာတိမြေ ဖားဆောင်းမြို့နယ်တွင် မိဘများ၏ လက်ငုတ်လက်ရင်း လယ်ယာလုပ်ငန်းခွင်တွင် ကူညီလုပ်ကိုင်နေခဲ့သည်။ ၂၀၂၁ ခုနှစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်ပြီး စစ်တပ်အာဏာသိမ်းကာ ပြည်သူများကို အကြမ်းဖက် တိုက်ခိုက်သောအခါ သူလည်း   ကျောင်းဆက်မတက်တော့ဘဲ ၂၀၂၂ ခုနှစ်တွင် Karenni Army က ပေးသည့် ၃လ စစ်သင်တန်းကိုသာ သူရွေးချယ်လိုက်တော့သည်။

“သူ (မင်းအောင်လှိုင်)လုပ်တာ မကြိုက်ဘူး။ သူလုပ်တာလည်းကြည့်ပေါ့၊ ပြည်သူတွေကို သတ်တယ်၊ အိုးအိမ်တွေကို မီးရှို့တယ်၊ ဖျက်ဆီးတယ်၊ အဲ့ဒါတွေမကြိုက်လို့ တော်လှန်မယ်ဆိုတဲ့စိတ်နဲ့ တော်လှန်ရေးထဲ ရောက်လာတာ” ဟု ကိုချစ်ကိုက စကားသံဝဲဝဲဖြင့် တိုတိုတောင်းတောင်း ပြောသည်။ 

သင်တန်းဆင်းပြီးနောက် တိုက်ပွဲ ၈ ပွဲခန့်တွင် ပါဝင်တိုက်ခိုက်ဖူးသူလည်း ဖြစ်သည်။

ဩဂုတ်လ ၁ ရက်တွင် ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်  အမှတ် ၁၃၄ ခြေလျင်တပ်ရင်း၏ ချစ်ကို အပါအဝင် ပြောက်ကျားတပ်ဖွဲ့ဝင်များ စနိုက်ဘာဖြင့် သွားရောက်ချောင်းမြောင်း ပစ်ခတ်သည်။ အပြန်အလှန် ပစ်ခတ်ကြပြီး ပြန်ဆုတ်လာချိန်   ချစ်ကိုနှင့် အခြားရဲဘော်တစ်ဦး မိုင်းနင်းမိကြသည်။

“လက်ကျန်ကျည်တွေနဲ့ ကျွန်တော်တို့သွားပစ်တာ ကျည်လည်းကုန်၊ အသားကုန် ပြန်ပစ်လာတဲ့အခါကျတော့ မခံနိုင်လို့ပြန်ဆုတ်တယ်၊ ကျွန်တော်တို့ စတက်တုန်းက တစ်လမ်း၊ ပြန်ဆုတ်တဲ့အခါကျတော့ တစ်လမ်းပေါ့၊ အဲ့ဒါကို သတိမထားမိဘူး၊ ရှေ့က ဦးဆောင်တဲ့သူလည်း သတိမထားမိဘူး၊ ဒါပေမယ့် သူက မနင်းမိဘူး၊ နောက်ကလူတွေ နင်းမိတာ၊ ၂ ယောက်စလုံး ခြေထောက်ပြတ်တယ်” ဟု ကိုချစ်ကိုက ပြောသည်။

ခြေတစ်ဘက် ပြတ်ခဲ့ရသည့် ကျောင်းလက်ရွေးစဉ် ဘောလုံးဝါသနာအိုး ရဲဘော်ချစ်ကို (ဓာတ်ပုံ − Myanmar Now)

ကျောင်းလက်ရွေးစင် ဘောလုံးသမားဖြစ်ခဲ့သည့် ချစ်ကိုသည် ဘယ်ခြေထောက်  ဖြတ်လိုက်ရသည့်တိုင် ဘောလုံးကန်လိုသည့်စိတ် ရှိနေသေးသည်။

“ဝါသနာပါလည်း ခြေထာက်မှမရှိတော့တာ၊ မဖြစ်နိုင်တော့ဘူး၊ ကျွန်တော် နောင်တမရဘူး၊ ကိုယ့်ရှေ့မှာကျသွားတဲ့ရဲဘော်တွေလည်း အများကြီးရှိတယ်၊ သူတို့အတွက် ဆက်ပြီးတော့ ကြိုးစားပေးမယ်” ဟု ကိုချစ်ကိုက ဆိုသည်။

