သတင်း

ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီပစ်မှတ်များ တိုက်ခိုက်ခံရ

နိုင်ငံမြောက်ပိုင်း စစ်ကောင်စီတပ်များ တိုက်ခိုက်ခံနေရချိန်တွင် နိုင်ငံတောင်ပိုင်း ကော့ကရိတ်ရှိ ရဲနှင့် စစ်ထောက်လှမ်းရုံးတို့လည်း ဝင်ရောက်တိုက်ခိုက်ခံလိုက်ရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း စစ်ရေးပစ်မှတ်တချို့ ယနေ့ ( အောက်တိုဘာ ၂၇) နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခံရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

နံနက် ၅ နာရီခန့်တွင် မြို့မြောက်ဘက် ရုံးကုန်း၊ ကြာအင်းကုန်းနှင့် တံတားဦးရပ်ကွက်တို့ဘက်မှ ပစ်ခတ်သံများ ကြားရပြီး တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်များက ဝင်တိုက်ခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက နံနက် ၁၀ နာရီခန့်တွင် ပြောသည်။

“အခုလောလောဆယ်တော့ ငြိမ်နေပြီ။ အလုံးကြီးတော့ တစ်ချက်တစ်ချက် ထုသံ ကြားရတယ်။ မြို့ထဲက လမ်းတွေမှာလည်း ဘယ်သူမှ အသွားအလာမရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။

အမှတ် ၉၇ ခြေလျင်တပ်ရင်း အခြေစိုက်ရာ ကော့ကရိတ်မြို့လယ် ဂေါက်ကွင်းဘေးရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး၊ သတင်းရဲတပ်ဖွဲ့ရုံးတို့ မီးရှို့ခံရကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် နေထိုင်သူများ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် တိမ်းရှောင်နေသလို တချို့လည်း နေအိမ်အောက်များတွင် ပုန်းခိုနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

ဒေါနတောင်အနောက်ဘက်ခြမ်းတွင် ရှိသည့် ကော့ကရိတ်မြို့သည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အာရှလမ်းမကြီးဘေးတွင် တည်ရှိသည်။

ကော့ကရိတ်သည် အရှေ့ဘက်တွင် သင်္ဃန်းညီနောင်၊ မြဝတီမြို့၊ အနောက်ဘက်တွင် ကျုံဒိုး၊ တောင်ဘက်ခြမ်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ်တို့နှင့် ထိစပ်နေသည်။

ယနေ့ နံနက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များက စုပေါင်းတိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ယနေ့ Myanmar Now ကို ပြောသည်။ 

“ ဒီ ၂၇ ရက်နေ့ မနက်မှာလည်း မနက် ၅ နာရီလောက်ကတည်းကနေပြီးတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်အင်အားစုတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေ စုပေါင်းပြီးတော့ ကော့ကရိတ်မြို့ကို ဝင်ပြီးတော့ တိုက်ခိုက်ခဲ့ပါတယ်”

“အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ရုံးရယ်၊ စရဖရုံးရယ်၊ နှစ်ခုကိုလည်း မီးရှို့ဖျက်ဆီးထားနိုင်တယ်လို့ သတင်းရရှိထားပါတယ်။ အခုလက်ရှိမှာ မြို့နယ်အနှံ့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်” ဟု သူက ဆိုသည်။

အောက်တိုဘာ ၂၄ ရက်ကလည်း ကော့ကရိတ်မြို့ဘေးပတ်ဝန်းကျင် ရွာများကို နယ်မြေရှင်းလင်းရန် ထွက်လာသည့် အမှတ် ၂၀၇ ခြေမြန်တပ်ရင်း၏ စစ်ကြောင်းကို KNU ပူးပေါင်းတပ်များက မြို့အထွက် ဆင်ကုန်းကျေးရွာအနီးတွင် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကို အပါအဝင် ၆ ဦး သေဆုံးခဲ့သည်။

တပ်ရင်းမှူး သေဆုံးခဲ့ပြီးနောက် တိုက်ပွဲအတွင်း ပိတ်မိကာ အထိနာနေခဲ့သည့် စစ်ကြောင်းကို ဆွဲထုတ်နိုင်ရန် စစ်တပ်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အမြောက်အမြား အသုံးပြုခဲ့ရသည်။

“အဲ့ဒီတိုက်ပွဲမှာ စကစ လက်အောက်ခံ ၂၀၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကိုအပါအဝင် အရာရှိအရာခံ အကြပ် စစ်သည်တော်တော်များများကို သုတ်သင်နိုင်ခဲ့ပါတယ်” ဟု ဦးမောင်မောင်ဆွေက ပြောသည်။ 

