သတင်း

ထိုင်းနယ်စပ် စခန်းကုန်းတစ်ခုကို KNU တိုက်ခိုက်သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းကုန်းတစ်ခုကို ယမန်နေ့ (စက်တင်ဘာ ၁၄ ရက်) တွင် သိမ်းယူခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က အတည်ပြုသည်။

လက်နက်ကိုင်အင်အား ၂၄ ယောက် ရှိနေသော စခန်းဖြစ်သည်ဟု KNU တပ်မဟာ (၆) ဗျူဟာမှူး ဗိုလ်မှူးကြီး နယ်ဒါးထူးက ပြောသည်။

“နယ်စပ်က ရေတံလျှောက်စခန်းကုန်းပါ၊ ရန်သူ့ဘက်က ၁၄ ယောက် ကျပြီး ၁၀ ယောက် ထွက်ပြေး လွတ်မြောက်သွားတယ်။ ထွက်ပြေးသွားတဲ့ ၁၀ ယောက်မှာ ၄ ယောက်က သူတို့ စခန်းတစ်ခုကို ပြန်ရောက်သွားပြီး၊ တစ်ယောက်က ထိုင်းဘက်ခြမ်းကို ရောက်သွားတယ်။ ကျန်တဲ့ ၅ ယောက်ကတော့ ပျောက်နေတယ်လို့ သိရတယ်” ဟု ဗျူဟာမှူးက ပြောသည်။

နံနက် ၆ နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်များက စတင် တိုက်ခိုက်ကြပြီး နံနက် ၁၁ နာရီခွဲခန့်တွင် စခန်းသိမ်းနိုင်ခဲ့သည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အရှေ့တောင်ဘက် မိုင် ၃၀ ကျော်ခန့်အကွာ ထိုင်း-မြန်မာ နယ်စပ်မျဉ်းအနီးတွင် တည်ရှိသည့် အဆိုပါစခန်းကုန်းသည် စစ်ကောင်စီအတွက် အရေးပါသည်ဟုလည်း KNU တပ်မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

“အဲ့ဒီစခန်းက နယ်စပ်နဲ့လည်း မဝေးတဲ့ လမ်းဆုံတစ်ခုမှာ တည်ထားတာ၊ အချက်အချာလည်း ကျပါတယ်” ဟု ခရိုင်အတွင်းရေးမှူးက ပြောသည်။

ယင်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်က ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းအရေအတွက်၊ အမျိုးအစားတို့ကို စာရင်းပြုစုနေဆဲဖြစ်ကြောင်း သိရသည်။

KNU က သိမ်းယူခဲ့သည့် ရေတံလျှောက်စခန်းကုန်း တည်နေရာပြမြေပုံ။

တစ်ချိန်တည်းတွင်ပင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ ခလယ်တံခွန်တိုင်ရွာဘက်၌လည်း တိုက်ပွဲဖြစ်ပွားနေခဲ့သည်။

ယင်းတိုက်ပွဲတွင်လည်း စစ်တပ်ဘက်က အထိနာခဲ့သည်၊ ကြာအင်းဆိပ်ကြီးတွင် ဖြစ်ပွားသည့် တိုက်ပွဲနှစ်ခုအနက် တစ်ခုကိုသာ စစ်ကောင်စီလေတပ် ရောက်လာသည်ဟု KNU ဘက်က ဆိုသည်။

“ခလယ်တံခွန်တိုင်ဘက်မှာလည်း တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ၊ လေကြောင်းနဲ့လည်း လာပစ်တယ်။ ထိခိုက်မှုတွေတော့ ရှိနေတယ်။ အသေးစိတ်တော့ မရှိရသေးဘူး။ ရွာသားတွေလည်း ပိတ်မိနေတယ်” ဟု ပဒိုစောလစ္စတန်က ဆိုသည်။

စခန်းကုန်း သိမ်းယူခံရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ရေတံလျှောက်စခန်းကုန်းကို သိမ်းယူနိုင်ပြီးနောက် အနီးရှိ ကွီးလက်တဲ အမည်ရှိ စခန်းကုန်းနောက်တစ်ခုကို KNU က ဆက်လက်တိုက်ခိုက်နေသည်၊ ကွီးလက်တဲစခန်း၏ ဘေးဘက်တွင် ထိုင်းနိုင်ငံ လေးတော်ခို့ရွာ ရှိနေသည်။

မကြာသေးမီက အဆိုပါ ကွီးလက်တဲစခန်းကုန်းကို စစ်ကူလာရောက်သည့် စစ်ကောင်စီတပ်သား ၈၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်း လေးတော်ခို့ ရွာဘက်သို့ ကျူးကျော် ဝင်ရောက်လာခြင်းကြောင့် စုံစမ်းစစ်ဆေးရန် ထိုင်းအတိုက်အခံ လွှတ်တော်အမတ် Kannavee Suebsang က ထိုင်းအစိုးရကို တောင်းဆိုခဲ့သည်။

မြန်မာစစ်သားတချို့ ထိုင်းနိုင်ငံပိုင်နက်အတွင်းကို ဖြတ်ကျော်ဝင်ရောက်လာခြင်းမှာ မတော်တဆကိစ္စရပ်သာဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးသစ် Mr. Suthin Khlangsaeng က စက်တင်ဘာ ၁၃ ရက်နေ့တွင် ပြန်လည် ဖြေရှင်းထားသည်။

စစ်တပ်အာဏာသိမ်းယူမှုကို လက်မခံကြောင်း ပြောဆိုထားသည့် KNU လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများသည် ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့တွင် ဖြစ်ပွားနေသည်။

စက်တင်ဘာ ၁၀ ရက်နေ့က ပေါ်ပေါက်ခဲ့သည့် ထိတွေ့တိုက်ပွဲတစ်ခုတွင် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းရွာ ဆေးရုံကုန်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ဗိုလ်အဆင့်ရှိသူ ၁ ဦးနှင့် အခြား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

အထိနာနေချိန်တွင် စစ်တပ်က အနီးအနားရှိ ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူ ၁ ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း၊ ဒေသခံ ၄၀၀ ခန့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်၏ စက်တင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် KNU နယ်မြေတွင် ထိုးစစ်ဆင်နိုင်ခြင်း မရှိဘဲ ခံစစ်ဖြင့်သာ တိုက်ခိုက်နေရသည်ကို တွေ့ရသည်။

ဤအတောအတွင်း ရခိုင်ဒေသတွင် အပစ်ရပ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိစေရန် စစ်ကောင်စီတပ်နှင့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (AA) တို့က ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နေကြသည်ကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button