ကိုချစ်ကိုကဲ့သို့ပင် အခြား KA တပ်သား တစ်ဦးဖြစ်သည့် ကိုမောင်မောင်ကြီးမှာ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်ဇာတိဖြစ်သည်။ နွမ်းပါးသည့် မိသားစုဝင်တစ်ဦးဖြစ်သူ ကိုမောင်မောင်ကြီးသည် စစ်တပ် အာဏာမသိမ်းမီက  လုံခြုံရေးဝန်ထမ်းလုပ်ခဲ့ပြီး ရသည့်လစာဖြင့် မိသားစုကို ထောက်ပံ့နေခဲ့သည်။

လူဦးရေ ၆၀၀၀ ခန့်သာရှိသည့် ဒီးမောဆိုမြို့ကလေးတွင် ပြုလုပ်သည့် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများတွင် သူငယ်ချင်းတချို့  ပစ်သတ်၊ ဖမ်းဆီးခံရပြီးနောက်  တချို့မှာ ကိုမောင်မောင်ကြီးကဲ့သို့ စစ်တပ်ကို လက်နက်ကိုင်တိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

“ဆန္ဒပြတဲ့အထဲမှာလည်း ကျွန်တော်ပါတယ်၊  စစ်တပ်က အကြမ်းဖက်လာတာတွေမြင်ရတော့ ကျွန်တော် တော်လှန်ရေးရဲဘော်တချို့နဲ့ ဆက်သွယ်ပြီး သွားလိုက်တာ” ဟု သူက ဆိုသည်။ 

စစ်ကောင်စီကို တော်လှန်ရာတွင် အထင်ကရဖြစ်လာသည့် ကရင်နီပြည်နယ်အနှံ့ တိုက်ပွဲများတွင် ကိုမောင်မောင်ကြီး ပါဝင်ခဲ့သည်၊ ဇာတိမြို့သို့လည်း သူ ပြန်ရောက်ခဲ့သေးသည်။

“အာဏာမသိမ်းခင်ကဆို ကျွန်တော်တို့မြို့ကလေးက တော်တော်ပျော်ဖို့ကောင်းတယ်၊ သူငယ်ချင်းတွေနဲ့လည်း ဆိုင်ကယ်တွေနဲ့ လျှောက်ပတ်ပြီးလည်တာပေါ့ ၊ အခု ကျွန်တော်မြို့က ဘယ်လိုဖြစ်သွားပြီလဲ ဆိုတော့ ခြုံတွေဖြစ်ကုန်ပြီ။ တော်တော်လေးကို ပျက်စီးကုန်တယ်။ လမ်းမအကျယ်ကြီးတွေတောင်မှ ခြုံတွေပိတ်ကုန်တဲ့ အဆင့်အထိရောက်သွားပြီ” ဟု သူက ဆိုသည်။

ဩဂုတ်လအတွင်း ကရင်နီ ရှမ်းနယ်စပ်ရှိ စစ်ကောင်စီစခန်းကို သွားရောက်ချေမှုန်းရန် တာဝန်ကျရာ တော်လှန်လိုစိတ်ပြင်းထန်သည့်၊ ရဲရဲတင်းတင်းဝင်တိုက်သည့် ကိုမောင်မောင်ကြီး  ဒဏ်ရာရသွားသည်။

“သူတို့ယာယီစခန်းမှာကလည်း အကာအကွယ် သိပ်မရှိဘူး၊ ကျွန်တော် ရှေ့ကိုတက်ပစ်မယ်ဆိုပြီး တက်သွားတဲ့အချိန်မှာ ထိတာကတော့ လက်နက်ငယ်နဲ့ ထိတာပါ၊ ဘယ်ဘက်ရင်ဘတ်အပေါ်ကို ထိသွားတာပေါ့၊ ထိသွားတဲ့အချိန်မှာ တိုက်ပွဲက ပြီးခါနီးလောက်ဖြစ်နေပြီ” ဟု သူက ပြောသည်။