စစ်တပ်အာဏာသိမ်းယူမှုကို လက်မခံကြောင်း ပြောဆိုထားသည့် KNU လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများသည် တပ်မဟာ ၆ ဒေသတွင်း၌ အပြင်းအထန်ဖြစ်ပွားနေခဲ့သည်။

သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် KNU သည် ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ရေးမြို့နယ်တို့ကို တပ်မဟာ (၆ ) ဒူးပလာယာခရိုင်အဖြစ် သတ်မှတ်ထားသည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် KNU နယ်မြေတွင် ထိုးစစ်ဆင်နိုင်ခြင်း မရှိဘဲ ခံစစ်ဖြင့်သာ တိုက်ခိုက်နေရပြီး နယ်စပ်ဒေသရှိ အခိုင်အမာခြေကုပ်စခန်းများလည်း KNU ၏ တိုက်ခိုက်သိမ်းယူခြင်း ခံနေရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီအခြေစိုက် ရေတံလျှောက်စခန်းကုန်းကို KNU ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။

ရှမ်းမြောက်ဒေသတွင်လည်း တိုက်ပွဲဖြစ်

ယနေ့ နံနက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ်မတော် (MNDAA) က  လောက်ကိုင်မြို့တောင်ဘက် မိုင် ၂၀ ကျော်အကွာရှိ ချင်းရွှေဟော်မြို့ကို သိမ်းယူပြီး လောက်ကိုင်မြို့ကို ထိုးစစ်ဆင်ရန် ကြိုးစားနေသလို တအာင်းတပ်မတော် (TNLA) က နမ့်ခမ်းမြို့ရှိ ပန်းဆေးပြည်သူ့စစ်စခန်းနှင့် စစ်ကောင်စီတပ်စခန်းတို့ကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လားရှိုးမြို့အထွက် ဟိုပိတ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် လားရှိုး-နမ္မတူလမ်းမှလွဲပြီး လားရှိုးမြို့ကို ဝင်ထွက်နိုင်သည့်လမ်းများအားလုံး ပိတ်ထားလိုက်သည်ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

လားရှိုးမြို့မှ ကိုးကန့်အထူးဒေသ (၁) သို့ သွားသည့် လမ်းတစ်လျှောက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် လောက်ကိုင်မြို့မှ ခရီးသွားကားများအားလုံး ရပ်နားထားသည်ဟု ဒေသခံတစ်ဦးဖြစ်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးက ပြောသည်။

လောက်ကိုင်မြို့အထွက် ပါဆင်ကျော်ဂိတ်တွင် ကားများ ပိတ်မိနေပြီး ရှေ့ဆက်သွားမရသလို မြို့တွင်းသို့လည်း ပြန်ဝင်မရသေးကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။

“တိုးဂိတ်တွေတောင်မှ ဖျက်ဆီးခံထားရတာဆိုတော့ ဘယ်လိုမှ သွားလို့မရတော့ဘူးရှင့်။ (လောက်ကိုင်) မြို့ထဲမှာတော့ ဘာမှမဖြစ်သေးဘူး အတက်လမ်းတစ်လျှောက်လုံးပေါ့။ ဟိုပိတ်တို့ သိန်းနီတို့မှာ တစ်လျှောက်လုံး ဖြစ်နေကြပြီ”

ယနေ့နံနက်အစောက လောက်ကိုင်မြို့အနီးတွင် သေနတ်သံတချို့ ကြားရသော်လည်း ယနေ့ မွန်းတည့်ချိန်အထိ မြို့အနီး တိုက်ပွဲမဖြစ်သေးကြောင်း အဆိုပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ ချင်းရွှေဟော်မြို့ရှိ စစ်ကောင်စီတပ်စွဲထားရာ နေရာအားလုံးကို MNDAA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး မြို့တစ်ခုလုံးကို သိမ်းပိုက်ထားသည်ဟု သိရသည်။

မြို့တွင်းရှိ ဒေသခံများမှာ “ဝ” ဒေသဘက်သို့ ထွက်ခွာနေကြပြီး အချို့မြို့ခံများလည်း မြို့တွင်း၌ ပိတ်မိနေကြသည်ဟု သိရသည်။

ယနေ့ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ချင်းရွှေဟော်နှင့် လားရှိုးမြို့အနီး TNLA,MNDAA တို့နှင့် တိုက်ပွဲများဖြစ်နေကြောင်း၊ MNDAA က တိုက်ခိုက်သိမ်းယူခဲ့သည့် ချင်းရွှေဟော်မြို့ကို ပြန်ထိန်းထားကြောင်း ၎င်းတို့ အာဘော်သတင်းဌာနတစ်ခုကို ယနေ့ နေ့လယ်က ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button