သတင်း

ကော့ကရိတ်အနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူး သေဆုံးဟု KNU ပြော

အောက်တိုဘာ ၂၄ ရက်နေ့ ကရင်ပြည်နယ် တိုက်ပွဲအတွင်း သေဆုံးသူများထဲတွင် ခမရ ၂၀၇ မှ ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကို ပါဝင်သည်ဟု KNU က ပြောသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး အောက်တိုဘာ ၂၄ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံးသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။

တိုက်ပွဲသည် မြို့အရှေ့ဘက်ကပ်လျက်တွင် တည်ရှိသည့် နန်းတောတိုးရွာနှင့် တတံကူးကျေးရွာကြားတွင် ဖြစ်ပွားခဲ့သည်၊ သေဆုံးသူများထဲတွင် အကြီးဆုံးအရာရှိမှာ အမှတ် ၂၀၇ ခြေမြန်တပ်ရင်း (ခမရ) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကို ဖြစ်သည်ဟု KNU တပ်မဟာ (၆) ဗျူဟာမှူး ဗိုလ်မှူးကြီး နယ်ဒါးထူးက ပြောသည်။

“တပ်မ ၄၄ လက်အောက်ခံတပ်ရင်း၊ ခမရ ၂၀၇ တပ်ရင်းမှူး ကျတယ်လို့ သိရပါတယ်။ အသေးစိတ်တော့ မသိရှိရသေးဘူး” ဟု ဗိုလ်မှူးကြီး နယ်ဒါးထူးက ပြောသည်။

ထိုတိုက်ပွဲတွင် KNU နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ အဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီတပ်ရင်းမှူး သေဆုံးသည်ဟု အတည်ပြုသည်။ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

ကော့ကရိတ်မြို့ ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများ၌ တော်လှန်ရေးအင်အားစုက ခြေကုပ်ယူကာ နယ်မြေစိုးမိုးထားနိုင်သည်၊ စစ်ကောင်စီတပ်ကလည်း နယ်မြေရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် စစ်ကြောင်းထိုးနေသည်ဟု ဗိုလ်မှူးကြီး နယ်ဒါးထူးက ဆိုသည်။

မွန်ပြည်နယ်အခြေစိုက် ခြေမြန်တပ်မ ၄၄ က ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကရင်ပြည်နယ်အတွင်း စစ်ဆေးရေးလုပ်နေခြင်းဖြစ်သည်။

တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇ တပ်ရင်းသည် မြဝတီမြို့နယ် လေးကေကော်၊ သုံးထပ်ကွေ့ ဝေါလေဒေသ၊ သေ့ဘောဘိုးဒေသ၊ ဥကရိထ စသည့် တိုက်ပွဲများတွင် ပါဝင်ခဲ့သည့် တပ်ရင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် လေးကေကော်ဒေသတိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး သက်နိုင်ဦး သေဆုံးခဲ့သည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် KNU နယ်မြေတွင် ထိုးစစ်ဆင်နိုင်ခြင်း မရှိဘဲ ခံစစ်ဖြင့်သာ တိုက်ခိုက်နေရသည်၊ ဤအခြေအနေတွင် KNU က နယ်စပ်ဒေသရှိ အခိုင်အမာခြေကုပ်စခန်းများကို တိုက်ခိုက် သိမ်းယူနေသည်။

စက်တင်ဘာ ၁၄ ရက်နေ့ကလည်း KNU ပူးပေါင်းတပ်များက ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရေတံလျှောက်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။

သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် KNU က ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ရေးမြို့နယ်တို့ကို တပ်မဟာ ၆ ဒူးပလာယာခရိုင်အဖြစ် သတ်မှတ်ထားသည်။

ဗြိတိန်အခြေစိုက် နိုင်ငံတကာမဟာဗျူဟာလေ့လာမှု (IISS) အဖွဲ့က ပြုစုထားသည့် စာရင်းများအရ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတို့ ပါဝင်သော နိုင်ငံ၏ အရှေ့တောင်ဘက်ဒေသများတွင် အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း ၁၆၁ ကြိမ် ဖြစ်ပွားသည်ဟု ဆိုသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ KNU ထိန်းချုပ်နယ်မြေများအတွင်း တိုက်ပွဲပေါင်း ၃၅၇၀ ဖြစ်ပွားခဲ့သည်ဟု KNU က ယခုလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီအရာရှိနှင့် တပ်သားပေါင်း ၃၈၆၅ ဦး သေဆုံးသည်၊ တော်လှန်ရေးအင်အားစုဘက်မှ ၁၁၂ ဦး သေဆုံးသည်ဟု KNU က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button