သွေးအဆက်မပြတ်ထွက်ပြီး လက်လှုပ်ရှားမှု မပြုနိုင်တော့သည့် သူ့ကို  ထိုင်းနယ်စပ်သို့ ခေါ်ဆောင်ကာ  အရေးကြီးလူနာအဖြစ် ကုသရတော့သည်။ 

ကုသမှုခံယူပြီးသော်လည်း ကိုယ်လက်လှုပ်ရှားနိုင်မှု အကြီးအကျယ် ထိခိုက်သွားကာ အင်္ကျီဝတ်ရန်ပင် အကူအညီလိုနေသည့် ကိုမောင်မောင်ကြီးက တော်လှန်ရေးတပ်များ၏ လက်နက်လိုအပ်ချက်အတွက် စိတ်ပူသူ ဖြစ်နေသည်။

“တော်လှန်ရေးမှာအလိုအပ်ဆုံးက ခဲယမ်းတွေပေါ့၊ သေနတ်တွေကတော့ အရင်လိုမျိုး လက်လုပ်တွေနဲ့ မဟုတ်တော့ဘူး၊ ပြည်သူလူထုတွေကူညီတဲ့ လက်နက်ကောင်းတွေနဲ့ တိုက်နိုင်နေပြီပေါ့။ သေနတ်ကောင်းတွေလက်ထဲမှာရှိနေပြီ။ ခဲယမ်းတွေလိုတယ်” ဟု သူက ဆိုသည်။

ဘယ်ဘက်လက် ဒဏ်ရာရသွားပြီး အကြောသေသွားသည့် ရဲဘော် မောင်မောင်ကြီး (ဓာတ်ပုံ – Myanmar Now)

ဇွန်လအတွင်း ကရင်နီပြည်နယ်ရှိ  စစ်ရေးပစ်မှတ်များကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။

ထိုင်းနိုင်ငံနှင့် ကရင်နီပြည်နယ်နယ်စပ် သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ တောင်လှစခန်း၊ မယ်စဲ့မြို့နယ် BP 13 ခေါ် မြန်မာ-ထိုင်း နယ်ခြားမှတ်တိုင် အမှတ် ၁၃ ရှိ စစ်ကောင်စီတပ်စခန်း၊ မယ်စဲ့မြို့မရဲစခန်းတို့ကို ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ကြသည်။

ဇွန်လ ၁၃ ရက်နေ့က ထိုရဲစခန်းကိုတိုက်ခိုက်ရန် တာဝန်ကျသူများတွင် အသက် ၂၃ နှစ်အရွယ် KA ရဲဘော် ကိုလင်းဆန်းဦးလည်းပါဝင်သည်။  အထိုင်ချစခန်းမှ နံနက် ၁၀ နာရီခန့်တွင် ကိုလင်းဆန်းဦးတို့ စတင်ထွက်လာခဲ့သည်။ နေဝင်မိုးချုပ်စတွင် မယ်စဲ့မြို့မရဲစခန်းအနီးသို့ ချည်းကပ်ရောက်ရှိလာသည်။

သို့သော် တိုက်ခိုက်ရန် အခွင့်မသာသေးခြင်းကြောင့် အခြေအနေကို စောင့်ကြည့်ရင်း ထိုစခန်းအနီးတွင် တစ်ညအိပ်လိုက်ရသည်။

“စခန်းနားမှာပဲ အသံတောင် မထွက်ရဘူး ချောင်းဆိုးရင်တောင် ပုဝါပါးစပ်ထဲထည့်ပြီးတော့ ဆိုးရတာ၊ စခန်းနားကပ်နေပြီး ရန်သူတွေကို မြင်နေရတယ် ဒါပေမယ့် တိုက်လို့မရသေးဘူး မနက် ၄ နာရီလောက် စခန်းနားဝင်မယ်လုပ်တော့ လေယာဉ်လာချတယ်” ဟု ကိုလင်းဆန်းဦးက ဆိုသည်။

သို့နှင့်အခွင့်အခါကောင်းကို စောင့်ဆိုင်းပြီးနံနက်လင်းအားကြီးအချိန်တွင် ရဲစခန်းသို့ ဝင်ရောက်တိုက်ခိုက်သည်။ ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်သာကြာသည့် တိုက်ပွဲအပြီးတွင် ရဲစခန်းကို သိမ်းလိုက်နိုင်သည်။

၁၂၀ မမ၊ ၆၀ မမများအပါအဝင် လက်နက်ငယ် ၄၀ ခန့်အပြင် ကျပ်ငွေ သိန်း ၁၈၀၀ ကျော်ကိုလည်း ထိုစခန်းအတွင်းမှ သိမ်းဆည်းရမိသည်။ ထိုရဲစခန်းရှိ စခန်းမှူးအပါအဝင် ၁၀ ဦးခန့် တိုက်ပွဲတွင်သေဆုံးသည်ဟုလည်း ကိုလင်းဆန်းဦးက ပြောသည်။

“ချောင်ပိတ်ပြီးတိုက်တာ အကုန်သေတယ်၊ လက်နက်လည်းတော်တော်ရတယ်” ဟု သူက ဆိုသည်။

စခန်းသိမ်းတိုက်ပွဲကို အောင်နိုင်ပြီး လက်နက်များနှင့် ငွေအမြောက်အများရရှိသော်လည်း ကိုလင်းဆန်းဦးအတွက် ကံမကောင်းခဲ့ပါ။ ရှေ့တန်းတိုက်ပွဲ ၆ ပွဲခန့် တိုက်ခိုက်ခဲ့ဖူးသည့် ကိုလင်းဆန်းဦးသည် ရဲဘော်များအတွက်ကျည်ဖြည့်ကာ ဝေပေးရန်အထတွင် စစ်ကောင်စီ စနိုက်ဘာသမား၏ ချောင်းမြောင်းပစ်ခတ်မှု ခံလိုက်ရသည်။

“ကျည်ဖြည့်နေတဲ့အချိန်မှာ စနိုက်ဘာနဲ့လှမ်းပစ်တာ ထတဲ့အချိန်နဲ့တိုးတော့ တင်ပါးလာထိတာ၊ မဟုတ်ရင် ကျပြီ။ ဒဏ်ရာရတဲ့အချိန်က ဘယ်သူမှလည်း ကျနော့်ကို လာဆွဲလို့အဆင်မပြေသေးဘူး” ဟု  ကိုလင်းဆန်းဦးက ပြောပြသည်။

“မြေပြင်ပေါ်မှာ မှောက်နေရတာ၊   လေယာဉ်ကလည်း လာပစ်နေတယ် ဆေးဆရာဝန်တော့ ပါလာတယ် ဒါပေမယ့် ဆေးအပြည့်အစုံမရှိတော့ ဆေးမထည့်ရဘူး”

ခြေတစ်ဘက် အကြောသေသွားသည့် ရဲဘော် လင်းဆန်းဦးကို လေ့ကျင့်ခန်း လုပ်ပေးနေသည့် စေတနာ့ဝန်ထမ်းများ (ဓာတ်ပုံ − Myanmar Now)

ယခုအခါ ကျည်ထိထားသည့် ခြေထောက် အကြောသေနေပြီး ချိုင်းထောက်အားကိုးဖြင့် လမ်းလျှောက်နေရသည်။ 

ကိုလင်းဆန်းဦးသည် မှော်ချီးဒေသခံဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် သူငယ်ချင်းများ အဖမ်းခံရခြင်း၊ အသတ်ခံရခြင်းနှင့် အချို့ရှေ့တန်းတွင် ကျသွားခြင်းတို့ကြောင့် စစ်ကောင်စီကိုတော်လှန်ရန် KA တပ်ထဲ ဝင်ရောက်လာခဲ့သူဖြစ်သည်။

လက်ရှိဒဏ်ရာမှာမသက်သာသေးဘဲ အကြောသေနေသည့် ခြေတစ်ဘက်ကို ချိုင်းထောက်ဖြင့် အားပြုလမ်းလျှောက်နေရသော်လည်း သူ့တွင်လိုအပ်ချက် များများစားစားမရှိပေ။ ရှေ့တန်းရောက် ရဲဘော်များသည် ယူနီဖောင်းမှအဆုံး ဆေးဝါးအဆုံး လိုအပ်နေမည်ဟု  သူက ဆိုသည်။

“ကျွန်တော်တို့ ရှေ့တန်းသွားတဲ့အခါကျတော့ ယူနီဖောင်းတစ်စုံတည်းဆိုတော့ မိုးရွာလည်း ဒီတစ်စုံတည်း၊ နေပူလည်း ဒီတစ်စုံတည်းဆိုတော့ ကျန်းမာရေးထိခိုက်တယ်၊ ရှိတဲ့ဆေးကလည်း ဒဏ်ရာရတဲ့အခါကျတော့ ကုဖို့မရှိတော့ဘူး” ဟု သူက ပြောသည်။

ဒဏ်ရာတစ်ဘက်ဖြင့် စိတ်လွတ်ကိုယ်လွတ်မသွားနိုင် မလာနိုင်သည်ကို သူမေ့ထားသည်။ ထိုင်းနယ်စပ်တွင် ဆေးကုသမှုခံယူရသည်ကိုလည်း သူပျော်ရွှင်သည်။

“ကိုယ်တွေမြန်မာနိုင်ငံမှာဆိုရင် လေယာဉ်သံကြားရင် မီးပိတ်ပြီးနေရတာနဲ့ ပုန်းနေရတာနဲ့ လေယာဉ်သံကြားရင်ကို ကြောက်နေရတာ ဒီရောက်တော့ ပျော်တာပေါ့ နောက် ကိုယ်တစ်ယောက်တည်း လုပ်နေတာမှမဟုတ်တာ၊ မြန်မာတစ်နိုင်ငံလုံး တိုက်ပွဲဝင်နေတာပဲ ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူတယ်” ဟု သူက ဆိုသည်။

အကျယ်အဝန်း ငယ်သော်လည်း တော်လှန်စိတ်ကြီးသည့် ကရင်နီပြည်နယ်

ကရင်နီပြည်နယ်အတွင်း ၁၉၅၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)သည် လက်နက်ကိုင် အထင်ကရ အဖွဲ့အစည်း တစ်ခုဖြစ်ခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် KNPP အောက်တွင် ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တို့ပေါ်ပေါက်လာပြီး စစ်ကောင်စီကို တော်လှန် လျက်ရှိသည်။ ထို့ပြင် လွိုင်ကော်၊ ဒီးမော့ဆို၊  နန်းမယ်ခုံ၊ မိုးဗြဲ၊ ဖယ်ခုံ တို့တွင်  ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF များ  ပေါ်ပေါက်လာသည်။

နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော၊ အလုပ်အကိုင် အခွင့်အလမ်း ပေါများသော ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ် ငွေရှာနိုင်သည့် အခြေအနေတွင် ကရင်နီလူငယ် အများအပြားက လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်လာခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်  သန်းခေါင်စာရင်းအရ လူဦးရေ ၃၀၀,၀၀၀ ခန့်သာရှိသည့် သေးငယ်သော ကရင်နီပြည်နယ်ကလေးတွင် ၂၅၀,၀၀၀ ခန့်မှာ စစ်ကောင်စီ၏ရန်ကြောင့် နေရပ် စွန့်ခွာတိမ်းရှောင်နေကြရသည်။

ထိုဒေသသည် ၂၀၂၁ တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊  ၂၀၂၂ ခုနှစ်တွင် ၁၈၂ ကြိမ် ရင်ဆိုင်ခဲ့ရသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အား စု (Progressive Karenni People’s Force) ၏ အစီရင် ခံစာတစ်ခုတွင် ဖော်ပြသည်။ ယခုနှစ် ပထမ ၄ လတွင်မူ တိုက်ခိုက်မှု ၁၇၉ ကြိမ်အထိ ခံခဲ့ရပြီးဖြစ်သည်ဟု ဆိုသည်။ 

KNDF ကလည်း  စက်တင်ဘာလအတွင်း ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၂၉ ကြိမ် ဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ခံခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုဇာတိ  ဖရန်နိုက  ၎င်းတို့မြို့လေးသည် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျည်ထိခိုက်မှု၊ ရင်ဆိုင်တိုက်ပွဲများကြောင့်   မြို့ပျက်သဖွယ်ဖြစ်နေသည်ဟု ပြောသည်။  

“ဝေးဝေးတစ်ခါတုန်းကတော့ ကျွန်တော်ပြန်တယ်၊ မြို့ထဲမှာဆို အကုန်လုံးမိုင်းတွေက ခင်းထားတယ်လေ၊ မြေမြှုပ်မိုင်းတွေ မိုင်းတွေ တအားများလာတယ်၊ ဒါကြောင့်မလို့ မြို့ထဲကို ဝင်တောင် မဝင်ချင်တော့ဘူး၊ စုတ်ပြတ်သတ်ကုန်ပြီ၊ သူတို့တပ်သားတွေသေတယ်ဆိုရင်လည်း အိမ်ထဲမှာပဲပစ်ပြီးတော့ အိမ်ကို မီးရှို့သွားတာ” ဟု သူက ပြောသည်။

ညာဘက်လက် ဒဏ်ရာရသွားပြီး အကြောသေသွားခြင်းကြောင့် အင်္ကျီကို ကိုယ်တိုင်ဝတ်ဆင်ရန်ပင် အခက်အခဲရှိနေသည့် ရဲဘော်ဖရန်နို (ဓာတ်ပုံ − Myanmar Now)

ထိုကဲ့သော စစ်ကောင်စီတပ်သားတို့၏ လုပ်ရပ်များက ဖရန်နို အတွက် တော်လှန်လိုစိတ်ကို ပိုမိုပြင်းထန်စေခဲ့သည်။ တိုက်ပွဲတော်တော်များများ တိုက်ခဲ့ဖူးသည့် ဖရန်နိုသည်  ဩဂုတ်လက မယ်စဲ့မြို့နယ်အတွင်း စစ်ကောင်စီတပ်သားတို့ စခန်းချသည့်တောင်ကုန်းကို သွားရောက် တိုက်ခိုက်သည့် တိုက်ပွဲတွင်  ဒဏ်ရာရသွားတော့သည်။

“ဖာဆောင်းကနေ စစ်ကြောင်းပြန်ထိုးလာတာ၊ အဲ့ဒါကို ကျွန်တော်တို့ သိတဲ့အခါ အဲ့ဒါကိုသွားတိုက်ရင်းနဲ့ ဒဏ်ရာရသွားတာ” ဟု ပြောသည်။ 

ညာဘက်လက်ထိသွားခဲ့ပြီး စတီးလ်ချောင်းတပ်ထားရသည်။ သို့သော် ထိုလက်မှာ လက်ရှိအချိန်ထိ လှုပ်ရှား၍ မရသေးပေ။ ဒဏ်ရာပြင်းထန်သည့် ဖရန်နိုကို ပြည်နယ်အတွင်းရှိ ဆေးရုံများတွင် ကုသရန်မဖြစ်နိုင်တော့သည့်အတွက် ထိုင်းနိုင်ငံနယ်စပ်ဆေးရုံတွင် ကုသမှုခံယူနေရသည်။

“ကျွန်တော်တို့ဆီကဆေးရုံတွေမှာဆို အဆင်မပြေဘူး လေယာဉ်က ခဏခဏ လာကျဲတာ ညသန်းခေါင်ချိန် မီးတွေဘာတွေ ဟိုလျှေက်ထွန်း ဒီလျှောက်ထွန်းဆိုရင် မရဘူး လေယာဉ်ကကျဲတာ” ဟု သူက ပြောသည်။

ဖရန်နို၏ လက်ရှိဒဏ်ရာက သက်သာလာပြီဖြစ်သော်လည်း အကြောများဆိုင်းနေသေးပြီး လှုပ်ရှား၍ မရသေးပေ။ “ဆရာဝန်ကတော့ ပြန်ကောင်းမယ်လို့ပြောတယ် မြန်မြန်ပြန်ကောင်းမှ ကျွန်တော်လည်း တပ်ထဲပြန်ဝင်လို့ရမယ်” ဟု စကားသံဝဲဝဲဖြင့်ဆိုသည်။

သူတို့ ခိုလှုံရာ

ဒဏ်ရာပြင်းထန်သော KA ရဲဘော်များသည် ဒေသတွင်း ကိုယ်ထူကိုယ်ဆေးခန်းများ၊ ဆေးရုံများတွင် ကနဦး ပြုစုကုသမှု ခံယူပြီးနောက် ထိုင်းမြန်မာနယ်စပ်တွင် အသေးစိတ်ကုသမှု ခံယူကြသည်။ ထိုင်းဆေးရုံသို့ ရက်ချိန်းနေ့တိုင်း သွားကြပြီး ကျန်အချိန်များတွင် အဆောက်အအုံတစ်ခုတွင်း သူတို့ အနားယူကြသည်၊ ပတ်ဝန်းကျင်က သတိမပြုမိကြစေရန်လည်း ဂရုစိုက်ကြရသည်ကို တွေ့ရသည်။

ထိုအဆောက်အအုံကြီး၏ ခမ်းနားသော ဧည့်ခန်းအလွန်တွင် ဝန်ထမ်းများသာဝင်ထွက်ခွင့်ရှိကြောင်း သတိပေးစာသား ကပ်ထားသည့် တံခါးကို အမြဲ​လိုလို ပိတ်ထားသည်၊ ထိုတံခါးကို ဖွင့်ပြီး ဝင်ကြည့်လိုက်သည့်အခါ  မြင်ကွင်းသည် တမဟုတ်ချင်း ပြောင်းလဲသွားတော့သည်။  လေဝင်လေထွက်မကောင်း၊ အလင်းရောင်အားနည်းသည့် အခန်းငယ်အတွင်း ရှိနေကြသူတို့မှာ ဝန်ထမ်းများ မဟုတ်ဘဲ  လက်တွင်ပတ်တီးစီးထားသူ၊ နေကာမျက်မှန်တပ်ထားသူ၊ ခြေတစ်ဖက်ပြတ်၊ လက်အကြောသေသွားသူ၊ ခြေထောက်အကြော သေနေသူစသဖြင့် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ ဒဏ်ရာရ ရဲဘော်များ ဖြစ်နေသည်။ 

လူငယ်လေးများကို ကုတင်ပေါ်တွင် လဲလျောင်းသူက လဲလျောင်း၊ ထိုင်နေသူက ထိုင်နေကြသည်ကို မြင်ရသည်။ ကုတင်ဘေးတွင် ချိုင်းထောက်တချို့ ထောင်ထားသည်။

ကိုယ်ထူကိုယ်ထ မေတ္တာများ

ဆေးရုံပြရန် ရက်ရှည် နေထိုင်ကြမည့်သူများ ဝင်ထွက်နေသည့် ထိုအဆောက်အအုံတွင်  အစားအစာ ချက်ပြုတ် လျှော်ဖွတ်ရေးအတွက် ကူညီသူများမှာ  နယ်စပ်မှ စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိလာသည့် အမျိုးသမီးငယ် ၃ ဦး ဖြစ်သည်။ ဆေးရုံပို့ခြင်း၊ ပစ္စည်းဝယ်ပေးခြင်းအတွက် စေတနာ့ဝန်ထမ်းတစ်ဦးက ကူညီသည်။

ရွေ့လျားသွားလာရန် အခက်အခဲရှိသည့်ထိုရဲဘော်များထံသို့ ရောက်လာတတ်ပြီး ဒဏ်ရာကြီးများကို ဆေးကြော သန့်စင်ပေးသည့် မြန်မာဆရာဝန်တစ်ဦးကိုလည်း တွေ့ခဲ့ရသည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ထိုဆရာဝန်က  လိုအပ်သည့်ဆေးပစ္စည်းကို ကိုယ်တိုင် ဝယ်ယူလာသူ ဖြစ်သည်။

“ကျွန်တော် အခမဲ့ပဲ ကုပေးနေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က CDM လုပ်တယ်ဆိုတာ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ အိမ်မက်တွေကိုပဲ စွန့်လွှတ်ခဲ့တာ။ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ အသက်တို့က ကျွန်တော်တို့ မစွန့်နိုင်သေးဘူး။ ဒီလိုကလေးတွေက ကိုယ်လက်အင်္ဂါတွေ၊ အသက်တွေတောင် စွန့်ပြီးတော့တိုက်ခဲ့တာဆိုတော့ ကိုယ်တွေထက် မြင့်မြတ်တဲ့သူတွေမို့ နိုင်တဲ့ဘက်က လုပ်တာ” ဟု အမည်မဖော်လိုသည့် ထိုလူငယ်ဆရာဝန်က ပြောသည်။

CDM ဆရာဝန်တစ်ဦးက ဒဏ်ရာရသူများကို ပြုစုကုသပေးရန် ရောက်လာတတ်သည် (ဓာတ်ပုံ − Myanmar Now)

ထိုင်းနိုင်ငံဆေးရုံများသို့ တက်ရောက်ပြီး အသေးစိတ် ကုသမှု ခံယူခဲ့သည့် ရဲဘော်များ ရက်ချိန်းအတိုင်း  ဆေးရုံသို့ မကြာခဏ ပြန်လည်ပြသကြသည်၊  နယ်စပ်မြို့တချို့ရှိ လုံခြုံစိတ်ချရသည့် အဆောက်အအုံများတွင် လျှို့ဝှက်နေထိုင်ကြသည်ဟု ထိုဆရာဝန်က ပြောသည်။ 

“အကုန်လုံးကတော့ ဆိုးရွားလို့ရောက်လာကြတာချည်းပဲ၊ အဲ့ဒီထဲမှာ မျက်လုံးထိခိုက်တဲ့သူတွေလည်း တော်တော်များတယ်၊ လုံးဝကို အမြင်အာရုံချို့ယွင်းသွားတဲ့သူတွေရှိတယ်၊ တချို့တွေဆို လက်နက်ကြီးမှန်လို့ ကျောက်မျက်လုံးတောင် ထည့်လို့မရတော့တဲ့သူတွေရှိတယ်” ဟု သူက ပြောသည်။

တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရသည့်သူများ ထိုင်းနယ်စပ်တွင် ကုသမှု ခံယူနိုင်ရန် ကူညီနေသည်မှာ    ၂၀၂၂ ခုနှစ်စပိုင်းကတည်းက ဖြစ်သည်ဟု   ထိုင်းနိုင်ငံရောက် ကရင်နီလူမှုအဖွဲ့အစည်း အဖွဲ့ဝင် နော်ဒါးဒါးက ပြောသည်။ 

တစ်နှစ်ကျော်ကာလအတွင်း လူနာပေါင်း ၁၀၀ နီးပါးခန့် ရှိသည်။ လူနာတစ်ဦးအတွက် အနည်းဆုံး ပျမ်းမျှ ကုန်ကျငွေ ဘတ် ၁၀၀,၀၀၀ (မြန်မာငွေ သိန်း ၁၀၀) နှင့်အထက် ကုန်ကျသည်။ ထိုကုန်ကျငွေကို နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့ကြီးတစ်ခုက အကူအညီပေးသည်ဟု သိရသည်။

လူနာများမှာ နယ်စပ်တွင် ပေါ်ပေါက်သည့် တိုက်ပွဲဖြစ်ပေါ်မှုအပေါ် အခြေခံလျက် တစ်လနှင့်တစ်လ ကုသရသည့် အရေအတွက် မတူညီပေ။ 

“ကိုယ်ကိုယ်တိုင်လည်း ခံစားရတယ်၊ စိတ်ဖိစီးမှုလည်းများတယ်၊ သူတို့တွေကိုတွေ့နေရတာ ဒဏ်ရာကြီးကြီးတွေနဲ့ စိတ်သောကရောက်ရတယ်” ဟု လူနာပေါင်းများစွာကို အကူအညီပေးနေသည့် နော်ဒါးဒါးက ဆိုသည်။

Myanmar Now က တွေ့ဆုံခဲ့သည့် အဆိုပါ တော်လှန်ရေးတပ်သားများအားလုံးသည် ကရင်နီပြည်နယ်မှဖြစ်ပြီး ကရင်နီလူမျိုးများဖြစ်ကြသည်။   ခြေပြတ်၊ အကြောသေ၊ မျက်လုံးဒဏ်ရာနှင့် ကိုယ်လက်အင်္ဂါချို့တဲ့သွားကြသော်လည်း အာဏာသိမ်းစစ်ကောင်စီကို တော်လှန်လိုစိတ် ချို့တဲ့မသွားဘဲ ဒဏ်ရာသက်သာပါက စစ်ပြန်တိုက်ဦးမည်၊ မိခင်အဖွဲ့အစည်းအတွက် နိုင်သလောက် လုပ်ကိုင်မည်ဟု တညီတည်းဆိုကြသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button